News @ M-Media

Cryptocurrency ခိုးယူမှုမှာ ပြိုင်ဖက်ကင်းလာတဲ့ မြောက်ကိုရီးယား

ဖေဖော်၀ါရီ ၈၊ ၂၀၂၃

M-Media 


-၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားဟာ Cryptocurrency လို့ခေါ်တဲ့ ဆိုက်ဘာငွေကြေးကို သမိုင်းတစ်လျှောက် အများဆုံးခိုးယူနိုင်ခဲ့တယ်လို့ လေ့လာလာမှုတစ်ခုမှာ တွေ့ရပါတယ်။ 

နိုင်ငံခြားလေကြောင်းကုမ္ပဏီတွေ၊ ကာကွယ်ရေးကုမ္ပဏီတွေကို အဓိက ပစ်မှတ်ထားတာပါ။ 

ဘဏ္ဍာရေးနဲ့သက်ဆိုင်တဲ့ အွန်လိုင်းကွန်ယက်တွေကို ထိုးဖောက်၀င်ရောက်ဖို့အတွက် နောက်ဆုံးပေါ် ဆိုက်ဘာတိုက်ခိုက်ရေး နည်းလမ်းတွေကို မြောက်ကိုရီးယားက အသုံးပြုနိုင်လာပြီး လက်နက်ထုတ်လုပ်ရေးလို ငွေကြေးအရ အလွန်တန်ဖိုးရှိတဲ့ စီမံကိန်းအချက်အလက်တွေကို ခိုးယူမှု လုပ်နိုင်လာတယ်လို့ ကုလလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားအရေး စောင့်ကြည့်အဖွဲ့ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

ဒီလို ဆိုက်ဘာတိုက်ခိုက်မှုတွေကနေ ငွေကြေးရှာပြီး နျူစီမံကိန်းနဲ့ လက်နက်စီမံကိန်းတွေ လုပ်ဆောင်နေတယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲထားပြီး မြောက်ကိုရီးယားကတော့ ဒါကို ငြင်းပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်း ဆိုက်ဘာတိုက်ခိုက်မှုကနေ မြောက်ကိုရီးယားဟာ ကန်ဒေါ်လာ သန်း ၆၃၀ လောက် ရရှိခဲ့တယ်လို့ တောင်ကိုရီးယားက ခန့်မှန်းပြီး ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီတစ်ခုကတော့ ၁ ဘီလီယံလောက် ရှိတယ်လို့ ဆိုပါတယ်။ 

ခိုးယူမှုနည်လမ်းတွေက အလွန်အဆင့်မြင့်တာကြောင့် နောက်ပိုင်းမှာ ခြေရာခံဖို့ ခက်ခဲတယ်လို့ ကုလရဲ့ မြောက်ကိုရီးယားစောင့်ကြည့်အဖွဲ့က ပြောပါတယ်။ 

အသေးစိတ်အချက်အလက်တွေကို ဒီလ ဒါမှမဟုတ် နောက်လအစောပိုင်းမှာ စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ဖို့ ရှိနေပါတယ်။ 

Ref: Reuters