News @ M-Media

တရုတ်တက္ကသိုလ်တစ်ခု၏ ၀ဘ်ဆိုက်ကို IS ဟက်ကာက ဖောက်ထွင်းဝင်ရောက်

ဇန်န၀ါရီ ၁၉၊ ၂၀၁၆
M-Media

china IS

– IS စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးလို့ယူဆရတဲ့ ဟက်ကာတစ်ဦးဟာ တရုတ်ထိပ်တန်းတက္ကသိုလ်တွေထဲက တစ်ခုရဲ့ ၀ဘ်ဆိုက်ကို ဖောက်ထွင်းဝင်ရောက်ပြီး မျက်နှာဖုံးစွပ် လက်နက်ကိုင်ဆောင်ထားတဲ့ စစ်သွေးကြွတွေရဲ့ ဓာတ်ပုံတွေကို လွှင့်တင်ခဲ့တယ်လို့ သိရပါတယ်။

ဝဘ်ဆိုက်ဖောက်ထွင်းခံရတဲ့ တက္ကသိုလ်ဟာ Tsinghua တက္ကသိုလ်ဖြစ်ပြီး ဖောက်ဝင်ခဲ့သူဟာ အဝေးသင် သင်ရိုးညွှန်းတမ်းစာမျက်နှာမှာ ပရိုဂရမ်အသစ်ထပ်ရေးကာ အာရဗီစာသားတွေကို ဂီတသံစဉ်နဲ့အတူ လွှင့်တင်ခဲ့တယ်လို့ ပေကျင်းတက္ကသိုလ် ကျောင်းသားသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ဖောက်ထွင်းဝင်ရောက်သူကတော့ သူ့ကိုယ်သူ IS ဟက်ကာ လို့ ကြွေးကြော်ခဲ့ပါတယ်။

တရုတ်ပြည်မဟာ အွန်လိုင်းအသုံးပြုမှုကို အလွန်တင်းကြပ်ထားတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ထိလွယ်ရှလွယ်သောအချက်အလက်တွေကို ချက်ချင်းဖျက်ပစ်လေ့ရှိကာ တစ်ချို့ အနောက်တိုင်းဝဘ်ဆိုက်တွေကိုလည်း ပိတ်ပင်ထားပါတယ်။

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေက ၀ီဂါလူမျိုးတွေကို နိုင်ငံရပ်ခြား အစွန်းရောက်တွေနဲ့ ဆက်သွယ်ကာ ခွဲထွက်မှုအတွက် ဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်ကွန်မြူနစ်ပါတီက ဖိနှိပ်မှု ပြုလုပ်တာတွေရှိပါတယ်။ ဝေဖန်သူများကတော့ တရုတ်အစိုးရဲ့ ၀ီဂါမွတ်စလင်တွေအပေါ် ယဉ်ကျေးမှုနဲ့ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုပြုတွေ ပြုလုပ်နေတယ်လို့ ဝေဖန်ပြောကြားထားပါတယ်။

Tsinghua တက္ကသိုလ် ၀ဘ်ဆိုက်ထိန်းသိမ်းရေးဌာနက အခုအဖြစ်အပျက်ကို အတည်ပြုဖို့ ငြင်းဆိုခဲ့ပါတယ်။ တနင်္ဂနွေနေ့ညနေပိုင်းက ၀ဘ်ဆိုက်ကို ဖောက်ထွင်းဝင်ရောက်မှု ပြုလုပ်ခဲ့ပြီးနောက် တက္ကသိုလ်က သူတို့ဝဘ်ဆိုက်ကို ပိတ်ပစ်ခဲ့ပါတယ်။

Ref: Channelnewsasia

Comments

Leave a Reply