သြဂုတ် ၁၂၊ ၂၀၁၆
M-Media

– ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ပညာရေးကောလိပ်တစ်ခု တည်ဆောက်ရန် စီစဉ်နေပြီး ဆောက်လုပ်ပြီးစီးပါက ပြည်နယ်၏ ပထမဆုံး အဆင့်မြင့်ပညာ ဆည်းပူးရာနေရာ ဖြစ်လာမည်ဖြစ်သည်။
အဆိုပါပညာရေးကောလိပ်ကို ဟားခါးမြို့မြောက်ဖက် ၁၀ မိုင်အကွာတွင်ရှိသည့် ဟားခါးနှင့် ဖလမ်းမြို့နယ်များမှ ဧက ၅၀ ကျယ်ဝန်းသော မြေနေရာတွင် ဆောက်လုပ်သွားမည်ဟု ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးပေါ်လွန်မင်းက ပြောကြားခဲ့သည်။
“ပညာရေးကောလိပ်ဆောက်ဖို့အတွက် ကျွန်တော်တို့ မြေနေရာ ရပါပြီ။ ဆောက်လုပ်ရေးလုပ်ငန်းကို ဒီနှစ် ဆောင်ရွက်မှာဖြစ်တာကြာင့် နောက်နှစ်ဆိုရင် ဖွင့်လှစ်နိုင်မှာပါ” ဟု ၀န်ကြီးက ဆိုသည်။
ဟားခါးတွင် ပညာရေးကောလိပ်ဆောက်လုပ်ရန် ချင်းပြည်နယ်အစိုးရမှာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် စတင်ဆောင်လုပ်ရန် ဘက်ဂျက်လည်း ရရှိခဲ့သည်။ လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်နေပြီး ထိုကောလိပ်တွင် တာဝန်ထမ်းဆောင်မည့် ပါမောက္ခများနှင့် အခြား ၀န်ထမ်းများကို မန္တလေးတွင် လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်နေသည်။
“ဒီပညာရေးကောလိပ်မှာ ဘွဲ့ရဖို့ ၂ နှစ်တက်ရမလား၊ ၄နှစ်တက်ရမလားဆိုတာ မသေချာသေးပါဘူး။ ကောလိပ်ဆောက်ဖို့ပဲ ကျွန်တော်တို့ ဆွေးနွေးခဲ့တာပါ။ အခု နောက်နှစ်ကစပြီး ပညာရေးကောလိပ်တွေမှာ တက်ရောက်မှုကို ၂ နှစ်ကနေ ၄ နှစ် တိုးမှာ ဖြစ်ပါတယ်” ဟု ကျောင်းဆရာများ လေ့ကျင့်သင်ကြားပေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်မင်းက ပြောကြားခဲ့သည်။
ထိုဌာန၏ စာရင်းဇယားများအရ နိုင်ငံတစ်ဝှမ်းတွင် ပညာရေးကောလိပ်ပေါင်း ၂၂ ခုရှိနေပြီး ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ကျောင်းသားပေါင်း ၁၀၀၀၀ ကျော် တက်ရောက်နေကြသည်ဟု သိရသည်။
Ref: mmtimes
Leave a Reply
You must be logged in to post a comment.