မတ် ၂၄၊ ၂၀၁၆
M-Media
– တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ် ရှူဇူးမြို့ရှိ ကျောက်မီးသွေး မိုင်းတွင်းတစ်ခုတွင် မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့သည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။
အလုပ်သမား ၁၂၉ ဦးရှိသည့် အဆိုပါ မိုင်းတွင်းတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၁၁၀ ကို ကယ်ထုတ်နိုင်ခဲ့သည်။ သို့သော်လည်း မီးလောင်ခြင်း၊ ဓာတ်ငွေ့စိမ့်၍ ပေါက်ကွဲခြင်း၊ သို့မဟုတ် ရေကြီးရေလျှံခြင်း စသဖြင့် မည်သည့် မတော်တဆမှု ဖြစ်သည်ဆိုသည်ကို အတိအကျ မသိရှိရသေးပေ။
တရုတ်နိုင်ငံရှိ မိုင်းတွင်းများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုများမှာ အလွန်အားနည်းသောကြောင့် မကြာခဏဆိုသလို မတော်မတဆမှုများ ဖြစ်ပွားလေ့ရှိသည်။
ယခုလအစောပိုင်းကလည်း ဂျီလင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်း တစ်ခုတွင် ဓာတ်ငွေ့ယိုစိမ့်ကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ မိုင်းတွင်းများတွင် မတော်တဆမှုများကြောင့် သေဆုံးသူမှာ ၉၃၀ ဦး ရှိခဲ့ပြီး၊ ၂၀၀၂ ခုနှစ်ကမူ ၇၀၀၀ အထိ ရှိခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.