ဧပြီ ၁၆၊ ၂၀၁၆
M-Media
– ပဋိပက္ခအတွင်း ခြေလက် ဆုံးရှုံးခဲ့ရသူများ လမ်းပြန်လျှောက်နိုင်ရေး၊ ကလေးသဘာဝ ကစားခုန်စားနိုင်ရေးတို့အတွက် ဆီးရီးယားရှိ လူငယ်ကျောင်းသားနှစ်ဦးက ရွေ့လျားဆေးခန်းငယ်လေးဖြင့် တစ်မြို့ဝင်တစ်မြို့ထွက် ကူညီပေးနေသည်။
လွန်ခဲ့သည့် ၄ နှစ်အတွင်း အဆိုပါ လူငယ်နှစ်ဦးမှာ ခြေလက်အင်္ဂါ ချို့တဲ့နေသော လူပေါင်း ၂၅၀၀၀ ခန့်ကို ခြေလက်တု ၅၀၀၀ ခန့် တပ်ဆင်ပေးခဲ့ပြီဖြစ်သည်။ သာမန်ထရပ်ကားအဖြူဖြင့် ၎င်းတို့၏ ရွေ့လျားဆေးခန်းလေးကို စတင်ခဲ့သည်မှာ ၆ လပင် မပြည့်တတ်သေး။ သို့သော်လည်း အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
သမ္မတ ဘာရှာ အလ်-အာဆတ် အစိုးရတပ်များနှင့် သူပုန်များအကြား ဖြစ်ပွားခဲ့သည့် ၅ နှစ်ကြာစစ်ပွဲအတွင်း ဆီးရီးယားပြည်သူ အနည်းဆုံး ၂ သိန်းခွဲခန့် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ဒဏ်ရရသူများကတော့ ရေတွက်၍ပင်မရ။
ဒဏ်ရာရသူများစုမှာ အသက် ၁၅ နှစ်မှ ၄၅ နှစ်အရွယ်ကြား ဖြစ်ကြသော်လည်း အဆိုပါ လူငယ်နှစ်ဦး၏ ရွေ့လျားဆေးခန်းက ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကိုပင် ခြေတုလက်တုများ အစားထိုးပေးနေလေသည်။
“လူနာတစ်ဦး အထူးသဖြင့် ကလေးငယ်လေးတွေကို ခြေတုလက်တု တပ်ပေးတဲ့အချိန် ဖြစ်လာတဲ့ခံစားမှုက ဖော်ပြလို့ကို မရပါဘူး။ သူတို့က လမ်းလျှောက်ချင်တယ်။ ကစားချင်ကြတယ်။ ဒါကြောင့် သူတို့လေးတွေ လမ်းပြန်လျှောက်လို့ရအောင် ကူညီပေးနိုင်တာဟာ တစ်မူထူးခြားတဲ့ ခံစားမှုပါပဲ” ဟု အမ်ဂျဒ် ဟဂ်ျ ခါမစ်က ပြောကြားခဲ့သည်။
အသက် ၂၄ နှစ်အရွယ်ရှိ ခါမစ်မှာ ဟုမ်စ်တက္ကသိုလ်တွင် ပြင်သစ်စာပေကို သင်ကြားနေသူဖြစ်ပြီး ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် အဘ်ဒဲလ်ရာဟင် ခွလ်ဖ်မှာ ကျောင်းဆရာတစ်ယောက်ဖြစ်ရန် သင်တန်းတက်နေသူဖြစ်သည်။ သို့သော်လည်း ကျောင်းတက်ပြီး ၄ လအကြာတွင်ပင် မြို့တွင်း အခြေအနေ ဆိုးလာသောကြောင့် ၎င်းတို့၏ အိပ်မက်အား စွန့်လွှတ်ခဲ့ရသေလည်။
ထို့နောက် ၎င်းတို့နှစ်ဦးစလုံးမှာ ဆေးရုံတစ်ရုံတွင် အလုပ်ဝင်ခဲ့ပြီး ခြေတုလက်တုများ ပြုလုပ်တပ်ဆင်နည်းကို သင်ကြားခဲ့ရသည်။ ထို့ပြင် တူရကီနယ်စပ်မြို့ ရီဟာနီယာ၊ ပါကစ္စတန်၊ ဗြိတိန်နှင့် ဂျာမနီတို့အထိပင် သွားရောက်သင်ယူခဲ့ရသည်။
