News @ M-Media

Author: M-Media

  • အလှအပအလွန် ဟီရိသြတ္တပနှင့် ယုံကြည်ချက် ကိန်းဝပ်မှုတို့၏ ပြိုင်ပွဲ (သို့) မွတ်စလင် မယ်ကမ္ဘာ ၂၀၁၄

    အလှအပအလွန် ဟီရိသြတ္တပနှင့် ယုံကြည်ချက် ကိန်းဝပ်မှုတို့၏ ပြိုင်ပွဲ (သို့) မွတ်စလင် မယ်ကမ္ဘာ ၂၀၁၄

    ဇန်နဝါရီ ၁၀ ၊ ၂၀၁၄
    M-Media
    141121_MissMuslimah_496.jpg

    – မွတ်စလင်မယ်ကမ္ဘာ ၂၀၁၄ (World Muslimah Award) ပြိုင်ပွဲ ဇာတ်စင်နောက်တွင် အီရန်ကိုယ်စားပြု အလှမယ်တစ်ယောက် လှပခြင်းနှင့် ညှို့ယူဖမ်းစားနိုင်ခြင်းတို့အကြား ခြားနားချက်ကို ရှင်းပြနေကာ မိမိကိုယ်နေဟန်ထားကိုလည်း ပိုမိုအချိုးကျအောင် ဆောင်ရွက်နေသည်။

    အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး စက်မှုဒီဇိုင်နာတစ်ယောက်ဖြစ်သည့်  အဆိုပါ အီရန်မယ်က သူမ၏ အချိုးအစားမှာ အလှမယ်တစ်ယောက်ပုံစံမျိုး မဟုတ်သော်လည်း မွတ်စလင်မယ်ပြိုင်ပွဲက ခန္ဓာကိုယ်အလှကို ပြသရခြင်းမျိုး၊ သို့မဟုတ် အဖော်အချွတ်ဖြင့် ယှဉ်ပြိုင်ရခြင်းမျိုး မဟုတ်သည့်အတွက်  ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံပြောကြားခဲ့သည်။

    အဆိုပါ ပြိုင်ပွဲကို အင်ဒိုနီးရှား တီဗီအစီအစဉ်ကြေညာသူဟောင်း အီကာရှန်တီက ၂၀၁၁ ခုနှစ်တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။ သူမမှာ ရိုက်ကူးရေးလုပ်ငန်းများအတွင်း ဟီဂျဘ်ဝတ်ဆင်ခြင်း မပြုရဟူသော တားမြစ်ချက်ကြောင့် အလုပ်မှထွက်ခဲ့သူဖြစ်သည်။ ထိုပြိုင်ပွဲ၏ တရားဝင်အမည်မှာ မွတ်စလင်မယ်ကမ္ဘာဆု (World Muslimah Award) ဖြစ်သော်လည်း မွတ်စလင်မယ် (Miss Muslimah) အဖြစ်ကျော်ကြားလူသိများလေသည်။ ထိုသို့ ကျော်ကြားခြင်းမှာ မယ်ကမ္ဘာပြိုင်ပွဲ ပုံစံမျိုးကို အစ္စလာမ့် သွန်သင်ချက်နှင့်အညီ ကျင်းပခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
    141119_MissMuslimah_300.jpg
    စတင်ကျင်းပကတည်းက အဆိုပါ မွတ်စလင်မယ်ပြိုင်ပွဲမှာ ဟီရိသြတ္တပတရား အပြည့်အ၀ရှိနေသည်ဟု အသက် ၂၆ နှစ်အရွယ် စင်ကာပူမွတ်စလင်မယ် မက်စ်တူရာဟ် ဘင်သီ ဂျာမီလ်က ဆို၏။

    `မယ်ကမ္ဘာပြိုင်ပွဲမှာဆိုရင် ပိတ်စနှစ်စပဲဝတ်ထားရပြီး အားလုံးဖော်ထားရတာပါ။ ဒါမျိုးကို ကျွန်မတို့သာသနာက ခွင့်မပြုပါဘူး။ ဒါ့ကြောင့် ဒီပြိုင်ပွဲဟာ မွတ်စလင်အမျိုးသမီးတွေအတွက် သီးသန့်ပြိုင်ပွဲပါပဲ´ ဟု သူမက ပြောကြားခဲ့သည်။

    ဘီကီနီဝတ်စုံဖြင့် ဟန်ရေးပြခြင်း၊ ၀ှက်ထားသည့် အရာများကို လိုက်ရှာရခြင်း စသည့် ပြိုင်ပွဲများအစား မွတ်စလင်မယ်ပြိုင်ပွဲတွင် ကုရ်အာန်ကျမ်းတော်မြတ်မှ ပါဒတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ အစ္စလာမ့်နည်းကျ ဈေးဝယ်ထွက်ခြင်းနှင့် လက်သည်းအရောင်တင်မှုမှာ `ဟရမ်´ ဖြစ်၊ မဖြစ်ကို ဆွေးနွေးငြင်းခုံခြင်း စသည့် ပြိုင်ပွဲများပါဝင်လေသည်။

    ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှား၌ ၂၀၁၁ ခုနှစ်က စတင်ကျင်းပခဲ့သော အဆိုပါပြိုင်ပွဲမှာ ယခုအချိန်တွင် နိုင်ငံတကာအဆင့်၌ ဆွဲဆောင်လာနိုင်သည့် ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့ပေပြီ။ ယခုနှစ်တွင် ပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် ထိုင်း၊ နိုက်ဂျီးရီးယား၊ အီရန်၊ တူနီးရှား၊ ယူကေနှင့် အရှေ့တောင်အာရှ နိုင်ငံများကပါ ၀င်ရောက်ယှဉ်ပြိုင်ကြသည်။
    141118_MissMuslimah_362.jpg
    ၁၂ ရက်တာ စခန်းပိတ် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတစ်လျှောက် မွတ်စလင်မယ်များမှာ နံနက် ၅ နာရီထကာ ပြင်ဆင်ရသည်။ ထို့နောက် ၃ လက်မအမြင့်ရှိသည့် ဒေါက်ဖိနပ်ကိုစီးကာ အားလပ်ချိန်နည်းပါသည့် အစီအစဉ်များကို အချိန်မီလုပ်ဆောင်ရင်း တစ်နေ့တာကို ကုန်ဆုံးရလေသည်။ ထိုအစီအစဉ်များထဲတွင် ဆင်းရဲသားရပ်ကွက်သို့ သွားရောက်လေ့လာခြင်း၊ သက်ကြီးဝါကြီးများ၏ အိမ်သို့သွားရောက်ကာ ပြုစုခြင်း၊ ပြိုင်ပွဲအား စပွန်ဆာပေးသူများထံသို့ သွားရောက်လည်ပတ်ခြင်းတို့လည်း ပါဝင်သည်။ ထိုသို့ နိစ္စဓူဝ ဆောင်ရွက်မှုများအတွင်း ဘာသာတရား၏ အဆုံးအမကို လေးစားလိုက်နာမှုနှင့် ပတ်သက်၍လည်း အကဲဖြတ်အမှတ်ပေးလေသည်။

    141121_MissMuslimah_157.jpg
    တစ်နေကုန်ပင်ပန်းနွမ်းလျပြီး ညဘက်အနားယူစဉ်အချိန်တွင်လည်း မွတ်စလင်မယ်များမှာ အစ္စလာမ်တွင် မလုပ်အနေရအဖြစ် သတ်မှတ်ထားသည့် ငါးကြိမ်ဝတ်ပြုမှုအလွန် ထပ်ဆောင်းဝတ်ပြုမှုအတွက် နံနက် ၂ နာရီတွင် ထရသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့မှာ တစ်ညတာအိပ်စက်ချိန် ၃ နာရီလောက်သာ ရှိလေ၏။ အီရန်မယ်ကမူ သူမအနေဖြင့် တွေးတောဖို့ပင် အချိန်မရဟု ၀န်ခံခဲ့သည်။

    `ကမ္ဘာပေါ်က သန်းပေါင်းများစွာသော မွတ်စလင်အမျိုးသမီးတွေရဲ့ ကိုယ်စားပြု စံပြအမျိုးသမီးဖြစ်နိုင်ဖို့အတွက် ကိုယ်ရည်ကိုယ်သွေးကောင်းတွေကို ရရှိဖို့ ကျွန်မတို့ ကြိုးစားနေတာပါ။ တကယ်တော့ မိမိရဲ့ အရည်အချင်းကို စမ်းသပ်တာဖြစ်ပြီး စိတ်ဖိစီးမှုလည်း ရှိပါတယ်။ ဒါပေမယ့် ထိုက်တန်တယ်လို့ ကျွန်မထင်ပါတယ်´

    ပါလက်စတိုင်း၊ အီဂျစ်၊ ဂျာမနီနှင့် အမေရိကန်တို့မှ မွတ်စလင်မယ်များကတော့ ဗီဇာအခက်အခဲနှင့် မိသားစုကိစ္စများကြောင့် ထိုပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့။ ထို့ကြောင့် မွတ်စလင်မယ်ကမ္ဘာပြိုင်ပွဲဝင် အရေအတွက်မှာ စုစုပေါင်း ၁၈ ဦးသာ ရှိလေသည်။

