News @ M-Media

ခရိုက်ချက်ဗလီကို အကြမ်းဖက်သူ၏ ၀ါဒဖြန့်စကားများကို မထုတ်လွှင့်ဟု နယူးဇီလန်မီဒီယာများ ကတိပြု

မေ ၁၊ ၂၀၁၉
M-Media

အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် အလ်-နူရ် ဗလီဝတ်ကျောင်းတော်

– မတ်လ ၁၅ ရက်နေ့က ခရိုက်ချက်မြို့မှာရှိတဲ့ ဗလီနှစ်လုံးကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူဖြူအစွန်းရောက် ဘရန်တန် တားရန့်ရဲ့အမှု ကြားနားရာမှာ သူထွက်ဆိုမယ့် လူဖြူအစွန်းရောက်ဝါဒ ၀ါဒဖြန့်စကားတွေကို ဖော်ပြမှာမဟုတ်ဘူးလို့ နယူးဇီလန်ရဲ့ အဓိက မီဒီယာလုပ်ငန်းကြီးတွေက ဒီကနေ့မှာ ကတိပြု ပြောကြားလိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ် သြစတေးလျနိုင်ငံသား ဘရန်တန်ရဲ့ ပစ်ခတ်မှုအတွင်း လူ ၅၀ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဘရန်တန်ကို လူသတ်မှု စွဲချက် ၅၀၊ လူသတ်ရန်ကြိုးစားမှု စွဲချက် ၃၉ ခုနဲ့ တရားစွဲဆိုထားတာပါ။ အစိုးရက သူ့အတွက် ရှေ့တစ်ဦး ခန့်ပေးခဲ့ပေမယ့် ဘရန်တန်က ငြင်းဆိုခဲ့ပြီး သူ့ကိုယ်တိုင် အမှုရင်ဆိုင်မယ်လို့ ပထမဆုံးရုံးချိန်မှာ ပြောကြားခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံး ရုပ်သံဌာန ၂ ခု၊ အကြီးဆုံး သတင်းစာကုမ္ပဏီနှစ်ခုနဲ့ ရေဒီယိုတစ်ခုတို့ လက်မှတ်ရေးထိုးခဲ့တဲ့ ဒီကနေ့ သဘောတူညီချက်မှာ ဘရန်တန်ဟာ ကြားနာမှုတွေကို အသုံးပြုပြီး လူဖြူအစွန်းရောက်ဝါဒအကြောင်း ၀ါဒဖြန့်မယ်ဆိုတာ သိရှိထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် တရားခွင်အတွင်း သူ့ရဲ့ထွက်ဆိုမှုတွေကို ဖော်ပြမှာမဟုတ်သလို၊ အကြမ်းဖက်တိုက်ခိုက်မှုမလုပ်ခင် တားရန့်ရေးခဲ့တဲ့ ကြေငြာစာတမ်း၊ ပထမဆုံးရုံးချိန်မှာ လူဖြူအစွန်းရောက်အမှတ်အသားကို လက်နဲ့လုပ်ပြခဲ့တဲ့ ပုံရိပ်တွေကိုလည်း ဖော်ပြမှာမဟုတ်ဘူးလို့ မီဒီယာလုပ်ငန်းတွေက ပြောကြားခဲ့ပါတယ်။

Television New Zealand ရုပ်သံရဲ့ သတင်းဌာနအကြီးအကဲ ဂျွန် ဂီလက်စ်ပီက သေနတ်သမား ဘရန်တန်ဟာ တရားခွင်  ကြားနာမှုတွေကို အသုံးပြုပြီး သူ့ရဲ့ အစွန်းရောက် နိုင်ငံရေးအမြင်တွေ ၀ါဒဖြန့်တာကို သတင်းဌာနတွေက မလိုလားကြောင်း၊ ဒီအကြောင်းသတင်းတွေကို ဂရုတစ်စိုက် ထုတ်လွှင့်ဖို့ စီစဉ်ထားတာကို တရားသူကြီးတွေထံ အသိပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။

မီဒီယာဌာနတွေဟာ သတင်းတွေဖော်ပြရာမှာ ပုံမှန်အားဖြင့် ပြိုင်ဆိုင်လေ့ရှိပေမယ့် အခုကိစ္စအတွက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိထားတယ်လို့လည်း ဂျွန်က ဆိုပါတယ်။

တားရန့်ရဲ့ နောက်တစ်ကြိမ်ရုံးချိန်းဟာ ဇွန်လ ၁၄ ရက်နေ့ ဖြစ်ပါတယ်။

Ref: AP