မတ် ၁၂၊ ၂၀၁၆
M-Media
– မလေးရှား စိုက်ပျိုးမွေးမြူရေးနှင့် စိုက်ပျိုးရေးအခြေပြု စက်မှုဝန်ကြီးဌာန ၀န်ကြီး အဟ်မဒ် ရှာဘရီ ချီခ်က နိုင်ငံအတွင်းမှာ အစားအစာ အလေအလွင့်မဖြစ်ရေးအတွက် ပိုမိုထိရောက်တဲ့ စီမံကိန်းတစ်ခု ရေးဆွဲဖို့ အစိုးရက အစီအစဉ် ချမှတ်လုပ်ဆောင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ၃၃ ကြိမ်မြောက် ဒေသတွင်းညီလာခံ FAO APRC ရဲ့ အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး ဘရာဇီးလ်ရဲ့”အစာငတ်မွတ်သူမရှိရ” အစီအစဉ်ကို အတုယူကာ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဆင်းရဲမွဲတေမှုနဲ့ ဆာလောင်မွတ်သိပ်မှုတို့ကို တိုက်ဖျက်ဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေ အပါအ၀င် သက်ဆိုင်သူအားလုံးနဲ့အတူ အစိုးရက ပူးပေါင်းလုပ်ကိုင်ဖို့ ဆန္ဒရှိနေကာ တစ်ခြားနိုင်ငံတွေကနေလည်း သင်ယူသွားမယ်လို့ ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ဘယ်လောက်ပဲ ဆင်းရဲနေပါစေ၊ နိုင်ငံသားတွေ ဆာလောင်မွတ်သိပ်မှု မဖြစ်ဖို့ဟာ အစိုးရရဲ့တာဝန်ပဲလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”
နိုင်ငံသားတွေ ဆင်းရဲမွတေမှုနဲ့ ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ရတဲ့အခါ အကူအညီပေးဖို့အတွက် မလေးရှားမှာ ယာယီလူမှုဖူလုံရေး အစီအစဉ်တွေ ရှိနေပြီး၊ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းတွေကို မြှင့်တင်ပေးဖို့ အစီအစဉ်တွေလည်း ရှိနေပါတယ်။
ပူထရာဂျာယာ နိုင်ငံတကာ ညီလာခံခန်းမမှာ မတ်လ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ငါးရက်တာကျင်းပခဲ့တဲ့ အဲဒီ FAO APRC ညီလာခံကို အာရှ-ပစိဖိတ်ဒေသ နိုင်ငံပေါင်း ၄၆ နိုင်ငံက ကိုယ်စားလှယ် ၅၀၀ ခန့် တက်ရောက်ခဲ့ပြီး ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အာဟာရမူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ အနာဂတ်စိုက်ပျိုးမွေးမြူရေးနဲ့ လူငယ်အခန်းကဏ္ဍ စတဲ့ အကြောင်းအရာတွေကို ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.