မေ ၁၂၊ ၂၀၁၆
M-Media

– အီရန်အနေနဲ့ ကာကွယ်ရေးကဏ္ဍမှာ အားကောင်းလာစေဖို့ သင့်လျော်တယ်လို့ထင်တဲ့ ကိစ္စတိုင်းကို ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီအတွက် အမေရိကန်က ကျေနပ်လား၊ မကျေနပ်ဘူးလားဆိုတာကို ကြည့်နေမှာမဟုတ်ဘူးလို့ အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီ ခါမေနီရဲ့ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ အလီ အက္ကဘာရ် ဗီလာယာတီက ပြောကြားလိုက်ပါတယ်။
“အီရန်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ဆိုရင် ဘယ်သူကြိုက်ကြိုက်မကြိုက် လုပ်စရာရှိတာကို လုပ်သွားမှာပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အရေးကို နိုင်ငံတကာဖြစ်စေ၊ နိုင်ငံတကာမဟုတ်တဲ့ အဖွဲ့အစည်းတွေဖြစ်စေ ဘယ်နိုင်ငံကိုမှ ခွင့်ပြုချက်တောင်းခံနေမှာ မဟုတ်ပါဘူး”
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးရာဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အဲလီဇဘက် ထရူဒူးက အီရန်ရဲ့ ဒုံးကျည်စမ်းသပ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၂၂၃၁ ဆုံးဖြတ်ချက်ကို ချိုးဖောက်နိုင်ခြေရှိပြီး ရန်စလိုတဲ့ မတည်မငြိမ်ဖြစ်စေလိုတဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပြောဆိုခဲ့တာကို အီရန်နိုင်ငံက အခုလို ပြန်လည် တုန့်ပြန်တာဖြစ်ပါတယ်။
ကုလရဲ့ ဆုံးဖြတ်ချက်ထဲမှာ အီရန်အနေနဲ့ နျူထိပ်ဖူး သယ်ဆောင်လို့ရတဲ့ ဒုံးကျည်တွေ စမ်းသပ်လို့မရဘူးလို့ တားမြစ်ထားတာဖြစ်ပြီး အီရန်ကတော့ အခုနောက်ပိုင်း ခပ်စိပ်စိပ် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ နျူလက်နက် သယ်ဆောင်လို့မရဘူးလို့ ပြောဆိုထားပါတယ်။
Ref : Presstv
Leave a Reply
You must be logged in to post a comment.