News @ M-Media

ဆက်ဆံရေးပြန်ကောင်းအောင် အစ္စရေးနှင့် တူရကီတို့ကြိုးပမ်း

ဇူလိုင် ၁၅၊ ၂၀၂၁
M-Media

-နှစ်နိုင်ငံအကြား ဆိုးရွားတဲ့ဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေး တူရကီနဲ့ အစ္စရေးသမ္မတတို့က ဖုန်းခေါ်ဆို ဆွေးနွေးမှုအတွင်း သဘောတူခဲ့ကြပါတယ်။

ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှု၊ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှုအတွက် ၂၀၁၈ ခုနှစ်မှာ တူရကီက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ ဆက်ဆံရေးဆိုးရွားကာ နှစ်ဖက် သံတမန်တွေ မောင်းထုတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

တနင်္လာနေ့က အစ္စရေးသမ္မတသစ် အိုက်ဇက် ဟာဇွဂ်ကို ဖုန်းခေါ်ပြီး ဂုဏ်ပြုစကားပြောဆိုရာမှာ တူရကီသမ္မတ အာဒိုဂန်က နှစ်နိုင်ငံဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ဖို့ပါ ပြောကြားခဲ့ပါတယ်။

“ဒီဖုန်းခေါ်မှုမှာ မူဘောင်တစ်ခု ပေါ်ထွက်လာပြီး တိုးတက်အောင်လုပ်ဆောင်နိုင်တဲ့ ကိစ္စတွေ၊ ပြဿနာဖြစ်နေတဲ့ နယ်ပယ်တွေကို ဖြေရှင်းနိုင်မယ့် လုပ်ဆောင်ချက်တွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” လို့ ​တူရကီအာဏာရပါတီ AKP ရဲ့ ပြောရေးဆိုခွင့်ရှိသူ အိုမာရ် စီလစ်က ပြောပါတယ်။

အစ္စရေးနဲ့ ဆွေးနွေးရမယ့်ကိစ္စမှာ ပါလက်စတိုင်းပြဿနာ ပါဝင်ပြီး ခရီးသွားလာရေးနဲ့ ကုန်သွယ်ရေးမှာ နှစ်ဖက်စလုံး အကျိုးရှိတဲ့ အခြေအနေမျိုးဖြစ်အောင် ဖန်တီးဖို့လည်း ပါဝင်တယ်လို့ အိုမာရ် စီလစ်က ဆိုပါတယ်။

တူရကီနဲ့ အစ္စရေးတို့ဟာ နိုင်ငံရေးအရ အငြင်းပွားမှု ရှိနေပေမယ့် ခိုင်မာတဲ့ ကုန်သွယ်မှုဆက်ဆံရေး ရှိနေပါတယ်။

အာဒိုဂန်က မိမိအနေနဲ့ ဆွေးနွေးညှိနှိုင်းမှုကို တန်ဖိုးထားပြီး တူရကီ-အစ္စရေး ဆက်ဆံရေးဟာ ဒေသတည်ငြိမ်ရေးအတွက် သော့ချက်ဖြစ်တယ်လို့လည်း အစ္စရေးသမ္မတနဲ့ ဖုန်းခေါ်ဆိုမှုမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်းပြဿနာ ဖြေရှင်းရေးမှာ တူရကီဟာ နှစ်နိုင်ငံတည်ရှိရေးအဖြေကိုသာ ထောက်ခံကြောင်း အာဒိုဂန်က ဒီဆွေးနွေးမှုမှာ ပြောခဲ့ပါတယ်။

တူရကီဟာ သံတမန်ရေး အဆင်မပြေဖြစ်နေတဲ့ ဆော်ဒီအာရေဗျ၊ အီဂျစ်တို့နဲ့လည်း ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်လာပါတယ်။

Ref: Aljazeera