သြဂုတ် ၁၃၊၂၀၁၅
M-Media
– နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်၏ ပေါ်လစီများနှင့် ပတ်သက်၍ မကျေမနပ်မှုကို ပြသသည့် မြောက်ကိုရီးယား ဒုတိယ၀န်ကြီးချုပ်ကို ယခုနှစ်အတွင်း လက်ဖြောင့်တပ်ဖွဲ့ဖြင့် ကွပ်မျက်ခဲ့သည်ဟု တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။
အမည်မဖော်ပြသည့် ရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ကွပ်မျက်ခံရသူမှာ အသက် ၆၃ နှစ်အရ်ွရှိ ချို ယုံဂွန်ဖြစ်ပြီး တောင်-မြောက်ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သည်ဟု ဆိုသည်။ ထိုသို့ကွပ်မျက်မှုမှာ ကင်ဂျုံအန် အာဏာရခဲ့သည့် ၂၀၁၁ ခုနှစ်နှောင်းပိုင်းကတည်းက အဆင့်မြင့် အရာရှိများ ကွပ်မျက်မှုများစာရင်းတွင် နောက်ထပ်တစ်ဦး တိုးသွားခဲ့ခြင်းလည်း ဖြစ်သည်။
ချိုမှာ ကင်၏ သစ်တောရေးရာပေါ်လစီများကို ပြီးခဲ့သည့် မေလက သဘောမတူကြောင်း ပြသခဲ့ပြီး အနည်းငယ်သာ လုပ်ဆောင်ခဲ့သည်ဟု အဆိုပါ ရင်းမြစ်က ဆိုပြီး အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိဟု Yonhap က ဆိုသည်။
မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ကိုင်တွယ်နေသော တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ၎င်းတို့မှာ ချိုအား လူမြင်ကွင်းတွင် မတွေ့ရတော့သည်မှာ ၈ လခန့်ရှိနေပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု Reuters သို့ပေးပို့သော မက်ဆေ့ခ်ျတွင် ရေးသားဖော်ပြထားသည်။
တောင်ကိုရီးယား တောက်လှမ်းရေးဌာနကမူ ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ မြောက်ကိုရီးယားမှာ ၎င်းတို့၏ ကာကွယ်ရေးဝန်ကြီးကို လေယာဉ်ပစ်သေနတ်ဖြင့် ကွပ်မျက်ခဲ့သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးက ပြီးခဲ့သည့်မေလအတွင်း လွှတ်တော်၌ ပြောကြားခဲ့ဖူးသည်။
ချိုမှာ ပြီးခဲ့သည့်နှစ်ကမှ ဒုတိယ၀န်ကြီးချုပ်နေရာတွင် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ မြောက်ကိုရီးယားမှာ ပြီးခဲ့သည့် စက်တင်ဘာလကလည်း အလုပ်သမားပါတီ၏ အကြီးတန်း အရာရှိတစ်ဦးကို အများပြည်သူများ ရှေ့မှောက်တွင် ကွပ်မျက်ခဲ့သည်ဟု အဆိုပါရင်းမြစ်က ထည့်သွင်းပြောကြားခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြထားသည်။
Ref: Reuters
Leave a Reply
You must be logged in to post a comment.