News @ M-Media

အစွန်းရောက် ဘာသာရေးခေါင်းဆောင်တစ်ဦးကို အင်ဒိုက သေဒဏ်ချ

ဇွန် ၂၂၊ ၂၀၁၈
M-Media

 

– ၂၀၁၆ ခုနှစ် မြို့တော် ဂျကာတာတစ်ဝိုက် IS က ပြုလုပ်ခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သတ်မှုနဲ့ ဘာသာရေးခေါင်းဆောင်တစ်ယောက်ကို အင်ဒိုနီးရှားနိုင်ငံက ဒီကနေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

အေမန် အဘ်ဒူရဟ်မန်ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေက အေမန်ဟာ IS ရဲ့ အယူဝါဒပိုင်းဆိုင်ရာမှာ အဓိကပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် ဆူရာဘယာမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်သူ ၁၃ ဦး အပါအ၀င် လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။

ဆူရာဘာယာက တိုက်ခိုက်မှုကို မိသားစုနှစ်စုက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီကိစ္စ ဦးဆောင်သူတွေဟာ အဘ်ဒူရဟ်မန်ကို အားကျတဲ့ တိုက်ခိုက်ရေးသမားကွန်ယက်ကလူတွေ ဖြစ်တယ်လို့ အစိုးရအာဏာပိုင်တွေက ဆိုပါတယ်။

အနောက်ဂျာဗာက သူ့နေအိမ်မှာ လုပ်ထားတဲ့ ဗုံးတစ်လုံး မတော်တဆ ပေါက်ကွဲမှုအပြီး ၂၀၀၄ ခုနှစ်မှာ အေမန်ဟာ ထောင်ကျခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာလည်း အာချေးပြည်နယ်က တောင်တန်းတွေပေါ်မှာ လက်နက်ကိုင်လေ့ကျင့်ရေးစခန်း ဖွင့်ခဲ့တဲ့အတွက် ထောင်ထပ်ကျခဲ့ပါတယ်။

အဲဒီနောက်ပိုင်း နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို အေမန်က ထောင်တွင်းကနေ ညွှန်ကြားခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ဒီကနေ့အမိန့်ချမှတ်မှုမှာ တရားသူကြီးတွေက အေမန်အတွက် သက်ညှာမှု လုံးဝမပေးနိုင်ဘူးလို့ ပြောကြားခဲ့ပြီး အယူခံဝင်မလားဆိုတာ စဉ်စားဖို့ အချိန် ၇ ရက် ပေးခဲ့ပါတယ်။

အေမန်ဟာ Jemaah Anshorut Daulah အဖွဲ့ကို ဖွဲ့စည်းထားပြီး ဒီအဖွဲ့ဟာ IS အဖွဲ့ကို သစ္စာခံတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ဒီကနေ့ အမိန့်ချမှတ်မှုအတွက် မြို့တော်ဂျကာတာမှာ အင်ဒိုနီးရှားအစိုးရက လုံခြုံရေးကို ထူထပ်စွာ ချထားခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ သေဒဏ်ကို လက်ဖြောင့်တပ်ဖွဲ့နဲ့ စီရင်တာ ဖြစ်ပါတယ်။

Ref: Aljazeera