    ကံကောင်းသည့် မွတ်စလင်အမျိုးသမီးတစ်ဦးက ကန်ဒေါ်လာ ၁၀၀၀၀ တန်ဖိုးနှင့် ညီမျှသည့် ရွှေဒင်္ဂါးပြားကို ရရှိမည်။ ထို့ပြင် ရွှေလက်ပတ်နာရီ၊ တောင်ကိုရီးယားသို့ အလည်အပတ် သွားရောက်ခွင့်နှင့် မက္ကာသို့ဟဂ်ျဘုရားဖူးခွင့်များလည်း ရရှိဦးမည်။

    ကနဦးပြိုင်ပွဲမှာ အစ္စလာမ့်ဖက်ရှင်များကို ပြသရသည့်ပြိုင်ပွဲဖြစ်ပြီး မွတ်စလင်မယ်များမှာ ထိုအချိန်မှစ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များဖြင့် ပြုလုပ်သော ပြိုင်ပွဲများ၌ တစ်ဆင့်ပြီးတစ်ဆင့် ၀င်ရောက်ယှဉ်ပြိုင်ရလေသည်။

    ယခုနှစ်တွင် ပြိုင်ပွဲဝင်များမှာ ပြိုင်ပွဲအသစ်တစ်ခုကို ယှဉ်ပြိုင်ရပြီး ထိုပြိုင်ပွဲမှာ ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့၏ မွတ်စလင်ညီအကိုမောင်နှမများ၏ လူမှုဘ၀များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့၏ အမြင်ကို ချပြရခြင်းဖြစ်သည်။

    ကန့်လန့်ကာနောက်ကွယ်တွင်တော့ ဆရာဝန်ဘွဲ့ရကာစ အသက် ၂၆ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်မယ် သက်စ်နီမာ တာရန်နမ် ခရစ်ရှမာက ရေပန်းအစားဆုံးထဲမှ တစ်ယောက်ဖြစ်သည်။

    ခရစ်ရှမာမှာ အမျိုးသမီးရောဂါဆိုင်ရာ ကုသရေးဌာနတွင် အလုပ်များနေသောကြောင့် ၎င်း၏ ပြိုင်ပွဲဝင်ဖောင်ကို နောက်ဆုံးမှ ပေးပို့ခဲ့သူဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင် အမျိုးသမီးများအား မျိုးပွားစက်ပစ္စည်းတစ်ခုအဖြစ် ရှုမြင်မှုကို ပြောင်းလဲပစ်ရန် ယခုပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု သူမက ပြောကြားခဲ့သည်။

    ထို့ပြင် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးများအတွက် အခြေခံပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု နည်းပါးခြင်းကို တုန်လှုပ်မိသည်ဟုဆိုပြီး မလူးသာမလွန့်သာ အခြေအနေမျိုး ရောက်ရှိနေသောအခါတွင်ပင် မိသားစုများက အမျိုးသမီးများအား လေးစားမှုမရှိဟုလည်း သူမက ဖွင့်ဟခဲ့လေသည်။
    141117_MissMuslimah_054.jpg
    `သူတို့ရဲ့ခင်ပွန်းတွေက `ရတယ်။ ငါ နောက်ထပ်မိန်းမတစ်ယောက်၊ သမီးတစ်ယောက် ရနိုင်သေးတယ်။ သူ့ကို ဂရုစိုက်ဖို့ မလိုပါဘူး´ လို့ ပြောကြပါတယ်။ တစ်ချို့တွေဆို သူတို့ရဲ့ ဇနီးသည်တွေ၊ ချွေးမတွေကို ပစ်သွားကြပြီး ဒါမျိုးတွေကို ကျွန်မတို့က ပြုပြင်ရပါမယ်´

    အိန္ဒိယမှ အသက် ၂၁ နှစ်အရွယ် နဇက်ရင်းမှာ စိတ်ပညာကျောင်းသူဖြစ်ပြီး အမျိုးသမီး ၂၅ ဦးကို အခမဲ့ ပညာသင်ကြားပေးနေသူဖြစ်သည်။ ပဟေဠိပျြိင်ပွဲတွင် အမှတ်အများဆုံးရခဲ့သူ နက်ဇရင်းက စနေ၊ တနင်္ဂနွေတိုင်း သူမ၏ ကျောင်းသားများကို အင်္ဂလိပ်၊ အူရဒူ၊ ဟင်ဒီ၊ သင်္ချာနှင့် ပုံဆွဲခြင်းအတတ်ပညာကို သင်ပေးနေသူဖြစ်လေသည်။

    IS အဖွဲ့မှ ကျူးလွန်သော ရက်စက်ယုတ်မာမှုများက ကမ္ဘာ့သတင်းများ၏ ခေါင်းကြီးပိုင်းတွင် လွှမ်းမိုးနေသည့်အချိန်တွင် မွတ်စလင်မယ်ပြိုင်ပွဲက အစ္စလာမ်နှင့်ပတ်သက်သည့် အပြုသဘောဆောင်သော အကြောင်းအရာများ ဖော်ပြရန်အတွက် အခွင့်အရေးဖြစ်လာနိုင်သည်ဟု စီစဉ်သူများက မျှော်လင့်နေလေ၏။
    141121_MissMuslimah_730.jpg
    ဟီဂျဘ်ဝတ်ဆင်မှုကြောင့် ပီအိက်ခ်ျဒီစာတမ်းတင်သွင်းမှုအား  ပြင်သစ်တက္ကသိုလ်မှ ပယ်ချမှုကို ခံခဲ့ရသည့် တူနီးရှားမွတ်စလင်မယ်က သူမ၏ မွေးစားနိုင်ငံတွင် အစ္စလာမ်ကြောက်ရောဂါ ပြန့်နှံ့မှုအတွက် ၀မ်းနည်းမိသည်ဟု ပြောကြားခဲ့သည်။

    `ပြစ်သစ်မှာ ပုဝါဆောင်းတဲ့အခါ လူတွေဟာ တစ်နည်းတစ်ဖုံနဲ့ ကြည့်ကြပါတယ်။ ဥရောပတစ်ဝှမ်းမှာ ဒါက ပြဿနာပါ။ လူတွေက ရိုးရိုးမွတ်စလင်နဲ့ အကြမ်းဖက်သမားကို မခွဲခြားတတ်ပါဘူး´ ဟု အသက် ၂၅ နှစ်အရွယ်ရှိ အဆိုပါ တူနီးရှားမယ် ဖာသွေမာ ဘင် ဂူဖရာချီက ပြောကြားခဲ့လသည်။

    ဘော်ဂျယ်ကျောက်သံပတ္တမြားများဖြင့် ချယ်သထားသည့် အ၀တ်အစားများကို ၀တ်ဆင်ကာ မျက်တောင်တုများဖြင့် မွတ်စလင်မယ်များမှာ အစ္စလာမ့်ဝတ်စုံများနှင့် လှချင်တိုင်းလှနေကြသည်။

    အစ္စလာမ်က သတ်မှတ်သော အလှတရားတွင် စိတ်မနောလှပမှုကို ထည့်သွင်းတွက်ချက်ပြီး ဟိဂျဘ်ကလည်း အမျိုးသမီးများ၏ အိနြေ္ဒသိက္ခာအတွက် လိုအပ်လေသည်။ ထိုအချက်များအပြင် မွတ်စလင်မယ်များက မိတ်ကပ်ခြယ်သမှုများအတွက် နာရီအတော်ကြာ ကုန်ဆုံးကြပြီး ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအတွက် မကြာခဏ ချီးကျူးခြင်းခံရလေသည်။

    `အလှမယ်တစ်ယောက်လို ဖြစ်ဖို့တော့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် ကြည့်ပျော်ရှုပျော်ရှိအောင်လို့တော့ ပြင်ဆင် ရတာပဲလေ။ ဖျော်ဖြေမှုတစ်ခု ပုံစံမျိုးပေါ့´ ဟု ရယ်ရွှင်ဖွယ်ရာအမူအရာဖြင့် အီရန်မယ်က ပြောကြားခဲ့သည်။
    141121_MissMuslimah_198.jpg
    တစ်ချို့မယ်များကတော့ အနည်းငယ် စိတ်ကသိကအောက်ဖြစ်ခဲ့ပြီး မိမိ၏ ထုတ်ကုန်ကို ကြေညာပေးရန်အတွက်သာ အားသန်နေကြသည့် အလှအပ ပစ္စည်း စပွန်စာများကို ဝေဖန်မှုလည်း ရှိခဲ့သည်။ သူတို့က နိုက်ဂျီးရီးယားနှင့် ဘင်္ဂလားဒေ့ရှ်မယ်တို့အပါအ၀င် အလှမယ်များအားလုံးကို အသားဖြူခရင်မ်ပေးကာ အသုံးပြုခိုင်းခဲ့သည်။

