စက်တင်ဘာ ၂၈၊ ၂၀၁၅
M-Media
– ကမ္ဘာတစ်ဝှမ်းရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ လေကြောင်းဆက်သွယ်ရေးစနစ်များ၊ လုပ်ငန်းလည်ပတ်မှုပိုင်းဆိုင်ရာ ဖြေရှင်းပေးမှုများနှင့် မီဒီယာစနစ်များ ၀န်ဆောင်မှုပေးနေသည့် Global Eagle Entertainment Inc (GEE) ကုမ္ပဏီမှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA နှင့် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
ထိုသဘောတူညီချက်အရ MNA မှ လေယာဉ်ပျံသန်းနေစဉ် ပေးအပ်သွားမည့် ဖျော်ဖြေရေး ၀န်ဆောင်မှုများတွင် GEE ၏ ဗီဒီယိုများ၊ သီချင်းများ၊ ဂိမ်းများ ပါဝင်လာမည်ဖြစ်ပြီး၊ ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေး သရုပ်ပြမှု ဗီဒီယိုများလည်း ပါဝင်မည်ဖြစ်သည်။
GEE မီဒီယာဌာနမှ ဒုတိယဥက္ကဌဖြစ်သူ အမီရ် ဆမ်နာနီက MNA မှ လေယာဉ်များအား ၀န်ဆောင်မှုပေးနိုင်ခြင်းကြောင့် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။ GEE မှ ဖျော်ဖြေရေး ၀န်ဆောင်မှုများမှာ MNA မှ ထပ်တိုးပြေးဆွဲသည့် ပြည်တွင်းခရီးစဉ် ၂၆ ခုတွင်လည်း ပါဝင်မည်ဖြစ်သည်။
“မြန်မာအမျိုးသားလေကြောင်းလိုင်းက ဒေါ်လာသန်းနဲ့ချီတဲ့ အားသစ်လောင်းမှုတွေ ပြုလုပ်နေပါတယ်။ ခရီးသွားတွေကို ကမ္ဘာ့အဆင့် ဖျော်ဖြေမှုတွေပေးဖို့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုမှာ GEE ဟာ အဓိကကျတဲ့နေရာက ပါဝင်ပါလိမ့်မယ်” ဟု MNA မှ အမှုဆောင်အကြီးအကဲဖြစ်သူ ကပ္ပတိန် ဦးသန်းထွန်းက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင် အခြေစိုက်သည့် GEE ကုမ္ပဏီမှာ ကမ္ဘာ့တစ်ဝှမ်းမှ လေကြောင်းလိုင်းပေါင်း ၁၄၀ ကျော်ကို ၀န်ဆော်မှုများ ပေးလျက်ရှိနေသည်။
Ref: marketwatch

Leave a Reply
You must be logged in to post a comment.