စက်တင်ဘာ ၆၊ ၂၀၁၇
M-Media
– မာရာဝီမြို့ကို သိမ်းပိုက်ထားသည့် IS သစ္စာခံ မောက်တေ လက်နက်ကိုင်အဖွဲ့အား နောက်ဆုံးအဆင့် ထိုးစစ်ကို ဖိလစ်ပိုင်စစ်တပ်က မွတ်စလင်လက်နက်ကိုင်အဖွဲ့ MILF နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။
မောက်တေအဖွဲ့မှာ ပြီးခဲ့သည့်မေလက မာရာဝီမြို့အား သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်စစ်တပ်၏ ထိုးစစ်အောက်တွင် လက်ရှိအချိန်၌ ၎င်းတို့အဖွဲ့မှာ ၅၀၀ စကွဲယားမီတာခန့်ကိုသာ ထိန်းချုပ်ထားနိုင်တော့သည်။
ဖိလစ်ပိုင်စစ်သားများနှင့် MILF အဖွဲ့ဝင်များမှာ ပူးပေါင်းဆောင်ရွက်ခြင်းအပါအ၀င် ပစ်ကူများ၊ လေကြောင်းပစ်ကူများနှင့် အခြား ထောက်ပံ့မှုများလည်း MILF အတွက် ပြုလုပ်ပေးသည်ဟု ဖိလစ်ပိုင်စစ်တပ်မှ ဗိုလ်ချုပ်ကြီး အာရ်နဲလ် ဒီလာ ဗီဂါက ပြောကြားခဲ့သည်။
၃ လကျော်ကြာ တိုက်ခိုက်မှုအတွင်း စစ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး မောက်တေအဖွဲ့မှ ၅၀၀ နီးပါးခန့် သေဆုံးခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က သတင်းထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရပြီး မင်ဒါနာအိုကျွန်းရှိ ကယ်ဆယ်ရေးစခန်း ၇၅ ခုတွင် နေထိုင်နေရသည်။
ဗီဂါက မိမိတို့မှာ MILF အဖွဲ့နှင့် ပေါင်းစည်းတိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့အဖွဲ့မှာ သီးခြား နည်းလမ်းများ၊ ပုံစံများဖြင့် မောက်တေအဖွဲ့ကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera