စက်တင်ဘာ ၁၉၊ ၂၀၁၆
M-Media
– အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ရံပုံငွေအဖွဲ့သို့ ကာတာနိုင်ငံက ကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့ပြီး ထိုအဖွဲ့သို့ ကာတာ၏ ပထမဆုံးအကြိမ် လှူဒါန်းမှုလည်း ဖြစ်သည်။
လှူဒါန်းမှုကို ကာတာ လူထုကျန်းမာရေးဝန်ကြီး ဒေါက်တာ ဟာနန် အလ်-ကူဝေရီက ကနေဒါတွင် မကြာသေးမီက ကျင်းပခဲ့သည့် ၎င်းရံပုံငွေအဖွဲ့၏ နှစ်ပတ်လည်ညီလာခံ၌ ကြေငြာခဲ့ခြင်းဖြစ်သည်။
“အရှေ့အလယ်ပိုင်းဒေသက ဒုက္ခသည်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် တီဘီရောဂါတိုက်ဖျက်ရေးနဲ့ အခြား ကျန်းမာရေးအကူအညီတွေ ထောက်ပံ့ပေးဖို့က ကာတာအတွက် ဦးစားပေးလုပ်ရမယ့် အရာတစ်ခု ဖြစ်ပါတယ်” ဟု ဒေါက်တာ အလ်-ကူဝေရီက ပြောသည်။
အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ရံပုံငွေအဖွဲ့ကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ထာင်ခဲ့ပြီး အစိုးရများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သီးသန့်အလှူရှင်များအနေဖြင့် အဆိုပါ ကူးစက်ရောဂါကြီး သုံးခုအား အတူလက်တွဲတိုက်ဖျက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထိုအဖွဲ့မှာ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ ဆီးရီးယားနှင့် ယီမင်တို့ရှိ ဒုက္ခသည်များ၊ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေသူများ၊ အမျိုးသမီးများ၊ ကလေးငယ်များအပါအ၀င် အခြား ထိခိုက်ခံစားလွယ်သည့် လူ့အဖွဲ့အစည်းများအတွက် HIV၊ တီဘီ၊ ငှက်ဖျားရောဂါများ တိုက်ဖျက်ရေး အစီအစဉ်များကို ကူညီထောက်ပံ့ပေးနေသည်။
Ref; IINA
Leave a Reply
You must be logged in to post a comment.