ဇူလိုင် ၁၊ ၂၀၁၆
M-Media
– အမေရိကန်ပြည်ထောင်စု ချီကာဂို မြို့တော်ဝန် ရဟမ် အီမန်နျူယဲလ်က ဥပုသ်သီလဆောက်တည်ကြတဲ့ မွတ်စလင်တွေအတွက် အစ်စ်သာရ် ၀ါဖြေပွဲတစ်ခုကို တည်းခင်းဧည့်ခံခဲ့ပြီး စုစုပေါင်း လူ ၃၀၀ နီးပါးလောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ချီကာဂိုယဉ်ကျေးမှုဌာနမှာ အင်္ဂါနေ့ညက ပြုလုပ်ခဲ့တာဖြစ်ပြီး လူ့အဖွဲ့အစည်းအကျိုးဆောင်ရွက်ရာမှာ ဘာသာစုံ၊ လူမျိုးစုံပါဝင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
အဲဒီဝါဖြေပွဲကို အမေရိကန်ဖွား အာရပ်လူမျိုးတော်တော်များများ တက်ရောက်ခဲ့ကြပြီး မြို့တော်ဝန်ရဲ့ အမုန်းတရားနဲ့အကြမ်းဖက်မှုကို ဆန်ကျင်ဖို့ ပြောကြားမှုကို ချီးကျူးခဲ့ကြပါတယ်။
“ကျွန်တော်ဟာ ဒီမြို့ကို ဂျူးမြို့တော်ဝန်အုပ်ချုပ်ပြီး တက်ကြွတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းရှိတဲ့ မြို့တစ်မြို့ဖြစ်ချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့မြို့ဟာ ဒီလိုညီညွတ်တဲ့မြို့ ဖြစ်တယ်ဆိုတာကိုလည်း ကမ္ဘာကြီးကို ပြသချင်ပါတယ်။ ခင်ဗျားက အမုန်းတရားဖြန့်ရင် ကျွန်တော်က မေတ္တာကိုဖြန့်မယ်။ ခင်ဗျားက ကြောက်ရွံ့အောင်လုပ်ရင် ကျွန်တော်တို့က မျှော်လင့်ချက်တွေ ရှိလာအောင်လုပ်မယ်။ ခင်ဗျားက သည်းမခံဖို့ပြောရင် ကျွန်တော်တို့က ပူးပေါင်းပါဝင်ဖို့ ပြောပါတယ်။ ဒါဟာ နွေးထွေးတဲ့ နေအိမ်လေးလို့ ကျွန်တော်တို့ ခေါ်တဲ့ ချီကာဂိုက ပေးချင်တဲ့ သတင်းစကားပါပဲ” လို့ အီမန်နျူယဲလ်က ပြောကြားခဲ့ပါတယ်။
ထို့ပြင် မိမိအနေဖြင့် နိုင်ငံ၏ အခြားဒေသများတွင်လည်း ယခုကဲ့သို့ မြင်ချင်၊ ကြားချင်ကြောင်း၊ မိမိတို့၏မေတ္တာတရား၊ မျှော်လင့်ချက်နှင့် ပူးပေါင်းပါဝင်မှုတို့က အမုန်းနှင့် စိတ်ဝမ်းကွဲမှုများကို ချေမှုန်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref : IINA
Leave a Reply
You must be logged in to post a comment.