News @ M-Media

သီရိလင်္ကာတွင် ဗုဒ္ဓဘာသာလူအုပ်က ရိုဟင်ဂျာဒုက္ခသည်များကို စီးနင်းတိုက်ခိုက်ရန် ကြိုးစား

စက်တင်ဘာ ၂၇၊ ၂၀၁၇
M-Media

ရခိုင်အရေးနှင့်ပတ်သက်၍ သီရိလင်္ကာဘုန်းကြီးများ ဆန္ဒပြမှု

– သီရိလင်္ကာမြို့တော် ကိုလံဘိုအနီးရှိ ရိုဟင်ဂျာဒုက္ခသည်များ ခိုလှုံနေသော နေရာတစ်ခုကို ဆင်ဟာလာ ဗုဒ္ဓဘာသာဘုန်းကြီးများ ဦးဆောင်သည့် လူအုပ်က စီးနင်းတိုက်ခိုက်ရန် ကြိုးစားမှုကြောင့် ရဲတပ်ဖွဲ့က ကာကွယ်ပေးထားရသည်ဟု သိရသည်။

UNHCR က စီစဉ်ပေးထားသည့် အဆောက်အဦးတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအုပ်ကြီးမှာ ၀င်ပေါက်များကို ဖျက်ဆီး၍ အတွင်းသို့ ၀င်ရောက်ခဲ့ကြကာ ဒုက္ခသည် ၃၁ ဦးမှာ အဆောက်အဦး၏ အပေါ်ထပ် အခန်းများတွင် ပုန်းအောင်းနေခဲ့ရသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

“လူအုပ်ကို ကျွန်တော်တို့ ဖြိုခွဲခဲ့ရပြီး ဒုက္ခသည်တွေကို ပိုလုံခြုံတဲ့နေရာကို ရွှေ့ပြောင်းပေးမှာ ဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သီရိလင်္ကာရေတပ်က ကယ်ဆယ်ထားသည့် အဆိုပါ ရိုဟင်ဂျာ ဒုက္ခသည်များမှာ တတိယနိုင်ငံသို့ သွားရောက်ရန် စောင့်ဆိုင်းနေသူများ ဖြစ်သည်။

လူအုပ်ကြီးကို ဦးဆောင်သည့် ဘုန်းကြီးများထဲမှ တစ်ပါးက ကလေးချီထားသည့် ရိုဟင်ဂျာမိခင်တစ်ဦး၏ ပုံကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်ကာ ‘သူတို့တွေဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို သတ်တဲ့ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေပါ’ ဟု ရေးသားခဲ့သည်။ ၎င်းမှာ Sinhalese National Force ဟု အမည်ရသည့် အဖွဲ့မှ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်များတွင် သီရိလင်္ကာရှိ ဆင်ဟာလာ ဗုဒ္ဓဘာသာဘုန်းကြီးမျာမှာ မြန်မာအစိုးရကို ထောက်ခံသော ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာမွတ်စလင်များမှာ အကြမ်းဖက်သမားများ ဖြစ်သည်ဟု ပြောဆိုရှုတ်ချခဲ့ကြသည်။

နိုင်ငံ အရှေ့မြောက်ပိုင်းမှ တမီလ်စကားပြောသူများကမူ ရိုဟင်ဂျာမွတ်စလင်များအပေါ် မြန်မာစစ်တပ်က ကျူးလွန်မှုများကို ရှုတ်ချကြောင်း ယခုလအစောပိုင်းတွင် လူသိရှင်ကြား ဆန္ဒပြခဲ့ဖူးသည်။

Ref: Tamilguardian