News @ M-Media

တရုတ်ရှိ ဓာတုပစ္စည်းများ ပေါက်ကွဲသည့်နေရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် စိုးရိမ်မှု မြင့်တက်လာ

သြဂုတ် ၁၆၊ ၂၀၁၅
M-Media

china

– တရုတ်နိုင်ငံ တီယန်ဂျင်းမြို့တွင် ဓာတုပစ္စည်းများထားရှိရာ သိုလှောင်ရုံ၌ ပေါက်ကွဲမှုများ ယမန်နေ့တွင် ထပ်မံဖြစ်ပေါ်လာခဲ့ပြီးနောက် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ပြန့်နှံ့မှုအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ဒေသခံများအား အရွှေ့ပြောင်းကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုကြီး ၂ ခု ဖြစ်ပွားခဲ့သော အဆိုပါ သိုလှောင်ရုံတစ်ဝိုက်တွင် ယမန်နေ့က ပေါက်ကွဲမှု ၈ ခုခန့် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိပ်အတောက်ဖြစ်စေသော ဆိုဒီယမ် ဆိုင်ယန်နိုက် ဓာတုပစ္စည်းများကို အများအပြားတွေ့ခဲ့ရပြီးနောက် လက်နက်ကိုင်ရဲများက အခင်းဖြစ်ပွားရာနေရာမှ အချင်းဝက် ၃ ကီလိုမီတာအကွာအဝေးရှိ ဒေသခံများကို ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုအတွင်း သေဆုံးသူများမှာ ၁၀၄ ဦးအထိ ရှိလာခဲ့ပြီး ၇၀၀ ကျော်မှာ ဆေးရုံ၌ ဆေးကုသမှုများ ခံနေရကာ ၂၅ ဦးမှာ စိုးရိမ်ရသည့်အနေအထားတွင်ရှိနေသည်။ ၃၃ ဦးမှာမူ အလွန်ဆိုးရွားသည့် အခြေအနေတွင် ရှိနေသည်ဟု တာဝန်ရှိသူများက ယမန်နေ့တွင် ကြေငြာခဲ့သည်။

အဆိပ်အတောက်ဖြစ်စေသော ဓာတ်ငွေ့များ ရှိ၊ မရှိ စစ်ဆေးရန်အတွက် ဓာတုဗေဒ ကျွမ်းကျင်သူများအဖွဲ့မှာလည်း ရောက်ရှိနေပြီဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းတို့အား အခင်းဖြစ်ရာနေရာတွင် ပစ်ထားမှုအတွက် ဒေသခံများက ရှင်းလင်းပွဲပြုလုပ်ရာ အဆောက်အဦးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ ထိုကိစ္စကို ကိုင်တွယ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် တရုတ်အစိုးရမှာ ဝေဖန်ခံနေရသည်။

Ref: Aljazeera

Comments

Leave a Reply