    ထိုပြိုင်ပွဲတွင် အမျိုးသမီးများအား စွမ်းရည်မြှင့်တင်ပေးရေးအတွက် ဆွေးနွေးမှုများလည်းရှိခဲ့ပြီး ထိုဆွေးနွေးမှုအတွင်း ကမ္ဘာတစ်ဝှမ်း အမျိုးသမီးအရေးကိစ္စများကိုဆောင်ရွက်နေသော မွတ်စလင်ပညာရှင်များလည်း ပါဝင်ခဲ့လေသည်။ အလ်ဂျီးရီးယားမှ ပါမောက္ခတစ်ဦးကမူ ဆော်ဒီအာရေဗျရှိ အမျိုးသမီးများမှာ ကားမမောင်းရခြင်မှလွဲ၍ လွတ်လပ်မှုရှိကြသည်ဟု ပြောကြားခဲ့သည်။

    ပြိုင်ပွဲ၏ နောက်ဆုံးနေတွင်တော့ ဒီဇိုင်နာနှင့် ဘလော့ဂါဖြစ်သူ ယူကေမယ် ဒီနာ တော်ကီယာက ၎င်း၏အမြင်ကို ပွင့်ပွင့်လင်းလင်းပင် ဖွင်ဟခဲ့လေသည်။

    `သာမန်မယ်ပြိုင်ပွဲနဲ့ အခုဒီပြိုင်ပွဲရဲ့ တစ်ခုတည်းသောခြားနားချက်ဟာ အမည်ပဲဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့ ဦးခေါင်းပေါ်မှာ ဟီဂျဘ်ဝတ်ဆင်ထားတာလည်း ခြားနားမှုပါပဲ´

    ပြိုင်ပွဲအတွက် ဖိအားများမြင့်တက်လာသည့်အချိန်တွင် မိမိတို့နိုင်ငံအလိုက် ယဉ်ကျေးမှုဆိုင်ရာ ပြကွက်များပြသရန် အခွင့်အရေးမရမှုအတွကလည်း ဝေဖန်မှုများရှိခဲ့သည်။

    ဥပမာအားဖြင့် နောက်ဆုံးရမှတ်၏ ၂၀ ရာခိုင်နှုန်းတွင် ထည့်သွင်းတွက်ချက်မည့် မိမိတို့၏ ကိုယ်ပိုင်ပါရမီကို လက်ဗွေစကန်ဖတ်ခြင်းဖြင့် ဆုံးဖြတ်သော Talents Spectrum Assessment စနစ်ကို မည်သည့်အတွက်ကြောင့် ထည့်သွင်းထားသနည်းဆိုသည်မှာ မေးစရာဖြစ်ခဲ့သည်။

    နောက်ဆုံး ၁၀ ဦးစလုံးကို အကဲဖြတ်အမှတ်ပေးမည့် အချိန်တွင် ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကို အဘယ့်ကြောင့် အသံအကောင်းဆုံး တစ်ဦးတည်းကိုသာလျှင် ဦးဆောင်စေခဲ့သနည်း။

    ထို့ပြင် အင်ဒိုနီးရှားရိုးရာ pawang hujan ပြိုင်ပွဲနှင့် စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုပြိုင်ပွဲတွင်လည်း ပြိုင်ပွဲဝင်များအတွက် ကသိကအောက်များဖြစ်ခဲ့လေသည်။

    သို့ရာတွင် မွတ်စလင်အမျိုးသမီးများအတွက် အလားအလာကောင်းများ ရှိသည်ကတော့ အမှန်ပင်ဖြစ်၏။

    `ဒီ မွတ်စလင်မယ်ပြိုင်ပွဲဟာ မွတ်စလင်အမျိုးသမီးတွေအတွက် တကယ့်ကို အကျိုးဖြစ်ထွန်းမယ့် အလားအလာ ရှိနေပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အနည်းငယ် ရှက်စရာကောင်းနေတယ်လို့ ခံစားရပါတယ်´ ဟု တိုကီရာက ပြောကြားခဲ့သည်။

    ယိုဂျာကားတားရှိ သမိုင်းဝင် Prambanan ဟိန္ဒူဘုရားကျောင်း ပရ၀ုဏ်အတွင်း ကျင်းပပြုလုပ်မည့် ဖိုင်နယ်ပွဲမတိုင်မီ အားလုံးက စိတ်လှုပ်ရှားနေကြသည်။

    အ၀တ်လဲခန်းတွင်လည်း ရွှေရောင်ဒေါက်မြင့်ဖိနပ်ဘူးများဖြင့် ပျာယာခတ်နေကြသည်။ ဒီဇိုင်နာများ၏ ၀တ်စုံများက ပျံဝဲနေကြ၏။ ပြိုင်ပွဲဝင်များကလည်း မှန်ရှေ့မှမခွာကြ။ ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် ကုရ်အာန်ကျမ်းတော်မြတ်မှ လမ်းညွှန်မှုများကို အချို့က ရှာဖွေဖတ်ရှုနေကြသည်။

    အီရန်မယ်ကတော့ သူမရရှိသည့် ၀တ်ရုံရှည်က သူမခန္ဓာကိုယ်ထက် ၃ ဆ မျှ ကြီးနေသည့်အတွက် မကျေမနပ်ဖြစ်နေသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်မယ်ကလည်း မျက်တောင်အတုများမှာ ချုံပုတ်များနှင့်တူသည်ဟု ပြောပြန်သည်။

    ယမန်နှစ်က မွတ်စလင်မယ်အဖြစ် ရွေးချယ်ခံရသူနှင့်အတူ ကုရ်အာန်ကျမ်းတော်မြတ်အား တစ်နာရီခန့် လေ့လာပြီးသည့်နောက် အိန္ဒိယမယ်က ၎င်း၏ စလွယ်မှာ ဟိုတယ်တွင် ကျန်ခဲ့သည်ကို သိရပြီး ပူပန်မှုများ ဖြစ်ခဲ့သည်။

    ပြိုင်ပွဲစရန် ၅ မိနစ်သာလိုတော့သည်ဟု ပြောကြားသည့်အခါမှာတော့ မလေးရှားမယ်က အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ ထိုအချိန်တွင် KLCC တာဝါက ခုန်ချတော့မည့်အချိန်တွင် ခံစားရသကဲ့သို့ ဖြစ်ပွားခဲ့သည်ဟု သူမက ဖွင့်ဟခဲ့လေသည်။

    ကြမ်းပြင်ထိသည်အထိ ရှည်လျားသည့် ဂါဝန်၊ ဇာထည်၊ အနားသတ်များနှင့် ခြယ်သထားသည့် နှစ်လွှာပါသော ဟီဂျဘ်တို့ ၀တ်ဆင်ထားကာ ကျက်သရေရှိလှသည့် မွတ်စလင်မယ်များမှာ ကနုတ်ပန်းများဖြင့် ဆင်ယင်ထားသည့် စင်မြင့်ပေါ်သို့ ထွက်လာကြသည်။ ထို့နောက် လှည့်ပတ်လျှောက်ခဲ့ကြပြီး ကုရ်အာန်ကျမ်းတော်မြတ်မှ ပါဒတော်တစ်ချို့ကို ရွတ်ဖတ်သရဇ္ဈာယ်ကြလေသည်။

    နှစ်ပတ်တာကြာမြင့်ခဲ့သည့် ပြိုင်ပွဲ၏ အဆုံးသတ်တွင်တော့ မည်သူက နောက်ဆုံး အနိုင်ရသူဖြစ်မည် နည်းဟူသည့် မေးခွန်းများမှာလည်း ပေါ် ထွက်လာခဲ့သည်။ နှစ်သက်မြတ်နိုးဖွယ်ကောင်းပြီး၊ အရှိကို အရှိအတိုင်းဖွင့်ဟတတ်သည့် ယူကေမယ်လား? မော်ဒယ်သဏ္ဍာန်နှင့် အင်ဂျင်နီယာဖြစ်သူ တူနီးရှားမယ်လား? သို့မဟုတ် ကိုယ်ကျိုးမကြည့်သည့် ဆရာဝန်ငယ် ဘင်္ဂလားဒေ့ရှ်မယ်လား?

