News @ M-Media

ယူဂန်ဒါရှိ ဒုက္ခသည်များသို့ ယူအေအီးက အကူအညီများ ပေးပို့မည်

စက်တင်ဘာ ၁၉၊ ၂၀၁၆
M-Media

uae-aid

– တောင်ဆူဒန်နိုင်ငံ ပဋိ့ပက္ခကြောင့် ထွက်ပြေးကာ ယူဂန်ဒါတွင် ခိုလှုံနေရသည့် ဒုက္ခသည် ၆၀၀၀၀ ကျော်အတွက် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အကူအညီ တန်ချိန် ၁၀၀ ကျော်ကို ပေးပို့သွားမည်ဟု သိရသည်။

ယူဂန်ဒါနိုင်ငံ အန်တက်ဘီမြို့သို့ တနင်္ဂနွေနေ့တွင် လေယာဉ်ဖြင့် ပို့ဆာင်သွားမည်ဖြစ်ပြီး၊ ယူအေအီးရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ International City for Humanitarian Services (IHC) မှ စီစဉ်ခြင်းဖြစ်သည်။

အဖွဲ့ဥက္ကဌ ရှိခ် မိုဟာမက် အလ်-မက္ကတွန်၏ ဇနီး မင်းသမီး ဟာယာ ဘင် ဟူစိန်က ယူအေအီးနိုင်ငံမှာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အမြဲတမ်း ရှေ့တန်းမှ ပါဝင်နေကြောင်း၊ လူမျိုး၊ ဘာသာမရွေး တန်းတူညီမျှ ကူညီပေးနေကြောင်း ပြောကြားခဲ့သည်။

ယခုပေးအပ်မည့် အကူအညီမှာ ယူဂန်ဒါ-တောင်ဆူဒန်နယ်စပ်ရှိ ဒုက္ခသည် ၆၀၀၀၀ ကျော်ကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး မြို့တော် အန်တက်ဘီမှ နယ်စပ်သို့ ကုန်လမ်းဖြင့် ပို့ဆောင်သွားမည်ဖြစ်သည်။ အကူအညီများတွင် အခြေခံ စားသောက်ကုန်များ ပါဝင်မည်ဖြစ်ပြီး ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများထံ ဦးစားပေး ဝေငှမည်ဖြစ်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ထုတ်ပြန်သည့်ကိန်းဂဏန်းများအရ တောင်ဆူဒန်စစ်ဘေးကြောင့် ဒုက္ခသည် ၃၇၃၀၀၀ ယူဂန်ဒါသို့ ထွက်ပြေးလာခဲ့ရပြီး၊ ပြီးခဲ့သည့် ရက်သတ္တပတ်တစ်ခုတည်းမှာပင် ဒုက္ခသည် ၂၅၀၀၀ ယူဂန်ဒါသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဒုက္ခသည်အရေအတွက်မှာ ထပ်မံ တိုးတက်လာဖွယ် ရှိနေသည်။

Ref : IINA

Comments

Leave a Reply