စက်တင်ဘာ ၁၅၊ ၂၀၁၆
M-Media
– ဇွန်လ ၂၀ ရက်နေ့တွင် တန်ဇန်းနီးယားကမ်းလွန်ရှိ ပမ်ဘာ ကျွန်းမှ တွေ့ရှိခဲ့သည့် လေယာဉ်အပျက်အဆီးတစ်ခုမှာ ၂၀၁၄ ခုနှစ်က ပျောက်ဆုံးသွားခဲ့သည့် MH370 လေယာဉ်မှ ဖြစ်သည်ဟု မလေးရှား ပို့ဆောင်ရေးဝန်ကြီး Liow Tiong Lai က ယနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ အစိတ်အပိုင်းမှာ လေယဉ်တောင်ပံအထိန်းဖြစ်ပြီး မလေးရှား MH370 စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် သြစတေးလျ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးဗျူရို (ATSP) မှ ကျွမ်းကျင်သူများက ဆန်းစစ်ခဲ့ပြီးနောက် ယခုကဲ့သို့ အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
ဝန်ကြီးကမူ ထိုအစိတ်အပိုင်း၏ နံပါတ်၊ ပုံစံ၊ အနေအထားနှင့် တည်ဆောက်ထားမှုများက ပျောက်ဆုံးသွားသည့် Boeing 777 တောင်ပံ၏ အပြင်ဘက်အထိန်းမှ အတွင်းဘက်အပိုင်းဖြစ်ကြောင်း၊ ထိုအစိတ်အပိုင်းတွင် ရိုက်နှိပ်ထားသည့် ထုတ်လုပ်သည့်ရက်စွဲမှာလည်း မိမိတို့ထံတွင် စာရင်းသွင်းထားသည့် ရက်စွဲနှင့် တူညီနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မလေးရှားလေကြောင်းလိုင်းပိုင်ဖြစ်သော အဆိုပါ MH370 မှာ မြို့တော် ကွာလာလမ်ပူမှ တရုတ်နိုင်ငံပေကျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် မိမိတို့အနေဖြင့် ဆန်းစစ်မှုများ ထပ်မံ ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.