နိုဝင်ဘာ ၁၇၊ ၂၀၁၅
M-Media
– အိုင်ယာလန်အသင်း ယူရိုခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမှာ နည်းပြ အိုနေးလ်နှင့် လက်ထောက်နည်းပြ ရွိုင်ကိန်းတို့ကြောင့် ဖြစ်သည်ဟု တိုစစ်မှူး ဂျိုနသန် ဝေါလ်တာက ပြောကြားလိုက်သည်။
ယနေ့မနက်က ကစားခဲ့သည့် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်တွင် အိုင်ယာလန်မှာ ဝေါလ်တာ၏ သွင်းဂိုး နှစ်ဂိုးကြောင့် ဘော့စနီးယားအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးဖြင့် ယူရိုနောက်ဆုံးအဆင့်သို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ အိုင်ယာလန်မှာ ယူရို ၂၀၁၂ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှပင် ထွက်ခဲ့ရသည်။
“အသင်းမှာရှိတဲ့ ကစားသမားအားလုံးဟာ သူရဲကောင်းတွေပါပဲ။ လူတိုင်းအတွက် ဒါဟာ မယုံနိုင်စရာပါ။ ကျွန်တော်တို့ တော်တော်လေးကို ကြိုးစားအားထုတ်ခဲ့ရပြီး ဒီအဆင့်ကို ရောက်ရှိခဲ့တာပါ။ ဒီလိုအချိန်မျိုးတွေက တော်ရုံနဲ့ မလာနိုင်တာကြောင့် ကျွန်တော်ကတော့ ဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ ခြေစစ်ပွဲတစ်လျှောက်လုံးမှာ သူတို့ (အိုနေးလ်နဲ့ ကိန်း)တို့ဟာ တော်တော်လေး ကောင်းခဲ့ပါတယ်။ ရှည်လျားပြီး ခက်ခဲတဲ့ ၂ နှစ်ဖြစ်ပေမယ့် နောက်ဆုံးတော့ ကျွန်တော်တို့ အရောက်လှမ်းနိုင်ခဲ့ပါတယ်” ဟု ဝေါလ်တာက ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.