News @ M-Media

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများက ဒုက္ခသည် ၉ ရာခိုင်နှုန်းအောက်သာ လက်ခံထား

ဇူလိုင် ၁၉၊ ၂၀၁၆
M-Media

syria 4

– လတ်တလော ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ဒုက္ခသည်ပြဿနာမှာ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံတွေက ဒုက္ခသည်အရေအတွက် ၉ ရာခိုင်နှုန်းကိုသာ လက်ခံထားပြီး ဆင်းရဲတဲ့နိုင်ငံတွေက ဒီဝန်ထုတ်ဝန်ပိုးကို အများဆုံး ထမ်းထားနေရတယ်လို့ ကမ္ဘာ့ထိပ်တန်း ပရဟိအဖွဲ့ Oxfam က ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြလိုက်တာဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ယူကေ တို့လက်ခံတဲ့ ဒုက္ခသည်အရေအတွက် ၂.၁ သန်းဟာ ကမ္ဘာ့ ဒုက္ခသည် စုစုပေါင်းအရေအတွက်ရဲ့ ၈.၉ ရာခိုင်နှုန်းသာရှိတယ်လို့ ထည့်သွင်းရေးသားထားပါတယ်။

အဲ့ဒီနိုင်ငံတွေဟာ ကမ္ဘာ့စီးပွားရေးရဲ့ ၅၆ ရာခိုင်နှုန်းကျော်ကို ချုပ်ကိုင်ထားတာဖြစ်တယ်လို့ Oxfam က ဆိုပါတယ်။

“အိုးအိမ်ကိုစွန့်ခွာထွက်ပြေးလာရပြီး အသက်ရှင်သန်ဖို့တောင် မနည်းရုန်းကန်နေရတဲ့ ထိခိုက်ခံစားလွယ်တဲ့ လူသန်းပေါင်းများစွာက ခံစားနေရတာတွေကို နိုင်ငံတော်အစိုးရတွေက မျက်နှာလွှဲခဲပစ်လုပ်ထားတာ ရှက်စရာကောင်းပါတယ်” လို့ Oxfam International ရဲ့ အမှုဆောင်ဒါရိုက်တာ Winnie Byanyima က ပြောကြားခဲ့ပါတယ်။

“ဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ မျှဝေထမ်းရွက်ရမယ့် တာဝန်တစ်ခုဖြစ်ပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေကသာ ဒီဝန်ကို ထမ်းနေရပါတယ်။”

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးအဖြစ် ရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြဿနာမှာ ဒုက္ခသည်အရေအတွက်ရဲ့ ထက်ဝက်ကျော်ကျော်လောက်ကို လက်ခံထားရတာက ကမ္ဘာ့စီးပွားရေးရဲ့ ၂ ရာခိုင်နှုန်းသာရှိတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့လည်း ဒီအစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

အဲဒီနိုင်ငံတွေကတော့ တူရကီ၊ ပါကစ္စန်၊ ဂျော်ဒန်၊ လက်ဘနွန်၊ တောင်အာဖရိကနဲ့ ပါလက်စတိုင်းတို့ဖြစ်ပြီး စုစုပေါင်း ဒုက္ခသည် ၁၂ သန်းနီးပါးကို လက်ခံထားရတာပါ။

“အချမ်းသာဆုံးတိုင်းပြည်တွေက ဒီပြဿနာအဖြေရဲ့ အစိတ်ပိုင်း ဖြစ်ဖို့လိုပါတယ်။ ပြီးတော့ သူတို့ရဲ့ ဝေစုကို ကြည်ကြည်ဖြူ ဖြူနဲ့ လက်ခံဖို့၊ ဒုက္ခသည်တွေကို ပိုမိုကာကွယ်ဖို့ လုပ်ဆောင်ရမှာပါ” လို့ Byanyima က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref : Presstv

Comments

Leave a Reply