ဧပြီ ၂၀၊ ၂၀၁၆
M-Media
– တနင်္ဂနွေနေ့ အဲဗာတန်အသင်းနှင့် FA ဖလား ဆီမီးဖိုင်နယ်ပွဲတွင် ပါဝင်ခွင့်ရရှိရန်အတွက် ကြားရက်တွင်ကစားမည့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ခြေစွမ်းတိုးတက်အောင် ဆောင်ရွက်ရမည်ဟု မန်ယူနည်းပြဗန်ဂါးလ်က တိုက်စစ်မှူး ၀ိန်း ရူနီအား ပြောကြားလိုက်သည်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ရူနီမှာ ဒူးဒဏ်ရာကြောင့် ၂ လတာ အနားယူခဲ့ရပြီး ယခုတွင် ပြန်လည်ကစားရန် တာဆူနေသည်။ ထိုသို့အနားယူရခြင်းမှာ ယခုနှစ်အတွင်း ဒဏ်ရာကြောင့် ဒုတိယအကြိမ်မြောက် အနားယူရခြင်းလည်း ဖြစ်သည်။
ဗန်ဂါးလ်ကမူ ရူနီမှာ ပုံမှန်နေရာရရှိရန်အတွက် ထိုက်တန်သော ခြေစွမ်းကို ပြသရန် လိုအပ်သည်ဟု ဆိုသည်။
“အခြားကစားသမားတွေလို သူလည်းပဲ နေရာရဖို့အတွက် ခြေစွမ်းဘယ်လောက်ပြနိုင်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ စနေနေ့ပွဲမှာ သူကစားမလားဆိုပြီး ခင်ဗျားတို့က ယူဆနေကြမှာပါ။ အက်စတွန်ဗီလာနဲ့ပွဲ ပထမပိုင်းမှာ သူ တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူ ဟိုက်လာပြီး မိနစ် ၆၀ လောက်အထိတော့ ခြေစွမ်းကို သူ ထိန်းထားနိုင်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ သူ လေ့ကျင့်ခန်းပြန်ဆင်းတယ်။ သူ နာလန်ပြန်ထလာပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲ ဒုတိယပိုင်းမှာ သူဘယ်လို ကစားလဲဆိုတာ ကြည့်ရပါမယ်။ ကစားပုံကောင်းဖို့တော့ လိုပါတယ်” ဟု ဗန်ဂါးလ်ကပြောကြားခဲ့ပါတယ်။
Ref : Goal


Leave a Reply
You must be logged in to post a comment.