နိုဝင်ဘာ ၄၊ ၂၀၁၂
M-Media
သတင်း-အမ်တူးအေ
ရန်ကုန် ။ ။ သစ္စာကွန်ယက်လူမှုအကျိုးပြုလုပ်ငန်း၏ မိတ်ဆုံအခမ်းအနားတစ်ရပ်ကို ဒီနေ့ (၄.၁၁.၁၂)နေ့တွင် ရန်ကုန်မြို့ City Star Hotel ၌ နေ့လည် (၂)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒေါက်တာသန်းမင်းထိုက်နှင့် ဒေါက်တာသန်းဝင်းတို့မှ ပရဟိတနှင့်ပတ်သက်၍ ဟောပြောခဲ့ပြီး တက်ရောက်သူ ၁၀၀-ကျော် ရှိခဲ့ပါသည်။
အခမ်းအနားတွင် ဒေါက်တာသန်းမင်းထိုက်မှ “အစ္စလာမ်နှင့်ပရိဟိတ” ခေါင်းစဉ်ဖြင့် ပြောကြားရာတွင် အရှင့်ဝတ်နှင့် လောက၀တ် နှစ်မျိုးလုံး ကျေပွန်ရန် လိုအပ်ကြောင်း၊ တစ်ဖန် ကျင့်ကြံမှုအပိုင်းတွင်လည်း ၀တ်ပြုခြင်း၊ ဒုက္ခအခက်အခဲရောက်နေချိန်တွင် ကြံ့ခိုင်သည်းခံစွာ ရပ်တည်ခြင်းတို့သည် တစ်ကိုယ်ရေ ကျင့်ကံမှုအပိုင်းဖြစ်ပြီး နီးစပ်သူများ (ဆွေမျိုးသားချင်း၊ မိဘ၊ အိမ်နီးချင်း၊ မိတ်ဆွေ အပေါင်းသင်းများ)၊ မိဘမဲ့များ၊ ဆင်းရဲသားများ၊ ခရီးသွားများနှင့် ဖုန်းဆောင်ယာစကာများကို ထောက်ပံ့ခြင်း၊ ဆင်းရဲသားဒါနကြေးပေးဆောင်ခြင်း၊ အချုပ်အနှောင်ခံတို့ လွတ်မြောက်ရေးကို စွမ်းဆောင်ခြင်း၊ ပေးထားသော ကတိစကားကို တည်အပ်ခြင်းတို့သည် အများနှင့်ဆိုင်သော ပရဟိတ အကျိုးအတွက် ကျင့်ကြံအပ်သောအပိုင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်ကောင်း တစ်ယောက် ဖြစ်စေရန် ယုံကြည်ကိုးကွယ်မှု သက်သက်ဖြင့် မလုံလောက်သေးပဲ ပရဟိတလုပ်ငန်း ဆောင်ရွက်မှသာ ပြည်စုံမည်ဟု ကိုးကွယ်ရာ အရှင်မြတ်အလ္လာဟ်က သတိပေးထားခြင်းလည်းဖြစ်ကြောင်းကို ပြောကြားခဲ့သည်။
တဖန် ဒေါက်တာ မင်းသူမှ သစ္စာကွန်ယက်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောပြပါသည်။ မြန်မာနိုင်ငံသားအားလုံး ဆင်းရဲခြင်း လွတ်ကင်းပြီး လူနေမှုအဆင့်အတန်းမြင့်မားကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကိုယ်ကျင့်တရား အဖက်ဖက်တို့၌ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သစ္စာကွန်ယက်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒို့အမွေ ပရဟိတလုပ်ငန်းမှ ကိုထွန်းထွန်းဝင်းသည် သစ္စာကွန်ယက်သို့ မုဒိတာစကားပြောကြားရာတွင် သစ္စာကွန်ယက်နှင့် ဒို့အမွေပရဟိတ လုပ်ငန်းတို့ ချိတ်ဆက်မိပြီး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ အောင်မြင်မှုရှိခဲ့တဲ့ လုပ်ငန်းစဉ်များကို ပြောကြား သွားခဲ့ပါသည်။
နောက်ဆုံးအနေနဲ့ ဒေါက်တာသန်းဝင်းမှ အစ္စလာမ်အပေါ် အခြား သူတို့အမြင်များ ခေါင်းစဉ်ဖြင့် ပြောကြားခဲ့သည်။ အစ္စလာမ်အပေါ် အခြားဘာသာများ၏ အမြင်များကို ဆရာမောင်ဆုရှင်၏ ပြောကြားချက်များနှင့် ဆရာပါရဂူ၏ ပြောကြားချက်များကို ပြောကြားခဲ့ပြီး အခမ်းအနားကို ရပ်နားခဲ့ကြပါသည်။
သစ္စာကွန်ယက်သည် လူမျိုးဘာသာ မခွဲခြားပဲ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ရန် ရည်သန်၍ စိတ်တူကိုယ်တူ မြန်မာမွတ်စလင်မ် လူငယ်တစ်စုမှ ၂၀၁၁-ခုနှစ် နှစ်ကုန်ပိုင်းတွင် ကိုယ်ထူကိုယ်ထ တစ်နိုင်တစ်ပိုင် ရန်ပုံငွေမတည်ပြီး ဖွဲ့စည်းခဲ့သော လူမှုအကျိုးပြုလုပ်ငန်းတစ်ခုဖြစ်သည်။ သစ္စာကွန်ယက်၏ ဆောင်ပုဒ်မှာ ‘ချစ်ခြင်းမေတ္တာ၊ ဥာဏ်ပညာနှင့် ငြိမ်းချမ်းကမ္ဘာ’ဟူ၍ ဖြစ်သည်။
Leave a Reply
You must be logged in to post a comment.