၎င်းတို့ကုသပေးသော လူနာများတွင် နိုင်ငံအနောက်မြောက်ပိုင်းရှိ အတိုက်အခံတပ်များ ထိန်းချုပ်ထားရာ အ စ်ဒလစ်ဘ်ပြည်နယ်၊ ဒမတ်စကတ်ရှိ ဒူးမားရပ်ကွက်နှင့် နိုင်ငံမြောက်ပိုင်း အဲလစ်ပိုမြို့မှ လာကြသူများပင် ပါဝင်သည်။ အဲလစ်ပိုမှာ ပဋိပက္ခမဖြစ်ပွားခင် ဆီးရီးယား၌ အကြီးဆုံးမြို့တစ်မြို့ ဖြစ်ခဲ့သည်။
ခြေလက်အင်္ဂါချို့တဲ့သူများ၏ အရေအတွက်က ၎င်းတို့၏ ရွေ့လျားဆေးကုခန်းမှ ကူညီပေးနိုင်သည့် ပမာဏထက် ပိုများလေသည်။ ရွေ့လျားဆေးခန်း ရောက်ရှိရာနေရာတိုင်းတွင် လူနာများအား ဗုံးဒဏ်မခံရအောင် ကာကွယ်ပေးရခြင်းမှာ အမြဲတမ်းလိုလို ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည်ဟု ခါမစ်က ပြောကြားခဲ့သည်။ ကုလကတော့ ဆီးရီးယားတွင် အကူအညီမရသည့် ပြည်သူအရေအတွက်မှာ ၄.၆ သန်းရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။
ခါမစ်တို့၏ ရွေ့လျားဆေးကုခန်းမှ အကျိုးခံစားရသူများထဲတွင် အဘိုး၏နေအိမ်သို့အသွား မြေမြှုပ်မိုင်း နင်းမိသောကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည့် အသက် ၉နှစ်အရွယ် သမီးငယ်လေး ဆလ်မာလည်း ပါဝင်လေသည်။
“ဆေးရုံမှာ သတိရလာတော့ သမီးရဲ့ ခြေထောက်တစ်ဖက် မရှိတော့ပါဘူး။ အစကတော့ သမီး အားငယ်သွားတယ်။ ဒါပေမယ့် အဖေက ခြေတောက်အတုရမယ်ဆိုပြီး ပြောလိုက်တော့ တော်တော်ပျော်သွားပါတယ်” ဟု ဆလ်မာက ပြောကြားခဲ့သည်။
အသက် ၁၄ နှစ်အရွယ် လူငယ်လေး ကူဆေးမှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ၎င်း၏ အမြွှာညီအကို အဒီနှင့်အတူ သိုးကျောင်းသွားစဉ် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ခြေထောက်တက်ဖက်နှင့် ညာဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ မိုင်းကို တိုက်ရိုက်နင်းမိခဲ့သည့် အဒီက နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ကူဆေးက အမြှောက်ဆံများမှာ ယခုထိ ၎င်း၏ ဦးနှောက်အနီး ရှိနေသည်ဟု ပြောကြားခဲ့သည်။
အစ်ဒလစ်ဘ်ပြည်နယ် အဘူမာလစ်မြို့မှ ကူဆေးတစ်ယောက် ခြေတုလက်တို့ကြောင့် ၎င်း၏ နဂိုမူလ လွတ်လပ်သော သဘာဝအနည်းငယ်ကို ပြန်လည်ရရှိခဲ့လေသည်။
“ကျွန်တော်က အမြဲတမ်း ထွက်ကစားတယ်။ ဒါမှမဟုတ် သိုးကျောင်းပါတယ်။ အိမ်မှာထိုင်နေရတာကို ကျွန်တော် မကြိုက်ဘူးဗျ” ဟု ကူဆေးက ပြောကြားခဲ့သည်။
Ref: Reuters
Leave a Reply
You must be logged in to post a comment.