    နောက်ဆုံး ၅ ဦးအဆင့်သို့ ရောက်ရှိချိန်အထိ အေးအေးဆေးဆေးပင်ဖြစ်ပြီး ထိုငါးဦးအထဲမှ ၃ ဦးပင် ယှဉ်ပြိုင်ပြီးသွားပြီဖြစ်သည်။ ထို့နောက် နောက်ဆုံးအပြောင်းအလဲတစ်ခုအဖြစ် အိန္ဒိယမယ်ကို စင်မြင့်ထက်သို့ ဖိတ်ခေါ်ခဲ့လေသည်။ ထို့ကြောင့် နောက်ဆုံး ၅ ဦး မဟုတ်ဘဲ နောက်ဆုံး ၆ ဦး ဖြစ်လာခဲ့ပြီး ပြိုင်ပွဲက အကြိတ်အနယ်ဖြစ်လာခဲ့သည်။

    ပြိုင်ပွဲဝင်များအား မဲပေးရန်အတွက် ဖိတ်ခေါ်ထားသည့် မိဘမဲ့နှင့် ချို့တဲ့သည့် အသိုင်းအ၀ိုင်းမှ လူငယ် ၁၀၀ က မဲပေးသည့် အချိန်တွင်တော့ အိန္ဒိယနှင့် တူနီးရှားမှ မွတ်စလင်မယ်များက အပြိုင်အဆိုင်ဖြစ်လာခဲ့ပြီး ၎င်းတို့ နှစ်ဦးသား စင်မြင့်အပေါ်၌ နောက်ဆုံး အဖြေအတွက် ရင်ခုန်စွာ စောင့်မျှော်နေကြလေသည်။

    မဲအရေအတွက် ၅၁-၄၉ ဖြင့် တူနီးရှားမယ် ဖာသွေမာ ဘင် ဂူဖရာချီတစ်ယောက် အနိုင်ရခဲ့သည်။ သူမမှာ မယုံနိုင်အောင်ဖြစ်ခဲ့ရပြီး ဆုတံဆိပ်နှင့် ဂုဏ်ပြုပန်းများ လာရောက်အပ်နှင်းသည်အထိ ပီတိသောမနဖြင့် မျက်ရည်ဝိုင်းနေပြီး မည်သည့်စကားမှ ပြောမထွက်နိုင်သေး။

    ၂၀၁၄ ခုနှစ် မွတ်တစ်လင်မယ်ကမ္ဘာဖြစ်သူ သူမအား အိန္ဒိယမယ်က ဖက်လှဲတကင်း ဂုဏ်ပြုခဲ့ပြီးနောက် ဂူဖရာချီက ကမ္ဘာတစ်ဝှမ်းက အာရုံစူးစိုက်မှုနည်းသည့် ပြဿနာများ ပြေလည်ရန် မိမိနေဖြင့် အားပေးထောက်ခံပါကြောင်း ပြောဆိုသွားခဲ့လေသည်။

    “မွတ်စလင်ကမ္ဘာအတွက် အရေးပါတဲ့ အရာတွေထဲက အချို့ကို လုပ်ဆောင်နိုင်ဖို့ ကျွန်တော်မျိုးမအား အလ္လာဟ်အရှင်မြတ် ကူညီစောင်မတော်မူပါစေ´ လို့ ကျွန်မဆုတောင်းချင်ပါတယ်။ နောက်ပြီး ပါလက်စတိုင်း၊ ဂါဇာ၊ ဆီးရီးယားနဲ့ ကမ္ဘာတစ်ဝှမ်းမှာ အတိဒုက္ခရောက်နေကြတဲ့ မွတ်စလင်တွေအတွက် ဆုတောင်းပေးကြပါလို့ ပရိသတ်တွေကို ကျွန်မ တောင်းဆိုချင်ပါတယ်´

    စာနာမှုအပြည့်၊ ဂရုဏအပြည့်ဖြင့် ဂူဖရာချီက ပြောကြားခဲ့လေသည်။

    Ref: Al Jazeera
    .လေးမောင် ဘာသာပြန်ဆို တင်ဆက်သည်။

  • ဇောက်ထိုးမိုးမျှော် မြန်မာ့နိုင်ငံရေး (စာရေးဆရာ ဂျာနယ်လစ် ဘာတီးလ် လင့်တ်နာနှင့် အင်တာဗျူး)

    ဇောက်ထိုးမိုးမျှော် မြန်မာ့နိုင်ငံရေး (စာရေးဆရာ ဂျာနယ်လစ် ဘာတီးလ် လင့်တ်နာနှင့် အင်တာဗျူး)

    ဇန်နဝါရီ ၁၀ ၊ ၂၀၁၅
    M-Media
    ဘာသာပြန်-မြင့်မိုရ်မောင်မောင်
    Author-Bertil-Lintner
    မြန်မာ့အရေးစောင့်ကြည့်သူ နာမည်ကြီး ဂျာနယ်လစ်နှင့် (“Outrage” ၊ “Aung San Suu Kyi and Burma’s Struggle for Democracy” စာအုပ်ရေးသူ) စာရေးဆရာ ဘာတီးလ် လင့်တ်နာ Bertil Lintner သည် ရက်သတ္တပတ်ကြာ စာနယ်ဇင်းအလုပ်ရုံဆွေးနွေးပွဲအတွက် ရန်ကုန်သို့ ရောက်ရှိခဲ့သည်။ ကနဦးပိုင်းက အမည်ပျက်စာရင်းသွင်းခံရသည့် အဆိုပါစာရေးသူကို ထိုကာလအတွင်း သဉ္ဗာအောင်(မဇ္ဈိမသတင်းဌာန)မှ လက်ရှိနိုင်ငံရေးဖြစ်စဉ်၊ လာမည့်နှစ်အရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    မေး။ ။ လမ်းစဉ် ၇ ရပ်ကို ချမှတ်လျှောက်လှမ်းနေတယ်လို့ ကနဦးပိုင်းမှာ အစိုးရဖက်က ဖော်ပြခဲ့ပါတယ်။ လက်ရှိ ဘယ်စခန်းကိုဆိုက်နေ(တယ်လို့မြင်)ပါသလဲ ?

    ဖြေ။ ။ ကျွန်တော့်အမြင်အရ လမ်းဆုံးရောက်နေပါတယ်။ နောက်ထပ်ခြေလှမ်းဆိုလို့ အလျဉ်း မတွေ့ရသေးပါဘူး။

    မေး။ ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့စီးပွားရေး ပြန်လည်ပြုပြင်မှုတွေဟာ အစစ်အမှန်လား?

    ဖြေ။ ။ အစစ်အမှန် မဟုတ်ပါဘူး။ ကျွန်တော့်မိတ်ဆွေတစ်ဦးက ဒီလိုစကားနဲ့ အဖြေထုတ်ခဲ့တယ်။ “လက်ရှိမှာ အရာရာအားလုံး ကွဲပြားခြားနားနေပါသော်လည်း ပြောင်းလဲတာဆိုလို့ ဘာမှ မရှိပါဘူး”တဲ့။ ယခင်ကထက် သတင်းစာလွတ်လပ်ခွင့် ပိုရလာတယ်။ နိုင်ငံရေးပါတီတွေ လှုပ်ရှားမှုတွေ လုပ်လာနိုင်တယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းထဲမှာ အခြေခံအာဏာအဆောက်အဦကတော့ မပြောင်းလဲသွားပါဘူး။

    ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်း တစ်ခုတစ်လေမျှ အပြောင်းအလဲ လုပ်မရစေမယ့် တချက်လွှတ်ဗီတိုအာဏာ လက်ကိုင်ပြုနိုင်အောင် လွှတ်တော်ထဲမှာ စစ်တပ်အတွက် နေရာ ၂၅ ရာခိုင်နှုန်း အရံသင့်ထားရှိယုံတင် မကသေးဘူး။ နိုင်ငံ့လုံခြုံရေးအပေါ် အဓိကကိုင်တွယ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ၀န်ကြီးတွေကို ခန့်အပ်ခြင်းမှာလည်း စစ်တပ်ရဲ့အဆုံးအဖြတ်က အခရာကျနေဆဲဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနဟာ အလွန်အင်မတန် အရေးပါတဲ့ကဏ္ဍဖြစ်နေပါတယ်။ ဒီထက်ဆိုးတာကတော့ လက်နက်ကိုင်တပ်ဖွဲ့များဟာ ရွေးချယ်ခံအစိုးရ သို့မဟုတ် ပါလီမန်ထက် စစ်ဦးစီးချုပ်ကို နာခံအရေးပေးနေခြင်းပါပဲ။

    မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ စစ်တပ်အာဏာသိမ်းမှု ဖြစ်လာနိုင်ပါသလား ?

    ဖြေ။ ။ အစဉ်အလာအရ ဖြစ်နိုင်ချေများပါတယ်။ ဘာကြောင့်လဲဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံတော်ဟာ အစိုးရအဖွဲ့ ကိုင်တွယ်ထိန်းချုပ်မရတဲ့ အခြေအနေမှာ သမ္မတရဲ့အဆုံးအဖြတ်နဲ့ စစ်တပ်ကို အာဏာလက်ပြောင်းယူခွင့် ပေးထားလို့ပါပဲ။ ဒါကြောင့် အတိတ်ကလို အာဏာသိမ်းမှုမျိုး မဟုတ်ဘဲ နိုင်ငံတော်ဖွဲ့ပုံခြေဥအရ စစ်တပ်ကို အာဏာလွှဲပြောင်းပေးလိုက်ခြင်း ဖြစ်လာနိုင်ပါတယ်။

    မေး။ ။ ဦးသိန်းစိန်အစိုးရလက်အောက်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ လူတွေက ဆိုကြတယ်။ တကယ်ရောဖြစ်လာနိုင်ပါ့မလား ?

