နိုဝင်ဘာ ၁၇၊ ၂၀၁၅
M-Media
– မြန်မာအစိုးရတပ်များမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား တိုက်ခိုက်မှုများ ပြုလုပ်နေကာ ထောင်နှင့်ချီသော ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။
ကေအိုင်အိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လာနန်းကမူ တိုက်ခိုက်မှုများမှာ စနေနေ့ကတတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် မိုးညှင်းမြို့ အပြင်ဘက်တွင် စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
“နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကျွန်တော်တို့ရဲ့ စခန်းငယ်လေးတွေကို သူတို့က စတင်သိမ်းပိုက်ခဲ့ပြီး တိုက်ခိုက်မှုက ယမန်နေ့ (တနင်္ဂနွေနေ့) မှာ အရှိန်မြင့်လာခဲ့ပါတယ်။ ဒီနေ့မှာတော့ လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ကြီးမားတဲ့ ထိုးစစ်ဆင်မှု ပြုလုပ်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆက်သွယ်တာမျိုးတွေ၊ ဆွေးနွေးတာမျိုးတွေ မရှိသေးပါဘူး” ဟု လာနန်းက ပြောကြားခဲ့သည်။
မျက်မြင်သက်သေများကလည်း အစိုးရတပ်မှာ မိုးညှင်းမြို့အနီးတွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိသည်ဟု ပြောကြားခဲ့သည်။
ယခုအချိန်ထိ ထိခိုက်ဒဏ်ရာရမှုစာရင်းများကို မသိရှိရသေးပေ။ ကေအိုင်အိုအဖွဲ့မှာ အောက်တိုဘာ ၁၅ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် ပြုလုပ်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။
ရှမ်းပြည်နယ်အလယ်ပိုင်းရှိ ရှမ်းပြည်တပ်မတော်ကိုလည်း အစိုးရက တနင်္လာနေ့မှစ၍ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ရှမ်းပြည်တပ်မတော်၏ ဗိုလ်မှူး ဆိုင်းလကမူ ထိုတိုက်ခိုက်မှုမှာ မကြာသေးမီကာလအတွင်း “အပြင်းထန်ဆုံး တိုက်ခိုက်မှု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဗုံးကြဲမှု၊ သေနတ်နဲ့ပစ်ခတ်မှုတွေနဲ့အတူ ရဟတ်ယာဉ် ၆ စင်းနဲ့ တိုက်လေယာဉ် ၃ စင်းကို အသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်”
ရှမ်းပြည်တပ်မတော်မှာလည်း အပစ်ရပ်ရေးတွင် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။ ရှမ်းလူအခွင့်အရေးဖောင်ဒေးရှင်းကမူ ထိုတိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသော ပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ပြောကြားခဲ့သည်။
“နောက်ဆုံးဖြစ်တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၂၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ထွက်ပြေးရသူ စုစုပေါင်း ၈၀၀၀၊ ၉၀၀၀ လောက် ရှိလာပါပြီ” ဟု ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ယင်းဟန်ဖက ပြောကြားခဲ့သည်။
Ref :VOA


Leave a Reply
You must be logged in to post a comment.