News @ M-Media

အလ်အက်ဆွာဗလီကို အစ္စရေးတပ်ဖွဲ့များက အရုဏ်တက်၀တ်ပြုချိန်တွင် ၀င်ရောက်စီးနင်း

ဧပြီ ၁၅၊ ၂၀၂၂

M-Media


-ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်က အလ်အက်ဆွာ ဗလီ၀တ်ကျောင်းတော်ကို အစ္စရေးတပ်ဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ ၀င်ရောက်စီးနင်းခဲ့ပြီး ဒီအဖြစ်အပျက်မှာ အနည်းဆုံး ပါလက်စတိုင်း ၉၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ ရမ်ဇာန်ဥပုသ်လရောက်တိုင်း အလ်အက်ဆွာဗလီကို ၀င်ရောက်ကာ ပါလက်စတိုင်းပြည်သူတွေကို နှောက်ယှက်လေ့ရှိပြီး ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ပါတယ်။ 

အရုဏ်တက် ၀တ်ပြုဆုတောင်းဖို့ လူထောင်ချီစု၀ေးနေတဲ့အချိန် အစ္စရေးတပ်ဖွဲ့တွေဟာ ရာဘာကျည်ဆံတွေ၊ မျက်ရည်ယိုဗုံးတွေသုံးကာ ရုတ်တရက် ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။  ၀တ်ပြုသူတွေဟာ အစ္စရေးတပ်ဖွဲ့တွေ မ၀င်နိုင်ရေး လူတံတိုင်းကာခဲ့သလို ခဲလုံးတွေနဲ့လည်း ပစ်ပေါက်ခဲ့ကြပါတယ်။

အလ်အက်ဆွာဗလီ ဂေါပကအဖွဲ့က အစောင့်တစ်ဦး ရာဘာကျည်နဲ့ မျက်လုံးကို အပစ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။ ဒီအဖြစ်အပျက်အတွင်း အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၉၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေကို သယ်ဖို့သွားတဲ့ လူနာတင်ယာဥ်တွေကိုလည်း အစ္စရေးတပ်ဖွဲ့တွေက ဟန့်တားခဲ့တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။

အစ္စရေးကတော့ ၀တ်ပြုမှုအပြီးမှာ ပါလက်စတိုင်းတွေ အုံကြွလာတာကို လူစုခွဲဖို့ စီးနင်းခဲ့တာဖြစ်ပြီး၊ ပါလက်စတိုင်းတွေက ခဲတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ 

အစ္စရေးမှာရှိတဲ့ လက်ယာစွန်းရောက်ဂျူးတွေက အလ်အက်ဆွာဗလီကို စီးနင်းဖို့၊ ဂျူးဘာသာရေးပွဲတော် Passover ကို ဗလီပရ၀ုဏ်ထဲမှာ ကျင်းပဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်တွန်းဆော်သြမှုတွေ လုပ်လာခဲ့ပြီးတဲ့နောက် အခုလို ၀င်ရောက်စီးနင်းမှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ရမ်ဇာန်ဥပုသ်လကလည်း အစ္စရေးတပ်ဖွဲ့တွေဟာ အလ်အက်ဆွာဗလီကို အကြိမ်ကြိမ်း၀င်ရောက်စီးနင်းခဲ့ပြီး၊ အဲဒီနောက်ဆက်တွဲ ဂါဇာကမ်းမြှောင်ဒေသမှာဖြစ်ပွားတဲ့ လူထုအုံကြွမှုမှာ အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၃၂ ဦး အသတ်ခံခဲ့ရပါတယ်။

 Ref: Aljazeera