သြဂုတ် ၁၃၊ ၂၀၁၅
M-Media
– အင်္ဂလန်အသင်းအနေဖြင့် ယူရို ၂၀၁၆ တွင် အောင်မြင်မှု မရပါက နည်းပြဟဒ်ဆန်မှာ ၎င်း၏ အလုပ်ကို ဆုံးရှုံးလိမ့်မည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ အမှုဆောင်အကြီးအကဲ မာတင် ဂလဲန်းက ပြောကြားလိုက်သည်။
အသက် ၆၈ နှစ်အရွယ် ဟဒ်ဆန်မှာ ပြီးခဲ့သည့်နှစ် နွေရာသီက ဘရာဇီးလ်ကမ္ဘာဖလားတွင် အင်္ဂလန်အသင်း အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရပြီးနောက်ပိုင်း ဖိအားများဖြင့် ရင်ဆိုင်ခဲ့သည်။ သို့သော်လည်း ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ၆ ပွဲကစား ရာနှုန်းပြည့်အနိုင်ဖြင့် အုပ်စု E အား ၆ မှတ်အသာ ဦးဆောင်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်သည်။
FA ၏ အမှုဆောင်အကြီးအကဲ ဂလဲန်းကမူ အင်္ဂလန်အသင်းအနေဖြင့် လာမည့်နှစ် ပြင်သစ်တွင် ကျင်းပပြုလုပ်မည့် ယူရို ၂၀၁၆ တွင် ထပ်မံခြေချော်ခဲ့ပါက ဟဒ်ဆန်၏ အနာဂတ်မှာ သေချာမည် မဟုတ်ဟု ဆိုသည်။
“ရွိုင်(ဟဒ်ဆန်) ဟာ တော်တော့်ကိုကောင်းတဲ့ နည်းပြတစ်ယောက်ပါ။ ဒါပေမယ့် ယူရိုမှာ ဆိုးရွားခဲ့ရင်တော့ ဆက်ရှိနေဖို့ သူလည်း မျှော်လင့်မှာ မဟုတ်ပါဘူး။ သူဟာ ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်ပါ” ဟု ဂလဲန်းက ပြောကြားခဲ့သည်။
ဟဒ်ဆန်၏ လက်ရှိစာချုပ်မှာ ယူရို ၂၀၁၆ အကုန်တွင် ပြည့်မည်ဖြစ်ပြီး၊ ပြိုင်ပွဲမတိုင်မီ အသင်း၌ အခြေကျရန် ၎င်းက ဆန္ဒရှိနေသည်။ သို့သော်လည်း ပြီးခဲ့သည့် တစ်ပတ်တွင် ဂလဲန်းက မသေချာမှုမှာ ရှိနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ရွိုင်ဟာ ပရော်ဖက်ရှင်နယ်ပီသသူတစ်ဦးဖြစ်ပြီး၊ ကျွန်တော်တို့ ဘယ်လို အလုပ်လုပ်ချင်လဲဆိုတာ သူ သိပါတယ်။ ကျွန်တော့်ရဲ့ တန်ဖိုးတွေထဲကတစ်ခုက စွမ်းဆောင်မှုအတွက် ပေးဆပ်ဖို့ပါပဲ။ တကယ်လို့ ကျွန်တော်တို့ ယူရိုမှာ အခြေအနေကောင်းရင် ဒါက သူ့ကို ကောင်းကောင်း ဆက်ရှိစေမှာပါ”
Ref: Goal


Leave a Reply
You must be logged in to post a comment.