News @ M-Media

စစ်ခေါင်းဆောင်များကို ပိတ်ဆို့အရေးယူရေး ဥရောပသမဂ္ဂ စီစဉ်နေ

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁
M-Media

-အာဏာသိမ်း မြန်မာစစ်ခေါင်း​ဆောင်တွေအပေါ် သီးသန့်ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့အတွက် ဥရောပသမဂ္ဂက စီစဉ်နေပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါတယ်။

မနေ့က အဖွဲ့ဝင် သံတမန်တွေရဲ့ ဆွေးနွေးမှုမှာ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေအ​ပေါ် ပိတ်ဆို့အရေးယူရေး ဥရောပသမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာအကြီးအကဲကို တိုက်တွန်းမယ့် အဆိုတစ်ခုကို အဖွဲ့၀င်နိုင်ငံ သံတမန်တွေက အတည်ပြုခဲ့ပါတယ်။

“စစ်အာဏာသိမ်းမှုကို တုန့်ပြန်တဲ့အနေနဲ့ အဲဒီအာဏာသိမ်းမှုမှာ ပါဝင်တဲ့ အဓိက တာဝန်ရှိသူတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး ကန့်သတ်အရေးယူမှုတွေလုပ်ဆောင်ဖို့ ဥရောပသမဂ္ဂက အဆင်သင့် ဖြစ်နေပါပြီ”

ဒီအရေးယူမှုမှာ မြန်မာပြည်သူလူထုကို ထိခိုက်စေမယ့် ကုန်သွယ်ရေးပိတ်ဆို့မှုတွေ ပါဝင်မှာမဟုတ်ဘူးလို့ အဖွဲ့ဝင်သံတမန်တွေက ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို ဖိနှိပ်ညှင်းပမ်းမှုနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂဟာ မြန်မာစစ်ခေါင်းဆောင် ၁၄ ဦးကို ဗီဇာပိတ်တာ၊ ပိုင်ဆိုင်မှုထိန်းချုပ်တာ၊ လက်နက်ရောင်းချမှု ပိတ်ပင်တာတွေ လုပ်ဆောင်ထားပါတယ်။

အာဏာသိမ်းမှုမှာ ပါဝင်တဲ့သူတွေအပေါ်လည်း ဒီလိုပိတ်ဆို့မှုမျိုးကိုသာ ဦးစားပေး ဆောင်ရွက်ဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ပြဿနာကို ညှိနှိုင်းဆွေးနွေးမှုကနေတစ်ဆင့် အဖြေရှာဖို့ ဥရောပသမဂ္ဂက လိုလားပြီး မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်တယ်လို့ အဆိုမူကြမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒေါ်အောင်းဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးဖို့၊ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးကို လေးစားဖို့၊ အကြမ်းဖက် ဖိနှိပ်မှုမလုပ်ဖို့လည်း အဆိုမှာ တိုက်တွန်းထားပါတယ်။

“ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေအပေါ် စစ်တပ်နဲ့ရဲတို့က ဖိနှိပ်ညှမ်းပမ်းတာကို ဥရောပသမဂ္ဂက ရှုတ်ချပါတယ်။ အာဏာပိုင်တွေက အဆုံးစွန်အထိ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ ပါဝင်ပတ်သက်သူအားလုံး အကြမ်းဖက်မှုကို ရှောင်ရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်”

ဒီအဆိုမူကြမ်းကို တနင်္လာနေ့ပြုလုပ်မယ့် ဥရောပသမဂ္ဂအစည်းအဝေးမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

Ref: Euro Observer