News @ M-Media

ဂျော်ဒန်မှာ အနူလက်သီး မိသွားတဲ့ အမေရိကန်

ဇန်န၀ါရီ ၂၉၊ ၂၀၂၄

M-Media


-Tower 22 လို့ အမည်တွင်တဲ့ ဂျော်ဒန်က အမေရိကန် စစ်အခြေစိုက်စခန်းဟာ တနင်္ဂနွေနေ့မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရပါတယ်။ 

တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ၃၄ ဦး ဒဏ်ရာရတယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ 

ဂါဇာမှာ အစ္စရေးက လူသတ်ပွဲစတဲ့ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အရှေ့အလယ်ပိုင်းမှာ အမေရိကန်တွေ ပထမဆုံး အထိနာတဲ့ တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ 

အီရတ်မှာအခြေစိုက်ပြီး အီရန်ကျောထောက်နောက်ခံပြုထားတဲ့ လက်နက်ကိုင်အဖွဲ့ Islamic Resistance က တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ထုတ်ပြန်ပါတယ်။ 

လူပေါင်း ၂၆၀၀၀ ကျော် အသတ်ခံထားရတဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲမှာ အမေရိကန်က ပံ့ပိုးပေးနေတာကို လက်တုန့်ပြန်တာလို့လည်း ဆိုပါတယ်။ 

အမေရိကန်က သမ္မတ ဂျိုးဘိုင်ဒန်က တိုက်ခိုက်သူတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်လို့ ကတိပြု ပြောဆိုပါတယ်။ 

Tower 22 

————-

Tower 22 ဟာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းက ထောက်ပို့စခန်းတစ်ခုပါ။ 

ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆီးရီးယား၊ အီရတ်တို့နဲ့ ကပ်နေတဲ့ ဒေသမှာ တည်ရှိပါတယ်။ အမေရိကန် ကြည်းတပ်နဲ့ လေတပ်က စစ်သား အနည်းဆုံး ၃၅၀ လောက်ရှိပြီး လက်နက်တွေလည်း တော်တော်များများရှိပါတယ်။ 

ဒီလိုစခန်းမျိုးမှာ လေကြောင်းရန်ကာကွယ်ရေးစနစ် ချမထားဘူးလား၊ ဒါမှမဟုတ် အလုပ်မလုပ်တာလား စတဲ့ မေးခွန်းတွေက တိုက်ခိုက်ခံရမှုအပြီးမှာ မြင့်တက်လာပါတယ်။ 

ဆီးရီးယားနိုင်ငံ အလ်-တနက်ဖ်မြို့က ကန်စစ်သား ၂၅၀၀ လောက် လက်ရှိ ရှိနေတဲ့ စစ်စခန်းအတွက် Tower 22 က အဓိက ထောက်ပို့ဌာန ဖြစ်ပါတယ်။ 

အရှေ့အလယ်ပိုင်းမှာ ဂျော်ဒန်ဟာ အမေရိကန်နဲ့ နီးကပ်တဲ့ စစ်ရေးဆက်ဆံမှုရှိပြီး၊ အမေရိကန်ကပေးတဲ့ စစ်ရေးအထောက်အပံ့ အများဆုံးရတဲ့ နိုင်ငံအနည်းငယ်ထဲမှာလည်း ဂျော်ဒန် ပါ၀င်ပါတယ်။ 

နောက်ကျောမလုံ

——————-

အောက်တိုဘာ ၇ ရက်နေ့က ဂါဇာမှာစတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲနောက်ပိုင်း အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်းတွေဟာ ပိုမို တိုက်ခိုက်ခံလာရပါတယ်။ 

အီရတ်နဲ့ ဆီးရီးယားက အမေရိကန်စစ်စခန်းတွေဟာ ၃ လအတွင်း တိုက်ခိုက်မှုပေါင်း ၁၇၀ ကျော်ကို ကြုံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေကို အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင် အဖွဲ့အစည်းတွေက လုပ်ဆောင်တာပါ။ 

Tower 22 ကို တိုက်ခိုက်ခဲ့တဲ့ Islamic Resistance က အစ္စရေးရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန် စစ်စခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

Ref: Aljazeera