ဇန်န၀ါရီ ၁၊ ၂၀၁၅
M-Media
– ကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိကာ ရှေးဟောင်းအမွေအနှစ်များကို ပြသမည့် ရေအောက်ပြတိုက်တစ်ခုကို အီဂျစ်နိုင်ငံက အလက်ဇန်းဒရီးယားတွင် မကြာသေးမီက စတင်ဆောက်လုပ်နေသည်ဟု သိရသည်။
အဆိုပါပြတိုက် ဆောက်လုပ်ရေးအစီအစဉ်ကို ၂၀၀၈ ခုနှစ်က ရှေဟောင်းအမွေအနှစ်ဆိုင်ရာ ကောင်စီမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဇာဟီ ဟာဝက်စ်က စတင် တင်ပြခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ယူနက်စကိုက ဖြစ်နိုင်ချေနှင့် ပတ်သက်၍ မြေပြင်လေ့လာမှုကို ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ သို့သော်လည်း အာရပ်နွေဦးတော်လှန်ရေးနှင့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့တွင် အီဂျစ်နိုင်ငံအတွင်း မတည်မငြိမ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ထိုအစီအစဉ်မှာ နှောင့်နှေးခဲ့ရသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာတွင်မူ အီဂျစ်အာဏာပိုင်များနှင့် ယူနက်စကိုတို့ ထိုကိစ္စအတွက် ဆွေးနွေးမှု ပြန်လည်ပြု လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် အီဂျစ် ရှေးဟောင်းဆိုင်ရာ ၀န်ကြီး မမ်ဒူ အလ်-ဒါမာတီက အီဂျစ်အစိုးရမှာ အဆိုပါ ရေအောက်ပြတိုက်အစီအစဉ်ကို ပြန်လည်စတင်ရန် စီစဉ်နေပြီဟု ကြေငြာခဲ့သည်။
မြေထဲပင်လယ်မှ မြို့တစ်မြို့ဖြစ်သော အလက်ဇန်းဒရီးယား၏ အဖိုးမဖြတ်နိုင်သည့် ရေအောက်ရတနာများနှင့် ရုပ်ကြွင်းများကြောင့် ကျွမ်းကျင်ပညာရှင်နှင့် ရှေးဟောင်းသုတေသီများ ပါဝင်သော အဖွဲ့မှာ ထိုနေရာကို ရေအောက် ပြတိုက်ဆောက်လုပ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အလက်ဇန်းဒါး သယ် ဂရိတ် (Alexander the Great) က ဘီစီ ၃၃၁ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အဆိုပါ အလက်ဇန်းဒရီးယားမြို့မှာ ကလီယိုပက်ထရာ၏ တော်ဝင်နန်းတော်နှင့် အလက်ဇန်းဒရီးယား မီးပြတိုက်တို့ကဲ့သို့ နစ်မြုပ်နေသော ရှေးဟောင်း အဆောက်အအုံများကို ပိုင်ဆိုင်ထားသည့်မြို့လည်းဖြစ်သည်။ အလက်ဇန်းဒရီးယား မီးပြတိုက်မှာ ကမ္ဘာ့အံ့ဖွယ် ၇ ပါးတွင် ပါဝင်သည့် အဆောက်အဦးဖြစ်သည်။
”အဲဒီပြတိုက်ဟာ အာရပ်ဒေသကို ပြန်လည်ဖော်ဆောင်ပေးပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလိုပြတိုက်မျိုးဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်လို့ပါပဲ။ ဒါဟာ ခရီးသွားလုပ်ငန်းကိုလည်း ပြန်လည်ရှင်သန်စေမှာဖြစ်ပြီး၊ ကာလရှည်ကျဆင်းနေတဲ့ အီဂျစ်ရဲ့ စီးပွားရေးကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်” ဟု အီဂျစ်နိုင်ငံ အောက်ဘက်ပိုင်း ရှေးဟောင်းအမွေအနှစ်များဆိုင်ရာ ကြီးကြပ်မှုအဖွဲ့မှ ဥက္ကဌဖြစ်သူ ယူဆက်ဖ် ခါလီဖာက ပြောကြားခဲ့သည်။
အဆိုပါ ရေအောက်ပြတိုက်ကို ပြင်သစ် ဗိသုကာပညာရှင် ဂျက်ကွီ ရိုဂီရီက ဒီဇိုင်းဆွဲပေးမည်ဖြစ်ပြီး ၂၂၀၀၀ စကွဲယားမီတာ အကျယ်တွင် ဆောက်လုပ်မည့် အဆိုပါပြတိုက်တွင် ရှည်လျားသော အဆောက်အဦး ၄ ခုပါဝင်မည်ဟု ခါလီဖာက ထည့်သွင်းပြောကြားခဲ့သည်။ ထိုပြတိုက်မှာ တစ်နှစ်လျှင် ခရီးသွားပြည်သူ ၃ သန်း လာရောက်ကြည့်မှုနိုင်မည်ဖြစ်သည်။
Ref: IINA
Leave a Reply
You must be logged in to post a comment.