ဧရာဝတီမှ ကူးယူဖော်ပြပါသည်။
.
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပျဉ်းမမြိုင်လမ်း တွင် ဓားခုတ်ဒဏ်ရာများ ဖြင့် သေဆုံးနေသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားကို သတ်သည့် တရားခံကို ဖမ်းဆီးရမိပြီဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ ထံက သိရသည်။
.
တရားခံမှာ အသက် ၁၉ နှစ်အရွယ်ရှိ ဝင်းကျော် ခေါ် အောင်သန်း ဖြစ်ကြောင်း၊ ၎င်း က သတ်လိုက်သည်ဟု မေ ၁၉ ရက် ညပိုင်းက ရဲစခန်းတွင် ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
.
“သတ်တာက သေတဲ့သူနဲ့ တအိမ်တည်းနေ နေတဲ့ သူ့တပည့် က သတ်တာ။ တယောက်တခွန်း စကားများရာက သတ်မိတာလို့ ဝန်ခံထားတယ်။ အလောင်း က သတ်ပြီးမှ သွားပြီး စွန့်ပစ်ထားတာ ဆိုတော့ သူနဲ့အတူ သတ်တဲ့သူ ဘယ်သူပါသလဲ ဆိုတာကို ဆက်ပြီး စစ်ဆေးနေတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲမှူးသိန်းအောင် က ဧရာဝတီ သို့ပြောသည်။
.
ဖြစ်စဉ်မှာ မေလ ၁၈ ရက် မနက်ပိုင်းက သုဝဏ္ဏ ၂၅ ရပ်ကွက်၊ ပျဉ်းမမြိုင်လမ်း အနီးတွင် ကတ္တီပါစောင်ဖြင့် ထုပ်ပိုးထားသည့် အထုပ်တထုပ်ကို အမျိုးသား တဦးက တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း၊ အထုပ်အတွင်းမှ ဓားခုတ်ဒဏ်ရာ ၁၀ ချက်ကျော်ဖြင့် အသတ်ခံထားရသူကို တွေ့ရှိသဖြင့် စုံစမ်းရာမှ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ ၁၁၈ လမ်းတွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ဦးဇော်ဇော် ဖြစ်နေကြောင်း သိရသည်။
.
“သေတဲ့သူက သံတွဲမှာ နေခဲ့တုန်းက ဗလီဆရာလုပ်တာ။ အခုရန်ကုန်မှာ လာနေတော့ မန်းမှုတ်တာတွေ ဘာတွေ လောက်ပဲ လုပ်တော့တာ။ သတ်တဲ့သူနဲ့က အတူတူနေတာ။ ဆရာ တပည့်တွေ။ သတ်တဲ့သူရဲ့ လက်ခုံမှာလည်း ဓားဒဏ်ရာတခုတွေ့တာနဲ့ စစ်ဆေးရာက အခုလို ပေါ်လာတာပဲ” ဟု ရဲမှူးသိန်းအောင် က ရှင်းပြသည်။
.
အဆိုပါ အမှုကို သုဝဏ္ဏနယ်မြေရဲစခန်းက ပုဒ် ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
http://burma.irrawaddy.com/news/2016/05/20/114552.html
သုဝဏ္ဏ လူသတ်မှု သံသယရှိသူကို ဖမ်းဆီး

Leave a Reply
You must be logged in to post a comment.