    ဖြေ။ ။ မဖြစ်နိုင်ပါဘူး။ လမ်းကြောင်းချော်နေလို့ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုမှာ အပစ်အခတ်ရပ်စဲမှုကို ကြေငြာတယ်။ ဘာကိုမှ လက်မှတ်မထိုးဘဲ ကြေငြာတယ်။ အဲ့ဒီနောက်မှ ပြောဆိုဆွေးနွေးပါတယ်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အသေးစိပ်သဘောတူညီချက်တွေကို ပြောဆိုဆွေးနွေးခြင်း မရှိပါဘူး။ ဒါဟာ အခု လုပ်နေတဲ့ပုံစံပါ။ (ဒီမှာကျတော့) စစ်ဘာကြောင့်ဖြစ်နေရသလဲ ဆိုတဲ့ နိုင်ငံရေးအရင်းအမြစ်အကြောင်းတွေ ပြောတယ်။ အဲ့ဒီနောက် စုံညီသဘောတူညီချက်နဲ့ စာချုပ်လက်မှတ်ထိုးမယ်။ အပစ်အခတ်ရပ်စဲရေး မဟုတ်ဘဲ နိုင်ငံရေးသဘောတူညီချက် လက်မှတ်ထိုးမှုတစ်ရပ်ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ (ဒီလို) ဇောက်ထိုးမိုးမျှော် လုပ်နေကြတယ်။ ဒါကြောင့် အလုပ်မဖြစ်နိုင်ဘူးလို့ ပြောတာပါ။

    မေး။ ။ ပါလီမန်ထဲ NLD ရဲ့အခင်းအကျင်းနဲ့ပတ်သက်ပြီး မနှစ်မြို့တဲ့ ဝေဖန်သူတွေ များပြားနေတယ်။ ဒီအပေါ် ခင်ဗျားရဲ့အမြင်ကို ပြောနိုင်ပါသလား ?

    ဖြေ။ ။ ပုံမှန်အားဖြင့် အတိုက်အခံဆိုတာ အသွင်မတူတာကို တင်ပြအရေးဆိုကြတယ်၊ လက်ရှိအာဏာပိုင်တွေရဲ့မူဝါဒများနဲ့ ကွဲလွဲတာကို တင်ပြကြတယ်။ ကျွန်တော် တွေ့ရသမျှ NLD မှာ ဒီလိုအခင်းအကျင်း ရှိမနေဘူး။

    မေး။ ။ အစိုးရရဲ့ အာဏာရပါတီ USDP မှာ အကွဲအပြဲဖြစ်နေပြီလို့ တချို့က ဆိုနေကြတယ်။ အဲ့ဒါ …… ?

    ဖြေ။ ။ သူတို့ မကွဲပြဲပါဘူး။ ဒါပေမယ့် မတူညီတဲ့ ဘက်တော်သားသုံးမျိုး ပါဝင်နေတယ်။ တစ်ခုက ဦးသိန်းစိန်၊ ဒုတိယက ဦးရွှေမန်း၊ တတိယက ဦးအောင်သောင်းရဲ့ ဘက်တော်သားတွေဖြစ်ကြတယ်။ ဦးအောင်သောင်း ဦးဆောင်တဲ့အုပ်စုကတော့ အမာခံအုပ်စုဖြစ်နိုင်ပါတယ်။ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုမိုသဟဇာတ ဖြစ်လာပြီး ဦးသိန်းစိန်ကတော့ အဲ့ဒီကြားထဲမှာ နေနေတယ်။ ကွဲပြဲတယ်လို့ ပြောလို့မရပါဘူး။

    မေး။ ။ ရွေးကောက်ပွဲကာလအထိ သူတို့တစ်တွေ ရွှေလက်တွဲ မြဲနိုင်ကြပါ့မလား ?

    ဖြေ။ ။ စောင့်ကြည့်ရမှာပါပဲ။

    မေး။ ။ ဦးရွှေမန်းနဲ့ သူ့ရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ဆောင်ရွက်ချက်အပေါ် ခင်ဗျား ဘယ်လိုထင်မြင်သုံးသပ်ပါသလဲ ?

    ဖြေ။ ။ ဦးရွှေမန်းကို ကျွန်တော် ဘယ်လိုမြင်သလဲဆိုတာ အရေးမကြီးပါဘူး။ သာမည ကိစ္စလေးပါ။ တကယ်အရေးကြီးတာက ဦးရွှေမန်းအပေါ် စစ်တပ်က ဘယ်လိုမြင်သလဲ ဆိုတာဖြစ်ပါတယ်။ သူ့ထက် တပ်မတော်ကဏ္ဍက ပိုအရေးပါတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ သူဟာ လွန်လွန်ကဲကဲ ရည်မှန်းထားပြီး သူ့အသိုင်းအ၀န်းအားဖြင့် စီးပွားရေးသြဇာထူထောင်ဖို့ ကြိုးစားနေတယ်လို့ တချို့က မြင်နေကြတယ်။ ကျွန်တော် ထင်ပါတယ် – တကယ်လို့သာ ဒီအချက်က မှန်နေရင် သူ သမ္မတဖြစ်လာအောင် စစ်တပ်က ကျားကန်ပေးဖို့ ယုံကြည်လောက်စရာ အကြောင်းမရှိတော့ပါဘူး။

    Mizzima သတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် “Author Bertil Lintner: ‘In Myanmar they are putting the cart before the horse’ ” အား  မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • နာရီတွေကို မုန်းတယ်

    နာရီတွေကို မုန်းတယ်

    ဇန်နဝါရီ ၉ ၊ ၂၀၁၅
    M-Media
    .နှင်းဆီခင်ရေးသည်။

    4413755617_smashing_alarm_clock_300x200_answer_2_xlarge

    “နာရီတွေကို မုန်းတယ်” လို့ ကျွန်မရဲ့စာရေးဖော် တစ်ယောက်ကပြောဖူးတယ်။ မုန်းဆို သူ့အကြောင်းနှင့်သူကိုး။ သူပြန်ပြောပြ သလောက် အရဆို…..

    “ငါ့အိမ်မှာနာရီတွေထားရတာ များပြောပါတယ်။ အိမ်ရှေ့ ဧည့်ခန်း နံရံမှာ တစ်လုံး၊ အိမ်ရှေ့ခန်းနဲ့ အိမ်ထဲအကူးမှာ တစ်လုံး၊ ကုတင်ဘေးကစားပွဲမှာ နိုးစက် နာရီ တစ်လုံး၊ နောက်ဆုံးဟယ် မီးဖိုခန်းနံရံမှာ တစ်လုံး၊ ဒါတောင် ငါတို့ မိသားစုလေးယောက် ပတ်တဲ့ နာရီတွေ မပါသေးဘူး။ ငါ့မှာအချိန်ကို အဲဒီလောက်ကိုးကွယ်ရတာလေ”

    “မိုးမလင်းသေးဘူး နှိုးစက်နာရီကထမြည်ပြီ။ အိပ်ရာထဲ ဇိမ်နဲ့နှပ်ဖို့တော့ လုံးလုံးစိတ်မကူးလေနဲ့။ အိပ်ရာကနေဝုန်းကခနဲထရတာ။ အင်း… အိပ်ယာထတဲ့အချိန်ကိုလည်းကြည့်ဦး၊ မိုးမလင်းသေးဘူလေ။ ကျီးမြီးဆွဲထရတာလို့ အမေပြောသလိုပြောလိုက်မယ်။ မျက်နှာသစ်၊ သွားကပျာကယာတိုက်၊ ဘုရားကိုပုဆိန်ပေါက်ရှစ်ခိုး၊ အဲ..ပြီးတော့နဲ့မီးဖိုခန်းကို တန်းဝင်ပေတော့ပဲ။ ပထမနှစ်ကျောင်းသား အကြီးကောင် အတွက် ထမင်းဘူး၊ ပြီးတော့ ငါ့ရဲ့အိမ်ဦးနတ်ကြီး အတွက် ထမင်းချိုင့်၊ နောက်ဆုံးတော့ ငါ့အတွက် ထမင်းချိုင့်၊ တန်းစီပြီး ချက်ရတယ်။ အသားမစားတဲ့သူ၊ ငါးမကြိုက်တဲ့သူ၊ အို…ဇီဇာကြောင်ကြတဲ့ တို့မိသားစုလေးယောက် အတွက် သယဇာတဖြစ်မဲ့ ဟင်းတွေကို အမြန်နှုန်းဖြင့် ချက်ရတာ။ ဟင်းအစီအစဉ်ကိုတော့ ငါ့ရုံးမှာ စာရင်းဇယားဆွဲသလို တစ်ပတ်ရေးမှတ်ထားရတယ်ဆိုရင် နင်အံ့သြမလား”

