News @ M-Media

နှစ်သစ်တွင် ဂရိကမ်းခြေ၌ ၂ နှစ်သားအရွယ် ဒုက္ခသည်ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

ဇန်န၀ါရီ ၄၊ ၂၀၁၆

M-Media

syria
– ဒုက္ခသည်များကို အမြောက်အများတင်ဆောင်လာသော လှေတစ်စီးမှာ ဇန်န၀ါရီ ၂ ရက်နေ့က ဂရိနိုင်ငံ အဂ္ဂါသိုနီစီကျွန်းနှင့် မလှမ်းမကမ်းရှိ ကျောက်ဆောင်များနှင့်တိုက်မိကာ နစ်မြုပ်မှုအတွင်း အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး နှစ်သစ်တွင် ဒုက္ခသည်ပြဿနာ၏ ပထမဆုံး သေဆုံးသူလည်း ဖြစ်ခဲ့သည်။

ဒေသခံ ငါးဖမ်းသမားများမှ သတင်းပေးမှုကြောင့် လှေ၏အပြင်ဘက်သို့ ပြုတ်ကျခဲ့သည့် အမျိုးသမီးတစ်ယောက်အပါအ၀င် ကျန်တဲ့ ခရီးသည် ၃၉ ယောက်ကိုမူ အချိန်မီ ကယ်ဆယ်နိုင်ခဲ့သည်။ ၎င်းတို့အထဲမှ ၁၀ ဦးမှာ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။

ရာဘာဖြင့်ပြုလုပ်ထားသော အဆိုပါ ဒုက္ခသည်လှေမှာ မနက်စောစောပိုင်း လေပြင်းများ တိုက်ခတ်နေသည့်အချိန်တွင် တူရကီနိုင်ငံမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူများအတွက် စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးဌာန (MOAS) မှာ ဟယ်လင်နစ် ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ ခရီးသည်များကို အသက်ကယ်အမြန်လှေဖြင့် ဘေးကင်းရာသို့ ကယ်ဆယ်နိုင်ခဲ့သည်။

ကလေးငယ်၏ အလောင်းကို ငါးဖမ်းသမားများက ရေထဲမှသယ်ယူလာခဲ့သည်ဟု ကမ်းခြေစောင့်အဖွဲ့၏ ပြောကြားချက်အရသိရသည်။ ကလေး၏ မိခင်အပါအ၀င် အခြားရွှေ့ပြောင်းလာသူများကို မိုင် ၃၀ ကွာဝေးသော အနီးဆုံးကျွန်းတစ်ခုဖြစ်သည့် ဆာမိုကျွန်းရှိ ပိုက်သာဂိုရီယိုဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ကြသည်။

အဆိုပါ ဒုက္ခသည်များမှာ မည်သည့်နိုင်ငံမှ ဖြစ်သည်ဆိုသည်ကို အတိအကျ သိရှိရခြင်းမရှိပေ။

ပင်လယ်ပြင်တွင် အလွန်အေးစက်က လှိုင်းဒဏ်လေဒဏ် ရှိနေသော်လည်း ရွှေ့ပြောင်းသူများနှင့် ဒုက္ခသည် အမြောက်အများမှာ တူရကီနိုင်ငံမှနေ၍ ဂရိနိုင်ငံသို့ရောက်ရှိရန်အတွက် အေဂျီယန်ပင်လယ်ပြင်တစ်ခွင်တွင် အန္တရာယ်များအကြား ရွက်လွှင့်သွားလာနေဆဲဖြစ်သည်။

ဒုက္ခသည်အများစုမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံတို့တွင် အကြမ်းဖက်မှုနှင့် စစ်ဘေးရှောင်လာကြသူများ ဖြစ်ကြသည်။ ဤသို့ရွှေ့ပြောင်းထွက်ခွာရန် ကြိုးပမ်းကြရာမှ လူ ၃၆၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့်နှစ်က သုံးနှစ်သားအရွယ်ရှိ ဆီးရီးယားနိုင်ငံသားကလေးငယ် အလန် ကုရ်ဒီ၏ တူရကီကမ်းခြေတွင် ရေနစ်သေဆုံးနေသော ခန္ဓာကိုယ်အလောင်းဓာတ်ပုံသည် ဒုက္ခသည်များပြဿနာများ၏ ကြေကွဲဖွယ်ရာ နိမိတ်ပုံတစ်ခု ဖြစ်လာခဲ့သည်။

Ref: AFP

Comments

Leave a Reply