သြဂုတ် ၉၊ ၂၀၁၆
M-Media
– မန်ယူအသင်းအနေဖြင့် ပေါ့ဘာအတွက် ကုန်ကျခဲ့သည့် ပြောင်းရွှေ့ကြေးကို ပြန်ရမည်ဖြစ်ပြီး ပေါ့ဘာမှာလည်း လာမည့် ၁၀ စုနှစ်တစ်ခုအထိ မန်ယူတွင် တောက်ပနေလိမ့်မည်ဟု နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
ပေါ့ဘာမှာ ဂျူဗင်တပ်အသင်းမှ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၁၀ ဖြင့် မန်ယူသို့ ရောက်ရှိလာခဲ့ပြီး စာချုပ်ကိုလည်း ယနေ့မနက်တွင် အပြီးသတ်နိုင်ခဲ့သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ပေါ့ဘာမှာ မန်ယူမှ လူငယ်ဘ၀တွင် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ဂျူ ဗင်တပ်စ်အသင်းတွင် ၄ နှစ်ကစားက စီးရီးအေဖလား ၄ လုံး ရရှိခဲ့သည်။
မော်ရင်ဟိုကမူ ပေါ့ဘာအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေသည်။
“နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက်၊ ဒါမှမဟုတ် ဒီထက်ပိုပြီးတော့ အသင်းရဲ့ နှလုံးသည်းပွတ်ဖြစ်လာနိုင်တဲ့အခွင့်အရေး သူ့ဆီမှာ ရှိနေပါတယ်။ ပေါလ် (ပေါ့ဘာ) ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး အနာဂတ် ကျွန်တော်တည်ဆောက်ချင်တဲ့ မန်ယူအသင်းမှာ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ သူက လျင်မြန်တယ်။ သန်မာတယ်၊ ဂိုးတွေသွင်းနိုင်တယ်။ သူ့ထက် အတွေ့အကြုံပိုရှိသူတွေထက် ပိုပြီးတော့ ပွဲကို သုံးသပ်နိုင်ပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတာကြောင့် ဒီမှာ နောက်ထပ်နှစ်ပေါင်းမျာစွာ သူ့ရဲ့ ကိုယ်ပိုင်နေရာတစ်ခုကို ရယူဖို့ သူ့မှာ အခွင့်အရေး ရှိနေပါတယ်။ သူဟာငယ်သေးပြီး ဆက်လက် တိုးတက်နေမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.