    “လူကသာမီးဖိုနားမှာချက်ပြုတ်နေတာ မျက်လုံးတွေ ကတော့ နံရံပေါ်က နာရီတွေဆီရောက်နေရတာ။ အိမ်ကထွက်ချိန်တွေ မတူကြပေမယ့် အားလုံးအတွက် မနက်စာကတော့ တစ်ချိန်တည်းစီစဉ်ရတာဆိုတော့ ပဲပြုတ်ထမင်းကြော်ကို နှစ်အတော်ကြာအောင် မရိုးမအီဘဲစားကြရတာ။ ပဲပြုတ်ကလည်း တစ်ရက်ကြိုဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရတာ၊ ဒါကလည်း အချိန်နဲ့ ဝယ်ရတာနော်။ နေနည်းနည်းမြင့်သွားလို့ကတော့ လမ်းထိပ်ကပဲပြုတ်သည် ခြင်းတောင်းသိမ်းလို့ အိမ်ပြန်ပြီ။ သားနှစ်ယောက်ရော သူ့အဖေပါ အိမ်အလုပ်တွေဝိုင်းကူကြပါတယ်။ ချက်ရေးပြုတ်ရေးကတော့ ငါပဲအဓိက တာဝန်ယူရတာပေါ့။ ငါတို့လည်းမနက် ၈ နာရီမခွဲခင် နာရီတကြည့်ကြည့်နဲ့အလုပ်တွေ လက်စသတ်ကြရတာ။ ပြီးရင်ရေမိုးချိုးပြီး ရုံးသွားဖို့ပြင်ဆင်ရရော။ ဒီတော့လေ မှန်ရှေ့မှာဘီးလေးကို ကိုင်ကာရယ် ဆိုတဲ့ငါတို့င်ငယ်ကသီချင်းလေးတစ်ပုဒ်လို အချိန်ယူပြီးအလှပြင်နေမအားဘူးဟယ်၊ သနပ်ခါးကဗျာကယာလိမ်း၊ လမ်းလျှောက်နဲ့အခါ လေတိုးခံနိုင်မဲ့ အာမခံဆံထုံးကို ခိုင်ခိုင်ထုံး ရုံးယူနီဖောင်းဝတ်ပြီး တက်သုတ်ရိုက်နေကျ”

    “နာရီကိုမော့မော့ကြည့်ရလွန်းလို့ ငါ့လည်ပင်းရှည် ထွက်လာကြေးဆိုရင်တော့ ဌက်ကြီး ဝန်ပိုဖြစ်လောက်ပြီ။ ၈ နာရီခွဲတိတိဆိုရင် အိမ်တံခါး သော့ခတ်ပြီးသားဖြစ်ရတယ်လေ။ ဒါမှ သားအဖသုံးယောက်က အိမ်ကကားနဲ့ ထွက်သွားကြ၊ ငါကတော့အိမ်နဲ့ရုံးက နီးတော့ ခြေလျင်ပေါ့။ အင်း… ငါ့စိတ်ထဲမှာ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ဖြစ်တယ်လို့ပဲ မှတ်လိုက်တယ်။”

    “ညနေခင်းမှာမိသားစု ဆုံချိန်ကျတော့လည်း မထူးပါဘူး။ နာရီ တကြည့်ကြည့်နဲ့ပါပဲ။ နောက်တစ်နေ့အတွက် ဟင်းရွက်သင်ရင်း၊ ကြက်သွန်ခွာရင်းကနေ အငယ်ကောင်ကိုစာရှင်းပြရသလို အကြီးကောင်ကလည်း မကြာမကြာဆိုသလို နားမလည်နိုင် တာတွေမေးပြန်ရော။ အဲ.. အလုပ်ပြီးတော့ နားတော့မယ်ဆိုပြီး တီဗီရှေ့ရောက်တော့ မိနစ်ပိုင်းတောင်မကြာပါဘူး။ မျက်လုံးတွေစင်းပြီး အိပ်ပျော်သွားရော။ ဒါပေမယ့် ည ၁၀ နာရီကျော်ပြီဆိုရင်တော့ အိပ်ရာဝင်ချိန်ဆိုတာ ပုံသေဖြစ်နေတယ်။ ကဲ.. ငါ့ဘဝမှာနေထွက် ကနေ နေဝင်အထိ အချိန်နာရီတွေနှင့် နှစ်ပါးသွားနေရတာ နင်သိပြီမဟုတ်လား။ ခတ်တာက အဲဒီနာရီတွေကိုပစ်လို့လည်း မရပြန်ဘူး။ အင်းလေ… တစ်ချိန်ချိန်မှာတော့ နာရီတွေကိုကြည့်နေရမှာမလိုတဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကိုရလာဦးမှာပါ။ အလုပ်ကနားတဲ့ အငြိမ်းစားယူချိန်ပေါ့။ အဲဒီအခါကျရင်တော့ ငါထင်ပါတယ်။ ဘယ်အချိန်မှာ ဘာကိုအပြီးလုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်ဖိစီး တင်းကျပ်နေတာတွေ မရှိသလောက်တော့ပါဘူးနော်။ အခုချိန်မှာတော့လေ ငယ်သူငယ်ချင်းဖြစ်တဲ့ နင့်ကိုပြောလိုက်မယ်။ နာရီတွေကိုမုန်းတယ်လို့ ”

    “ပြောရဦးမယ်။ နင်စာရေးသူတစ်ယောက်ဆိုတော့ ငါပြောသမျှ ဒိုင်ခံ နားထောင်ပေးမယ်လို့ ငါယုံကြည်တယ်။ နောက်ပြီးကောင်းကောင်း အကြံညဏ်ကလေးတွေ ရှိရင်လည်းပေးပါဦးဟာ။ အထူးသဖြင့် အိပ်ရာနိုးချိန်မှာ စိတ်တင်းကျပ်နေတာကိုပေါ့” လို့သူငယ်ချင်းက ရင်ဖွင့်ပြောလာတာမို့၊ မှတ်ဖတ် ဖူးသမျှထဲက ကောင်းနိုးရာရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

    တစ်နေ့လုံးလှုပ်ရှားသွားနေရတဲ့ လူတိုင်းဟာလုံလောက်တဲ့ အိပ်ချိန်အပြည့်အဝရှိဖို့လိုတယ်။ တစ်ချိန်လုံးလုံး ခပ်သုံးထားတဲ့ ရေတွင်းများလို ညအချိန်မှာ အနားပေးထားရင်၊ မိုးလင်းတာနှင့် ရေတွေပြန်ပြီးပြည့်လာသလိုပါပဲ။ လူတစ်ယောက် အတွက်လည်း အိပ်ရေးဝဝအိပ်ပြီး နိုးလာတဲ့အခါနောက်တစ်နေ့မှာ လှုပ်ရှားရုန်းကန်ဖို့ခွန်အားတွေပြည့်ဝလာပါတယ်။ အိပ်မောကျနေတုန်းမှာ ကြားလိုက်ရတဲ့ နာရီနှိုးစက်သံဟာ တကယ့်ကို ငှက်ဆိုးထိုးသံအတိုင်းပဲလို့ပြောကြတယ်။ အဲဒီအခါကြွက်သားတွေတောင့်တင်း သွားပြီး အားအင်ကုန်ခန်းသလို စိတ်ရှုပ်ထွေးပြီး အိပ်ရာကနေနိုးလာပါတယ်။ ဒါကြောင့် နှိုးစက်နာရီကို မသုံးမဖြစ် သုံးရမယ်ဆိုရင်လည်း နိုးရမယ့် အချိန်ထက် ၁၅ မိနစ်လောက်ဖြစ်ဖြစ်ကြိုထပါ။  ဒါဆိုရင် နှိုးစက်သံကြားကြားချင်း အိပ်ရာကနေ အလူးအလဲထစရာ မလိုတော့ပါဘူး။ ခဏလေးမှိန်းနေလို့ရပြီး မျက်လုံးတစ်ဝိုက်၊ နားထင်နှင့် နဖူးတစ်လျှောက် ဖြည်းဖြည်း သာသာလေးနှိပ်ပေးပါဆိုတဲ့ ရှေးပညာရှင်တစ်ဦးရဲ့ အကြံပြုတာကို လက်တွေ့ကျင့်သုံးကြည့်နိုင်ပါတယ်။

    လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီး ပူနွေးလာတဲ့အခါ မျက်စိမှိတ်ထားတဲ့ မျက်ခွံတွေပေါ်မှာ အသာအယာဖိကပ်ထားခြင်းဟာလည်း မျက်လုံးတစ်ဝိုက်သွေးလှည့်ပတ်သွားလာခြင်းကို ကောင်းမွန်စေတယ်။ မျက်လုံးတွေကို မဖွင့်ခင်အသက်ပြင်းပြင်း ရှုသွင်းလိုက်ပါ။ ပြီးမှ ခပ်ဖြည်းဖြည်းလေး ရှုထုတ်တာကို အကျင့်တစ်ခုလိုလုပ်ပေးရင် ဦးနှောက်နှင့် နှလုံးအတွက် အကျိုးရှိလှပါတယ်လို့ ဆိုတယ်။ အိပ်ရာကမထခင် ကိုယ်လက် လှုပ်ရှားတဲ့ သဘောမျိုးလေးတွေကို တစ်ခဏလောက်လုပ်ပေးတာဟာ လူရေစိတ်ပါ အပန်းဖြေစေနိုင်တဲ့ နည်းလမ်းကောင်းပါပဲလို့ ပညာရှင်ကအဆိုပြုထားပါတယ်။  ဖြစ်နိုင်ရင်တော့ နှိုးစက်မကူရအောင် အိပ်ရာကစောစော ဝင်ပြီး ခပ်စောစောလေး အိပ်ယာကထနိုင်ရင်တော့ ပိုကောင်းတာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ရာကနေငေါက်ခနဲ ထထိုင်လိုက်တာမျိုး မဟုတ်ရင်တော့ စိတ်သက်သက်သာသာရှိမှာ အမှန်ပါပဲ။

