News @ M-Media

ပြည်တွင်းထုတ် အဆင့်မြင့် တိုက်လေယာဥ်ဖြင့် ကမ္ဘာ့စျေးကွက်ကို ၀င်ရောက်တော့မည် တူရကီ

ဖေဖော်၀ါရီ ၂၄၊ ၂၀၂၄

M-Media 


-ကမ္ဘာ့ဒရုန်းစျေးကွက်ကို ပြည်တွင်းဖြစ် Bayraktar TB2 နဲ့ စိုးမိုးခဲ့တဲ့ တူရကီဟာ တိုက်လေယာဥ်စျေးကွက်ကိုလည်း ၀င်ရောက်ဖို့ ကြိုးစားလာပါတယ်။ 

၂၀၁၆ ခုနှစ်က စတင်ခဲ့တဲ့ တူရကီရဲ့ တိုက်လေယာဥ် ထုတ်လုပ်ရေး စီမံကိန်း TF-X ဟာ ဇန်န၀ါရီ နှောင်းပိုင်းက Kaan လို့ အမည်ပေးထားတဲ့ မျိုးဆက်သစ် တိုက်လေယာဥ်တစ်စင်းကို စမ်းသပ်မောင်းနှင်ပြခဲ့ပါတယ်။ 

၁၃ မိနစ်ကြာ မောင်းနှင်မှုအတွင်း အမြင့်ပေ ၈ ထောင်အထိ ရောက်ရှိခဲ့ပြီး အမြန်နှုန်းက တစ်နာရီ ၂၃၀ မိုင် ရှိပါတယ်။ 

ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်မယ်ဆိုတဲ့ သတင်းကြောင့် အမေရိကန်ရဲ့ အဆင့်မြင့် F-35 တိုက်လေယာဥ် တူရကီက ၀ယ်မယ့်အစီအစဥ်ဟာ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ 

ဒါ့ကြောင့် မျိုးဆက်သစ် Kaan တိုက်လေယာဥ် ထုတ်လုပ်ရာမှာ အမေရိကန်ထုတ် တိုက်လေယာဥ်တွေမှာ သုံးတဲ့ နည်းပညာမျိုးတွေ အသုံးပြုနိုင်အောင် ပြင်ဆင်ခဲ့ပါတယ်။ 

ဉာဏ်ရည်တုနည်းပညာ AI ထည့်သွင်းထားမယ့် ဆဌမမျိုးဆက် တိုက်လေယာဥ်တွေအထိ ထုတ်လုပ်ဖို့ တူရကီက ရည်မှန်းထားပါတယ်။ 

Kaan တိုက်လေယာဥ်ဟာ စတုတ္ထနဲ့ ပဥ္စမမျိုးဆက်ကြားက အမျိုးအစားမျိုး ဖြစ်ပါတယ်။ ကိုယ်ပျောက်နိုင်စွမ်းရှိပြီး အသံမြန်နှုန်းထက် ၁ ဒဿမ ၈ ဆ ကနေ၊ ၂ ဒဿမ ၂ ဆအထိ မြန်မြန် မောင်းနှင်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ 

တူရကီလေတပ်မှာ လက်ရှိ အသုံးပြုနေတဲ့ အမေရိကန်ထုတ် F-16 တိုက်လေယာဥ်တွေ အနားပေးမယ့် ၂၀၃၀ နောက်ပိုင်းမှာ Kaan ကို အစားထိုးသွားမှာ ဖြစ်ပါတယ်။ 

၂၀၂၄ ရောက်ရင် Kaan တိုက်လေယာဥ် အဆင်း ၃၀၀ လောက် အသုံးပြုနိုင်ဖို့လည်း တူရကီက ရည်မှန်းထားပါတယ်။ လက်ရှိ တူရကီရဲ့ စီးပွားရေးအခြေအနေကြောင့် အမြောက်အများ ထုတ်လုပ်နိုင်မလား ဆိုတဲ့အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ 

တူရကီရဲ့ TF-X တိုက်လေယာဥ်ထုတ်လုပ်မှု စီမံကိန်းဟာ ပါကစ္စတန်နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ Kaan လို အဆင့်မြင့်တိုက်လေယာဥ်မျိုး ထုတ်လုပ်လာနိုင်မှုဟာ နောက်ဆုံးပေါ် လက်နက်တွေအတွက် ပါကစ္စတန်က တရုတ်အပေါ် မှီခိုနေရမှုကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ 

တူရကီဟာ Kaan တိုက်လေယာဥ်ကို ကမ္ဘာ့စျေးကွက်တင်မှာဖြစ်ပြီး အမေရိကန်ရဲ့ F-16၊ F-22 နဲ့ F-35 တိုက်လေယာဥ်တွေကို ၀ယ်ယူဖို့ စဥ်းစားနေတဲ့ နိုင်ငံတွေကို ရွေးချယ်စရာ နောက်တစ်ခုအဖြစ် စွဲဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ 

Ref: Asia Times