News @ M-Media

အိန္ဒိယလေတပ်စခန်းကို လက်နက်ကိုင်အုပ်စုက ၀င်ရောက်တိုက်ခိုက်

ဇန်န၀ါရီ ၂၊ ၂၀၁၆
M-Media

india

– ပါကစ္စတန်နယ်စပ်အနီးရှိ အိန္ဒိယလေတပ်စခန်းတွင် ယနေ့ မနက်ပိုင်းက လက်နက်ကိုင် လူအုပ်စု၏ ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

နိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် လက်နက်ကိုင် ၄ ဦးနှင့် အိန္ဒိယစစ်သား ၃ ဦးတို့ ပါဝင်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ တိုက်ခိုက်သူများမှာ ရဲကားအား ခိုးယူလာခဲ့ပြီးနောက် အစောင့်အကြပ်ထူထပ်သည့် ပသန်ကော့ လေတပ်စခန်းအတွင်းသို့ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ တိုက်ခိုက်ပုံများကို ကြည့်ရှုပါက ပါကစ္စတန်တွင် လေ့ကျင့်ထားသည့် တိုက်ခိုက်ရေးသမားများဟု ယူဆရကြောင်း ပန်ဂျပ်ရဲတပ်ဖွဲ့အကြီးအကဲ ဆူရက်ရှ် အေရိုရာက ပြောကြားခဲ့သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။

တိုက်ခိုက်ရေးသမားများမှာ စစ်သားများနေထိုင်ရာ တန်းလျားသို့ ၀င်ရောက်နိုင်ခဲ့သော်လည်း ရဟတ်ယာဉ်များနှင့် အခြားသော လက်နက်ကိရိယာများ ထားရှိရာ နေရာများသို့ ၀င်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

Ref: Aljazeera

Comments

Leave a Reply