    စာကြွင်း — နာရီတွေကိုမုန်းတယ်ဆိုတဲ့ ငယ်ငယ်တုန်းက သူငယ်ချင်း “မမူ” ဖတ်မိပါစေလို့။

    နှင်းဆီခင်

  • ပါလက်စတိုင်း အနာဂတ် အတွက် တံခါး တစ်ချပ် သို့မဟုတ် Dar Issaf alNashashibi စာဖတ် အသင်း

    ပါလက်စတိုင်း အနာဂတ် အတွက် တံခါး တစ်ချပ် သို့မဟုတ် Dar Issaf alNashashibi စာဖတ် အသင်း

    ဇန်နဝါရီ ၉၊ ၂၀၁၅
    M-Media
    bc87cb2d-834c-4de5-894e-51f6fd3f6213_16x9_600x338
    – သွေးထွက်သံယိုမှုများနှင့် မငြိမ်သက်မှုများ ဖြစ်ပွားခဲ့သောကြောင့် မကြာသေးမီ လများအတွင်းကပ `အကြမ်းဖက်တိုက်ခိုက်မှု´ နှင့် `ဂျေရုစလင်´ ဟူသည့် စကားလုံးများမှာ သဘောသဘာဝ တူညီခဲ့ကြသည်။ သို့သော်လည်း အခြေအနေများ တည်ငြိမ်သွားသည့်နှင့် မီဒီယာများ၏ အဆိုပါမြို့အား စိတ်ဝင်စားမှုမှာ မှေးမှိန်ပျောက်ကွယ်ခဲ့လေတော့သည်။

    မည်သို့ပင်ဖြစ်စေကာမူ အရှေ့ဂျေရုစလင်အား အစ္စရေးက ၄၇ နှစ်ကြာ ကျူးကျော်သိမ်းပိုက်ထားမှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ ဂယက်ရိုက်မှုများက ထိုဒေသတွင် နေထိုင်သည့် ၃ သိန်း ၆ သောင်းသော ပါလက်စတိုင်းပြည်သူများ၏ လူမှုဘ၀များကို ထိခိုက်လျက်ပင် ရှိနေလေသည်။

    `လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လှုပ်ရှားခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်တွေ ဘာမှမရှိပါဘူး။ ကျွန်တော်တို့ဟာ အကျဉ်းထောင်ကြီးတစ်ခုမှာ နေရသလိုပါပဲ´

    ထိုစကားမှာ ပါလက်စတိုင်းလူငယ်များ ပညာရေးတိုးတက်စေရန်အတွက် Dar Issaf alNashashibi စာဖတ်အသင်းကို တည်ထောင်ခဲ့သည့် အဟ်မဒ်က ၎င်းတို့၏ အခြေအနေကို ဖွင့်ဟခဲ့သော စကားပင်ဖြစ်လေ၏။

    `အစ္စရေးရဲ့ နောက်ထပ် အစီအစဉ် တစ်ခုက ပါလက်စတိုင်းတွေရဲ့ လူမှုဘ၀တည်ဆောက်မှုစနစ်ကို ပျက်ပြားစေဖို့ မနားမနေကြိုးစားခြင်းပဲ ဖြစ်ပါတယ်´ ဟု ဆိုကာ အရှေ့ဂျေရုစလင်ရှိ လူငယ်များအား မူးယစ်ဆေးစွဲအောင်လုပ်ခြင်းနှင့် ကလေးများအား ဖမ်းဆီးထိန်းသိမ်းခြင်း စသည့် အစ္စရေး၏ လုပ်ရပ်များကို အဟ်မဒ်က ထောက်ပြခဲ့သည်။

    ရှိခ် ဂျရာမှ ဒါရ်အစ်ဆာ့ဖ် နက်စ်ဟက်ရှ်ဟီဘီ ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေစင်တာရှိ ဂျေရုစလင်၏ တစ်ခုတည်းသော ပြည်သူ့စာကြည့် တိုက်နှင့် ပူးပေါင်း၍ ပါလက်စတိုင်း လူငယ်များအား အသိပညာကြွယ်ဝစေရန်နှင့် ပါလက်စတိုင်းလူ့အဖွဲ့အစည်းအတွင်း အသိပညာပေးရန်အတွက် အသက် ၂၅ နှစ်အရွယ် သွားဆရာဝန် အဟ်မဒ်က လွန်ခဲ့သည့် ၆ လကပင် အဆိုပါ စာဖတ်အသင်းအား ဖွဲ့စည်းတည်ထောင်ခဲ့လေသည်။

    လက်ရှိအချိန်၌ ထိုစာဖတ် အသင်းတွင် မတူညီသော အသက်အရွယ်အလိုက် အုပ်စု ၂ ခု ရှိလာခဲ့လေပြီ။ အဓိကအုပ်စုမှာ အသက် ၂၂ နှစ်မှ ၃၀ အကြား လူငယ် ၁၅ ယောက်မှ အယောက် ၂၀ ကြား ပါဝင်သည့် အဖွဲ့ဖြစ်ပြီး၊ အခြားအုပ်စုတစ်ခုမှာတော့ အသက် ၃၀နှင့် အထက် အမျိုးသမီး ၁၀ ဦးပါဝင်သည့် အဖွဲ့ဖြစ်လေသည်။ ထိုမျှမက အဆိုပါ စာဖတ်အသင်း၏ အဖွဲ့ခွဲ တစ်ခုကိုလည်း ရာမာလာတွင် တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။

    အဆိုပါ စာဖတ်အသင်းတွင် ပြည်သူများ၏ မဲပေးရွေးချယ်မှုကို အခြေခံ၍ အမျိုးအစားအလိုက်၊ စာရေးဆရာ အလိုက် စာအုပ်အများအပြား ရှိလေသည်။

    ဟီဘရူးတက္ကသိုလ်မှ အသက် ၂၅ နှစ်အရွယ် ဓာတုဗေဒ ကျောင်းသူ ရီဟမ် အဘူဂိုရှ့်က အဆိုပါ စာဖတ်အသင်းသို့ ဆက်သွယ်ရသည့် အဓိက အကြောင်းအရင်းများထဲမှ တစ်ခုမှာ စာဖတ်ခြင်းက လူ့စွမ်းအားမြှင့်တင်ပေးရာ နည်းလမ်းဖြစ်သည်ဟု  လူ့အဖွဲ့အစည်းက ရှုမြင်လာစေရေး တိုက်တွန်းအားပေးရန်ဟု ပြောကြားခဲ့သည်။

    `ကျွန်မတို့ ပိုင်ဆိုင်တာဆိုလို့ စိတ်နှလုံးသားပဲ ရှိပါတယ်။ အသိပညာပေးခြင်းနဲ့ ဗဟုသုတတွေကနေ တစ်ဆင့် အပြောင်းအလဲကို ဖန်တီးနိုင်ပြီး ကျွန်မတို့ ရည်ရွယ်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပါလိမ့်မယ်´ ဟု အဘူဂိုရှ့်က အနာဂတ် လွတ်လပ်သော ပါလက်စတိုင်း နိုင်ငံတော်အတွက် ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့သည်။

    အဆိုပါ စာအုပ်အသင်းက မကြာမီရောက်ရှိလာတော့မည့် အနာဂတ်၌ လူလားမြောက်လာကြမည့် အသက် ၁၀ နှစ်မှ ၁၈ နှစ်အရွယ် လူငယ်လေးများကို ပစ်မှတ်ထားရန် မျှော်လင့်ထား၏။

    `သူတို့မှာ လွတ်မြောက်ဖို့ ဒါမှမဟုတ် ရှင်သန်ဖို့ နေရာ မရှိပါဘူး။ သူတို့မှာ ကစားကွင်းတွေ မရှိဘူး၊ အားကစားလည်းမလုပ်ရပါဘူး။ အပန်းဖြေအသင်းအဖွဲ့တွေလည်း မရှိပါဘူး။ နောက်ပြီး သင်ရိုးညွှန်းတမ်းအပြင် အခြားလှုပ်ရှားမှုမျိုးတွေလည်း မရှိပါဘူး။ နောက်ဆုံး မှာတော့ ဒီလူငယ်လေးတွေဟာ လမ်းမပေါ်ရောက်ကုန်ပါတယ်၊ ပြီးတော့ သူတို့ဆီမှာရှိတဲ့ စွမ်းအားတွေကို စစ်သားတွေ ခဲနဲ့ပေါက်တဲ့နေရာပဲ အသုံးချလိုက်ကြပါတယ်´

