News @ M-Media

ကတိဖောက်ဖျက်၍ လာဒက်ခ်ဒေသတွင် တရုတ်က စစ်တပ်အမြောက်အများချထားဟု အိန္ဒိယပြော

ဇွန် ၂၆၊ ၂၀၂၀
M-Media

– ဟိမ၀န္တာတောင်တန်းက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဒေသမှာ တရုတ်က နှစ်နိုင်ငံ သဘောတူညီချက်ကို ဖောက်ဖျက်ပြီး စစ်တပ်နဲ့ လက်နက်တွေ အမြောက်အများ ချထားတယ်လို့ အိန္ဒိယနိုင်ငံက စွပ်စွဲပြောကြားလိုက်ပါတယ်။

ကက်ရှ်မီးယားဒေသအစွန် လာဒက်ခ်ဒေသဟာ အိန္ဒိယနဲ့ တရုတ်တို့အကြား ဆယ်စုနှစ်ချီ ပိုင်ဆိုင်မှု အငြင်းပွားခဲ့တဲ့ နေရာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာတော့ နှစ်ဖက်စစ်သားတွေ ခိုက်ရန်ဖြစ်ပွားကြလို့ အိန္ဒိယစစ်သား အနည်းဆုံး ၂၀ သေဆုံးခဲ့ပါတယ်။

ဒီအဖြစ်ရပ်အတွက် နှစ်ဖက်အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အနူရဂ် ဆရီ ဗက်စ်တာဗာက တရုတ်ဟာ နှစ်နိုင်ငံသဘောတူညီချက်ကို ချိုးဖောက်ကာ အငြင်းပွားဒေသအတွင်း စစ်တပ်တွေ၊ လက်နက်တွေ အမြောက်အများချထားတာက အဓိကပြဿနာဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အငြင်းပွားဒေသမှာ တပ်ဖွဲ့ဝင်တွေ အကန့်အသတ်နဲ့ထားဖို့အတွက် အိန္ဒိယနဲ့ တရုတ်တို့ဟာ ၁၉၉၃ ခုနှစ်က သဘောတူထားတာပါ။

ဗက်စ်တာဗာက တရုတ်က တပ်ဖွဲ့ဝင်တွေ အမြောက်အများချထားတာကို တုန့်ပြန်ဖို့အတွက် မိမိတို့ဖက်ကလည်း အဲဒီနေရာမှာ တပ်ဖွဲ့တွေ ထပ်ချထားတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုဖြစ်ပွားပြီး ရက်အနည်းငယ်အကြာမှာ အငြင်းပွားဒေသ လာဒက်ခ်ရဲ့ ဂြိုဟ်တုဓာတ်ပုံတွေ ပေါ်ထွက်လာပြီး တရုတ်က စစ်စခန်းတွေ ဆောက်လုပ်ထားတာကို တွေ့ခဲ့ရပါတယ်။

Ref: Aljazeera