News @ M-Media

အစ္စရေးနိုင်ငံသားများအား ဝင်ရောက်ခွင့်ပြုသည်ဆိုသည့် သတင်းကို ဆော်ဒီငြင်း

ဇန်နဝါရီ ၂၈၊ ၂၀၂၀
M-Media

-အစ္စရေးနိုင်ငံသားတွေ ဆော်ဒီကို လာရောက်လည်ပတ်လို့ရမယ်ဆိုတဲ့ သတင်းတွေကို ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုက်ဇဲလ် ဘင် ဖာရ်ဟန်က ငြင်းဆိုလိုက်ပြီး အစ္စရေးနိုင်ငံသားတွေကို လက်ခံမှာမဟုတ်ဘူးလို့ မနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဆော်ဒီအာရေဗျဟာ အခြားအာရပ်နိုင်ငံတွေလိုပဲ အစ္စရေးနဲ့ သံတမန်အဆက်အသွယ် မရှိပါဘူး။ အစ္စရေးပြည်ထဲရေးဝန်ကြီးက နိုင်ငံသားတွေအနေနဲ့ ဆော်ဒီကို စီးပွားရေးကိစ္စ၊ ဘာသာရေးကိစ္စတွေအတွက် သွားရောက်လို့ရပြီလို့ တနင်္ဂနွေနေ့မှာ ပြောခဲ့တာပါ။

ဝန်ကြီး ဖိုက်ဇဲလ်က မိမိတို့ပေါ်လစီဟာ အရင်အတိုင်းပဲ ဆက်ရှိသွားမှာဖြစ်ကြောင်း၊ အစ္စရေးနဲ့ သံတမန်အဆက်အသွယ် မရှိတဲ့အတွက် အစ္စရေးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ နိုင်ငံအတွင်းကို လာရောက်လည်ပတ်လို့ရမှာ မဟုတ်ကြောင်း CNN သတင်းဌာနရဲ့ အာရဘီဘာသာစကားဌာနကို မနေ့မှာ ပြောကြားခဲ့ပါတယ်။

“အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိမှသာ ဒေသတွင်း အစ္စရေးရဲ့ ပါဝင်ပတ်သက်မှုကိစ္စက စားပွဲ၀ိုင်းပေါ် ရောက်လာမှာပါ”

အစ္စရေးဟာ ဂျော်ဒန်၊ အီဂျစ် ၂ နိုင်ငံနဲ့သာ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိထားပြီး ပါလက်စတိုင်းပိုင်နက်တွေကို ဆက်လက်ကျူးကျော်သိမ်းပိုက်မှုက အခြားအာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အဟန့်အတား ဖြစ်နေပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လအနည်းအငယ်အတွင်း ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်အောင် အစ္စရေးက ဆောင်ရွက်လာခဲ့ပါတယ်။

Ref: Saudi Gazette