အောက်တိုဘာ ၃၊ ၂၀၁၅
M-Media

– ဒေသတွင်း ဓလေ့ထုံးတမ်းအဖြစ် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကျေးရွာတစ်ခုတွင် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ခေါင်းဖြတ်၍ နတ်ဘုရားအား ပူဇော်ခဲ့သည်ဟု သိရသည်။
အန်ဒရာပရာဒက်ရှ်ပြည်နယ်မှ ဝေးလံခေါင်ဖျားသည့် ပရာကာဆမ်ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မနူဆာဂါဆိုသည့် အဆိုပါသားငယ်လေးမှာ နေ့ကလေးထိန်းကျောင်းမှ အိမ်သို့ပြန်အလာအတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြန်ပေးဆွဲခဲ့သည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။
Times of India တွင် ဖော်ပြထားမှုအရ ထိုအမျိုးသား၏ အမည်မှာ တီရူမာလာ ရာအိုဆိုသူဖြစ်ပြီး ဘုရားကဲ့သို့ စွမ်းအားများရရန် ဟိန္ဒူဘုရားမ ကာလီအား ရိုးရာပူဇော်ပသမှုအဖြစ် ကလေးငယ်ကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ခြင်းဟု သိရသည်။
ရာအိုကို ကလေးငယ်၏ အလောင်းနှင့်အတူ ဖမ်းမိခဲ့ပြီး ရဲတပ်ဖွဲ့က ရာအိုမှာ ကလေးငယ်ကို လည်ပင်းညှစ်ခဲ့ပြီးနောက် ခေါင်းဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရပြီး အခင်းဖြစ်ပွားရာနေရာတွင်လည်း ကြိုးတစ်ချောင်းကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
ရွာသားများမှာ ရာအိုအား ၎င်းတို့ကိုယ်တိုင် စီရင်ရန် ကြိုးစားခဲ့ပြီး တိုင်တစ်ခု၌ချီကာ ရေနံဆီလောင်း၍ မီးရှို့ခဲ့ကြသည်။ သို့သော်လည်း ရွာမှ အကြီးအကဲများက လူအုပ်ကြီးလက်မှ ကယ်ထုတ်ကာ ရဲတပ်ဖွဲ့လက်သို့ အပ်ခဲ့သည်။ ရာအိုမှာ မီးလောင်ဒဏ်ရ ၄၀ ရာခိုင်နှုန်းဖြင့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။
ဒေသခံရဲတပ်ဖွဲကအကြီးအကဲ ဆရီကန့်သ်က “ပရာကာဆမ် ခရိုက်မှာ ဒါမျိုးဖြစ်တာ ပထမဆုံးပါပဲ။ သူ နေပြန်ကောင်းလာရင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဆန်းစစ်ပြီး စစ်ကြောမေးမြန်းမှုကို ခံရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရာအိုမှာ ထိုကဲ့သို့ ရိုးရာပူဇော်မှုများကို ဆောင်ရွက်သည့် လူများနှင့် အဆက်အသွယ်ရှိသည့် သမိုင်းကြောင်းလည်း ရှိပြီး ယခင်ကလည်း မိန်းကလေးငယ်တစ်ဦးအား မအောင်မြင်သော ပြန်ပေးဆွဲမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Independent
Leave a Reply
You must be logged in to post a comment.