ဇူလိုင် ၁၈၊ ၂၀၁၆
M-Media
– စစ်တပ်အဖွဲ့တစ်ခုမှ မအောင်မြင်သော အာဏာသိမ်းမှုပြီးနောက် သမ္မတ အာဒိုဂန်ဦးဆောင်သည့် တူရကီအစိုးရအား ထောက်ခံသည်ကို ပြသသည့်အနေဖြင့် တူရကီပြည်သူများက မြို့တော်အန်ကာရာနှင့် နိုင်ငံတစ်ဝှမ်း လမ်းပေါ်သို့ထွက်၍ အင်အားပြမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများမှာ နိုင်ငံတော်အလံများကို ဝှေ့ယမ်းကာ အန်ကာရာရှိ ကီဇီလေး ရင်ပြင်နှင့် တက်ဆင်မ် ရင်ပြင်များတွင် စုရုံးခဲ့ကြသည်။ ထိုကဲ့သို့ အစိုးရကို ထောက်ခံကြောင်း ဆန္ဒပြမှုမှာ တူရကီသမ္မတ အာဒိုဂန်က စနေနေ့တွင် ပြည်သူများအား အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသရန် ဆော်သြခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်ကမူ ကီဇီလေးရင်ပြင်၌ မိန့်ခွန်းပြောကြားရာတွင် အာဏာသိမ်းမှုကို နှိမ်နင်းနိုင်ခဲ့သည့် တူရကီပြည်သူများကို ကျေးဇူးတင်ကြောင်း၊ ထိုလုပ်ရပ်မှာ ဒီမိုကရေစီကို ကာကွယ်ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
“နိုင်ငံရေးအမြင်တွေ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ပါတီအားလုံးဟာ လက်ချင်းချိတ်ကာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသလို၊ လူသိရှင်ကြားလည်း ရှုတ်ချခဲ့ပါတယ်။ ဒါက တိုင်းပြည်အတွက်သာ အဓိကကျပြီး ကျန်တာအားလုံး အသေးအဖွဲပဲဆိုတာ ပြသလိုက်တာလည်း ဖြစ်ပါတယ်”
တူရကီရှိ အဓိကနိုင်ငံရေးပါတီကြီး ၄ ခုကလည်း အာဒိုဂန်အစိုးရကို ဖြုတ်ချရန် ထိုဆောင်ရွက်မှုကို ရှုတ်ချကြောင်း လွှတ်တော်အစည်းအဝေးတွင် ပူးပေါင်းကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်မှုမှာ တူရကီနိုင်ငံရေးနယ်ပယ်တွင် တစ်မူထူးခြားသည့် ညီညွတ်မှုမျိုး ဖြစ်ခဲ့သည်
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.