သြဂုတ် ၁၃၊ ၂၀၁၅
M-Media
– Nestle မှ ထုတ်လုပ်သော မက်ဂီခေါက်ဆွဲခြောက်တွင် ခဲဓာတ်မှာ အန္တရာယ်ရှိသည့်အဆင့်အထိ ပါဝင်နေမှုအတွက် အဆိုပါ ခေါက်ဆွဲခြောက်များအား အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး အဖွဲ့က ပိတ်ပင်ခဲ့ပြီးနောက် ထိုကိစ္စအတွက် နစ်နာကြေး ကန်ဒေါ်လာ သန်း ၁၀၀ နီးပါးရရှိရန် အိန္ဒိယအစိုးရက Nestle အား တရားစွဲဆိုလိုက်သည်ဟု သိရသည်။
တရားစွဲဆိုမှုကို နိုင်ငံ၏ ထိပ်တန်းစားသုံးသူ တရားရုံးဖြစ်သော NCDRC သို့ တင်သွင်းခဲ့သည်ဟု အိန္ဒိယအစိုးရက ယမန်နေ့တွင် ပြောကြားခဲ့ပြီး ဆွစ်ဇာလန် အခြေစိုက် Nestle ကုမ္ပဏီမှ နစ်နာကြေး ရူပီး သန်း ၆၄၀၀ (ကန်ဒေါ်လာ ၉၈.၆ သန်း) ရယူရန်အတွက်ဖြစ်သည်ဟု ဆိုသည်။
“သူတို့ရဲ့ မျှတမှုမရှိတဲ့ ကုန်သွယ်ရေးကျင့်သုံးမှုတွေကို ကျွန်တော်တို့က တိုင်ကြားတာဖြစ်ပြီး သူတို့ရဲ့ တုံ့ပြန်မှုကိုကြားရဖို့ တရားရုံးက နို့တစ်စာ ထုတ်ပြန်ပါလိမ့်မယ်” ဟု စားသုံးသူရေးရာ ၀န်ကြီးဌာနမှ အတွင်းရေးမှူးဖြစ်သူ ဂျီ ဂါချာရန်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
အစိုးရ၏အမိန့်ကြောင့် ပြီးခဲ့သည့်ဧပြီလတွင် ဓာတ်ခွဲခန်းစမ်းသပ်မှုများ ပြုလုပ်ခဲ့ရာတွင် Nestle ၏ မက်ဂီခေါက်ဆွဲခြောက်များတွင် တရားဝင်ခွင့်ပြုထားသည့် ပမာဏထက် ခဲဓာတ်ပိုမြင့်မားနေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် ခေါက်ဆွဲထုတ်လုပ်သည့် ပစ္စည်းများစာရင်းတွင် ဖော်ပြထားခြင်းမရှိသည့် ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သော မိုနိုဆိုဒီယမ် ဂလူတမိတ်လည်း ပါဝင်ကြောင်းကို အဆိုပါစမ်းသပ်မှုတွင် တွေ့ရှိခဲ့သည်။
Nestle India ၏ ပြောရေးဆိုခွင့်ရှိသူ ဟီမန်ရှူ မန်ဂလစ်ကမူ မိမိတို့ကုမ္ပဏီမှာ NCDRC မှ တိုင်ကြားမှုနှင့်ပတ်သက်၍ တရားဝင်နို့တစ်စာကို မရသေးကြောင်း ပြောကြားခဲ့သည်။ NCDRC တွင် ကုမ္ပဏီများကို ဒဏ်ကြေးချမှတ်နိုင်သည့် အခွင့်အာဏာ ရှိနေသည်။
“တရားဝင်စာရွက်စာတမ်းတွေရရင်တော့ ကျွန်တော်တို့ဟာ တုံ့ပြန်မှု အသေအချာ ပြုလုပ်သွားမှာပါ” ဟု မန်ဂလက်က ပြောကြားခဲ့သည်။
သို့သော်လည်း မိမိတို့ကုမ္ပဏီမှာ အိန္ဒိယ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး အာဏာပိုင်အဖွဲ့၏ ဆုံးဖြတ်ချက်အတွက် အသနားခံစာတစ်စောင်ကို ရေးသားကာ မွမ်ဘိုင်း တရားရုံးချုပ်သို့ တင်သွင်းထားကြောင်း၊ မကြာမီ ဆုံးဖြတ်ချက်ရရှိမည်ဟု မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
၂ မိနစ်အတွင်း ပြုတ်၍ စားသုံးနိုင်သည့် Nestle ၏ မက်ဂီခေါက်ဆွဲခြောက်မှာ အိန္ဒိယတွင် လူကြိုက်များသည့် အစားအသောက်ဖြစ်ပြီး နှစ်စဉ် ကန်ဒေါ်လာ သန်း ၂၄၀ ဖိုး ရောင်းချနေရသည်။ ထိုမက်ဂီခေါက်ဆွဲခြောက်များ ရောင်းချခွင့်ကို အစိုးရက ပိတ်ပင်ခဲ့ပြီးနောက် ကန်ဒေါ်လာ သန်း ၅၀ ဖိုးရှိ ခေါက်ဆွဲခြောက်များကို ဖျက်ဆီးပစ်မည်ဟု Nestle စောစောပိုင်းတွင် ကြေညာထားသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.