News @ M-Media

ထရမ့်မှာ IS အတွက် လူသစ်စုဆောင်းပေးနေသည်ဟု စီအိုင်အေအကြီးအကဲဟောင်း ပြော

မတ် ၃၀၊ ၂၀၁၆
M-Media

hedan

– ရီပက်ဘလစ်ကန်သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသည့် ထရမ့်က မဲဆွယ်မှုများတွင် မွတ်စလင်ဆန့်ကျင်ရေးစကားများ ပြောကြားနေမှုမှာ IS အတွက် လူသစ်စုဆောင်းပေးနေခြင်းသာဖြစ်ကာ အမေရိကန်များကို “လုံခြုံမှု နည်းစေသည်” ဟု စီအိုင်အေ အကြီးအကဲဟောင်း မီခေးလ် ဟေဒင်က ပြောကြားလိုက်သည်။

ဟေဒင်မှာ သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူ ဘုရှ်လက်ထက်က ထောက်လှမ်းရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ အနောက်ကမ္ဘာနှင့် အစ္စလာမ်အကြား အမုန်းတရားများမှာ ပျောက်ကွယ်မည်မဟုတ်ဆိုသော IS ၏ ၀ါဒဖြန့်မှုကို ထရမ့်၏ ပြောကြားမှုများက အထောက်အပံ့ဖြစ်စေသည်ဟု ဆိုသည်။

“အမေရိကန်ရဲ့ နိုင်ငံရေးစနစ်မှာ ထင်ရှားသူတစ်ဦးကနေ ဒီလိုစကားမျိုးတွေပြောပြီး သမ္မတဖြစ်လို့ မရပါဘူး။ ဒါမျိုးဆိုရင်တော့ အမေရိကန်တွေကို လုံခြုံမှု နည်းစေမှာပါပဲ” ဟု ဟေဒင်က ပြောကြားခဲ့သည်။

ထရမ့်မှာ ၎င်း၏ မဲဆွယ်မှုများအတွင်း မွတ်စလင်များအား အမေရိကန်သို့ ၀င်ရောက်ခြင်းကို တားမြစ်ပိတ်ပင်သွားမည်ဟု ပြောကြားထားသည်။ ထို့ပြင် ၎င်းမှာ မက္ကဆီကန်များ၊ လူမည်းများ၊ ရွှေ့ပြောင်းအခြေချသူများနှင့် မသန်စွမ်းသူများကိုလည်း စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ထရမ့်ကို IS နှင့် အလ်ကိုင်းဒါးတို့ကဲ့သို့ အဖွဲ့များအတွက် လူသစ်စုဆောင်းပေးသူအဖြစ် သတ်မှတ်၍ရလားဟု မေးမြန်းရာတွင် ဟေဒင်က ‘သတ်မှတ်၍ရသည်’ ဟု ဖြေကြားခဲ့သည်။ ထို့ပြင် မွတ်စလင်များနေထိုင်ရာ ဒေသများကို လှည့်လည်စောင့်ကြည့်မှုများ ပြုလုပ်ရမည်ဟု ပြောကြားခဲ့သည့် အခြားရီပက်ဘလစ်ကန် နိုင်ငံရေးသမား တက်ဒ် ခရုဇ်ကိုလည်း ဟေဒင်က ဝေဖန်ပြောကြားခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply