ဒီဇင်ဘာ ၁၁၊ ၂၀၁၅
M-Media
– တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များမှာ မြောက်ကိုရီးယားရှိ ကေဆွန်စက်မှူဇုန်၌ ယနေ့မနက်တွင် တွေ့ဆုံခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများ လျော့ချရေး၊ မူအရ စစ်ဖြစ်ပွားဆဲအခြေအနေတွင် ရှိနေသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရေးအတွက် ဆွေးနွေးရန် ရည်ရွယ်ခဲ့သည်ဟု သိရသည်။
အဆိုပါတွေ့ဆုံမှုမှာ နှစ်နိုင်ငံနယ်ခြားရှိ စစ်ကင်းမဲ့ဇုန်တွင် သြဂုတ်လက မြေမြှုပ်မိုင်းများ ပေါက်ကွဲခဲ့ပြီး တင်းမာမှု မြင့်တက်လာပြီးနောက်ပိုင်း ဆောင်ရွက်သည့် ခြေလှမ်းများထဲမှ တစ်ခုလည်းဖြစ်သည်။
“တန့်နေတဲ့ ပြဿနာတွေကို ညှိနှိုင်းမှုတွေကနေတစ်ဆင့် ချောချောမွေ့မွေ့ ဆွေးနွေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည့် ပြန်လည်ပေါင်းစည်းရေး ဒုတိယ၀န်ကြီး ဟောင်ဘူဂီက ပြောကြားခဲ့သည်။ မြောက်ကိုရီးယား ဆွေးနွေးညှိနှိုင်းရေး အကြီးအကဲ ဂျွန်ဂျွန်ဆုကလည်း အေးစက်နေသည့် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးကို နွေးထွေးလာရေး နှစ်ဖက် အားထုတ်မှုများပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
ယခုတွေ့ဆုံပွဲတွင် သီးသန့်သတ်မှတ်ထားသည့် အစီအစဉ်များ မရှိဘဲ နှစ်နိုင်ငံ မိသားစုများ ပြန်လည်ပေါင်းစည်းရေး ပိုမိုလုပ်ဆောင်သွားရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်မည်ဟုသာ မျှော်လင့်ရသည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.