News @ M-Media

အာဖဂန်တွင် အရပ်သားများသေဆုံးသည့် အမေရိကန်၏ တိုက်ခိုက်မှု ကုလရှုတ်ချ

အောက်တိုဘာ ၁၊ ၂၀၁၆
M-Media

us-killing

– အာဖဂန်အရှေ့ပိုင်း နန်ဂါဟာမြို့တွင် IS စစ်သွေးကြွများကို ပစ်မှတ်ထားသည်ဆိုသည့် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့မှုကို ကုလသမဂ္ဂက ရှုတ်ချလိုက်သည်။

ထိုတိုက်ခိုက်မှုကို အမေရိကန်က ကိုင်တွယ်ထိန်းချုပ်သော နိုင်ငံတကာ ဒရုန်းလေယာဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကလေးတစ်ယောက်အပါအ၀င် အခြား ၁၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂအကူအညီပေးရေးကိုယ်စားလှယ်အဖွဲ့ (UNAMA) က အရပ်သားများ သေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုအပေါ် ဝေဖန်ရှုတ်ချလိုက်ပြီး အာဖဂန်အစိုးရအား အဆိုပါတိုက်ခိုက်မှုနှင့်ပက်သက်၍ လွပ်လပ်၍သီးခြားဖြစ်သော၊ အမှီအခိုကင်းသော၊ ပွင့်လင်းမြင်သာသော၊ ထိရောက်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လည်း တောင်းဆိုခဲ့သည်။

အဆိုပါလေကြောင်း တိုက်ခိုက်မှုသည် ပါကစ္စတန်နှင့်ထိစပ်နေသည့် အရှေ့ဘက်နယ်စပ်ပေါ်ရှိ နန်ဂါဟာပြည်နယ် အာချင်ခရိုင်တွင် ဗုဒ္ဓဟူးနေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒေသခံများက မက္ကာသို့ ဟဂ်ျပြုရန် သွားရောက်ခဲ့သည့် မျိုးနွယ်စုခေါင်းဆောင်တစ်ဦး ပြန်လည်ရောက်ရှိလာသည့် အခမ်းအနား ကျင်းပရန် ရွာတစ်ရွာတွင် စုဝေးနေကြပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်၌ ပြည်သူများမှာ အကြီးအကဲ၏ ဧည့်ဆောင်တွင် အိပ်ပျော်နေခဲ့ကြသည်။

“ဒရုန်းက ဒီအိမ်ကို ပစ်မှတ်ထားခဲ့တာပါ” ဟု အာဂျင်ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ မိုဟာမက်အလီက ပြောကြားခဲ့ပြီး သေဆုံး ဒဏ်ရာရရသူများတွင် ကျောင်းသားများနှင့် ဆရာတစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။

Ref : Rt

Comments

Leave a Reply