ဒီဇင်ဘာ ၁၉၊ ၂၀၁၅
M-Media
– ဆီးရီးယားပြည်တွင်းစစ် ရပ်တန့်ရေးအတွက် ရည်ရွယ်သည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယနေ့တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်တွင် ဇန်န၀ါရီလ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ အပစ်ရပ်ရေးတို့ ဆောင်ရွက်ရန် ပါဝင်သည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများက ယမန်နေ့တွင် ဆီးရီးယားအရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကုလ၏ ယခုဆောင်ရွက်ချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့သော်လည်း မူကြမ်းနှင့်ပတ်သက်၍ အချိန်အတော်အကြာ ဆွေးနွေးငြင်းခုံခဲ့ရပြီး ရုရှားက ကန့်ကွက်မှုအများအပြား ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ အဆိုပါဆုံးဖြတ်ချက်မှာ လာမည့်နှစ် ပထမ ၆ လအတွင်း အသွင်ပြောင်းအစိုးရဖွဲ့စည်းရန်နှင့် ၁၈ လအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက်တွင် IS အဖွဲ့နှင့် အလ်-နူဆရာတပ်ဦးတို့ကို ထည့်သွင်းမည်မဟုတ်ဟု ဆိုသည်။
အဆိုပါ ဆုံးဖြတ်ချက်တွင် ဆီးရီးယားသမ္မတအာဆတ်၏ ကံကြမ္မာနှင့် ဆွေးနွေးပွဲတွင် မည်သည့်အတိုက်အခံအဖွဲ့များ ပါဝင်မည်ဆိုသည်ကို ဖော်ပြထားခြင်းမရှိချေ။ ၎င်းတို့ နှစ်ဖက်စလုံးမှာ သဘောတူညီချက် ရရှိရန်အတွက် အဓိက အတားအဆီးများ ဖြစ်ကြသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.