    လူမှုဖူလှုံရေး ပြတ်တောက်ခြင်း

    အရှေ့ဂျေရုစလင် မြူနီစီပယ်အဖွဲ့မှ ဒါရိုက်တာဖြစ်သူ မိုဟာမက် အဘူကဖ်က ၎င်းတို့အဖွဲ့အနေဖြင့် အနုပညာစင်တာများ၊ အပန်းဖြေအသင်းအဖွဲ့များ စသဖြင့် လူ့အဖွဲ့အစည်းတိုးတက်ရေး လုပ်ငန်းများအား ဆောင်ရွက်ရန် ကြိုးစားသည့်အခါ အရှေ့နှင့် အနောက်ဂျေရုစလင်အကြား ဘက်ဂျက်ခွဲဝေမှုတွင် ကြီးမားသည့် ခြားနားချက်များ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းမှ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဂျေရုစလင်ရှိ ၇၅.၃ ရာခိုင်နှုန်းသော ပါလက်စတိုင်းများမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူ ၃၆ ရာခိုင်နှုန်းမှာလည် ၁၂ နှစ်တက်ရမည့် အခြေခံပညာရေးကို အောင်မြင်ပြီးဆုံးခြင်း မရှိကြ။ အရှေ့ဂျေရုစလင်တွင် ကျောင်းထွက်မှုရာခိုင်နှုန်းမှာ ၂၀၁၃ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး အနောက်ဂျေရုစလင်တွင်တော့ ၁ ရာခိုင်နှုန်းသာရှိသည်။

    ၁၉၆၇ ခုနှစ် အစ္စရေးက အရှေ့ဂျေရုစလင်အား သိမ်းပိုက်ခဲ့ပြီးကတည်းက ဂျေရုစလင် မြူနီစီပယ်မှာ ဒေသအတွင်း၌ စာသင်ကျောင်းများ၊ ဆေးခန်းများအပါအ၀င် အရေးပါသည့် အခြေခံအဆောက်အဦးများတွင် ရင်းနှီးမြှပ်နှံနိုင်ခြင်းမရှိတော့ဟု အစ္စရေးရှိ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ BTselem က ၎င်းတို့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

    ထို့ပြင် မြို့တွင်းရှိ မိလ္လာစနစ်၊ လမ်းများ၊ လူသွားလမ်းများ၏ ၉၀ ရာခိုင်နှုန်းမှာ အစ္စရေး၏ အနောက်ဂျေရုစလင်တွင် ရှိနေပြီး ပါလက်စတိုင်း လူ့အဖွဲ့အစည်းကတော့ ထိုအရာများကို ဆုံးရှုံးနေလေ၏။

    ပြည်သူ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အလ်-မက်ဒီစ် အန်ဂျီအိုအဖွဲ့မှ စီမံကိန်းဒါရိုက်တာဖြစ်သူ အီဆမ် ဂျွေဟမ်က အရှေ့ဂျေရုစလင်တွင် မူးယစ်ဆေးစွဲနေသူနှင့် ရောင်းဝယ်ဖောက်ကားနေသူ ၂၀၀၀၀ ခန့် ရှိနေကာ အသက် ၁၇ နှစ်အရွယ် ကလေးများပင် ပါဝင်နေသည်ဟု ပြောခဲ့သည်။

    `စီလ်ဝမ်၊ ရွှာအက်ဖ်၊ အလ်တူရ်တို့က မူလတန်းကျောင်းတွေကို ကျွန်တော် သွားရောက် လည်ပတ်ခဲ့ပြီး ကလေးတွေကို မူးယစ်ဆေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။ သူတို့က မူးယစ်ဆေးကို ဘယ်ကနေရတယ်၊ ဘယ်သူ့ဆီကနေ ရတယ်ဆိုတာကို အတိအကျကို ပြောပါတယ်။ ပေါ်ပေါ်တင်တင်ပဲ သူတို့ရောင်းကြတယ်။ ဥပမာအားဖြင့် ပြောရရင် အစ္စရေးရဲတပ်ဖွဲ့၊ စစ်တပ်နဲ့နီးတဲ့ နေရာတွေမှာပါ။ မူးယစ်ဆေး သုံးစွဲနိုင်အောင် လုပ်ထားခြင်းက သူတို့အတွက် အကောင်းဆုံး အကျိုးကျေးဇူးတွေကို ရတာကြောင့် အစ္စရေးအစိုးရက ဒါကို တားဖို့ မကြိုးစားပါဘူး။ ဆေးစွဲနေတဲ့သူဟာ သူတို့ရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ကာကွယ်ဖို့ မကြိုးစားတော့ဘူးလေ။ ဒီကိစ္စထက် ပိုပြီး ပူပန်ရမယ့် ပြဿနာတွေ သူတို့မှာ ရှိနေတာကိုး´ ဟု ပါလက်စတိုင်းပြည်သူများ နလန်မထူနိုင်ရေး အစ္စရေး၏ ဆင်ကြံကြံနေမှုကို ဂျွေဟမ်က ယခုကဲ့သို့ ဖွင့်ဟခဲ့လေ၏။

    ref:Al Arabiya News
    လေးမောင် ဘာသာပြန်ဆို တင်ပြသည်။

  • မွတ်စ်လင်မ်တို့၏ သမိုင်းဝင် တီထွင်မှုများ(၈)ရပ်

    မွတ်စ်လင်မ်တို့၏ သမိုင်းဝင် တီထွင်မှုများ(၈)ရပ်

    ဇန်နဝါရီ ၉ ၊ ၂၀၁၅
    M-Media

    ထောင်ပေါင်းများစွာသော ဥရောပသားမျိုးချစ်ဆိုသူများဟာ Dresden က လမ်းများပေါ် နောက်တစ်ခါထွက်လာပြီး “အနောက်တိုင်းထဲ အစ္စလာမ့်သွတ်သွင်းမှု”ကို ဆန္ဒပြတယ်လို့ ဆိုလာတာကြောင့် သူတို့လုပ်ရပ်များက တစ်ဖက်သတ်ခါးသည်းကြောက်ရွံ့မှုနဲ့ အသိမဲ့မှုရဲ့
    အကျိုးဆက်ဖြစ်နေကြောင်း ဆိုရပါတော့မယ်။

    စင်စစ်မှာတော့ ကျွန်တော်တို့ရဲ့ ဗဟိုဥရောပယဉ်ကျေးမှုဟာ အစ္စလာမ့်သြဇာလွှမ်းမိုးခြင်းဆီကနေ နှစ်တစ်ထောင်ကျော်ထိ အကျိုးကျေးဇူးခံစားနေရတာပါ။ ဒါကို ကံကောင်းတယ်လို့ မပြောနိုင်ပေဘူးလား။

    ပြီးခဲ့တဲ့ တနင်္လာနေ့ညနေပိုင်း ဆန္ဒထုတ်ဖော်သူတစ်ဦးက သူကိုင်တွယ်နေတဲ့မျက်မှန်ဟာ အာရဗ်ကမ္ဘာရဲ့တီထွင်ခဲ့မှုတစ်ရပ်ဖြစ်ကြောင်း သူမသိရှိတာ သေချာပါတယ်။ ဆန္ဒပြသူ နောက်တစ်ဦးက လက်ျာစွန်းရောက်သီချင်းတွေကို ဂီတာနဲ့တွဲလို့ သီဆိုပြီးတဲ့အခါကျမှ ဂစ်တာရဲ့မူလအစ အာရဗ်က ဖြစ်ကြောင်း သူသိသွားခဲ့ရင် ………။ ဒါ့အပြင် သူတို့ကိုင်ဆောင်နေတဲ့ စာရွက်ချပ်တွေပေါ်ရေးသားထားတဲ့ တုန်လှုပ်စရာ ပြောင်းရွှေ့ဝင်ရောက်သူခန့်မှန်းစာရင်းတွေဟာ အာရဗ်ကိန်းဂဏန်းအသုံးပြုချက်ဖြစ်ကြောင်း မသိလေရော့သလား။

    ဒါဆိုရင်ဖြင့် မွတ်စ်လင်မ့်ယဉ်ကျေးမှုတွေဆီကနေ အကြွေးတင်နေတဲ့ အရာရှစ်မျိုးကို ကြည့်ရှုလိုက်ပါဦး။ ဒီအချက်တွေကို Huffington Post Germany က မေတ္တာလက်ဆောင်အဖြစ် တင်ပြပေးထားပါတယ်။

    ၁။ သင်္ချာကိန်းဂဏန်းစနစ်
    —————————-


    ဂျာမန်လူမျိုးတွေအပါအ၀င် အနောက်တိုင်းသား တော်တော်များများက မိမိတို့ရဲ့ အင်ဂျင်နီယာနဲ့နည်းပညာဆိုင်ရာ အားထုတ်အောင်မြင်မှုတွေအပေါ် ဂုဏ်ယူလေ့ရှိကြတယ်။ ဒါပေမယ့် ဘယ်အင်ဂျင်နီယာကမှ သင်္ချာကိန်းဂဏန်း မပါဘဲ အလုပ်မလုပ်နိုင်ပါဘူး။ ယနေ့ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ သင်္ချာကိန်းဂဏန်းစနစ်က နံပါတ် ၁ ကနေ ၉ ဆိုတာ ဘဂ္ဂဒက်ရဲ့ “ပညာ့ဗိမာန်ကြီး” ဆီကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီစနစ်ကို အေဒီ ၉ ရာစုနှစ်က တီထွင်ခဲ့တယ်လို့ ယူဆထားပါတယ်။ ဒီကိန်းဂဏန်းစနစ်ကို ၁၂  ရာစုထဲကျမှ ဥရောပသားတွေ စတင်သိရှိလာကြတာပါ။ အာရဗ် ပညာရှင် အလ်ခ၀ါရိဇ်မီရဲ့ ကျမ်းများကို Chester က ဗြိတိသျှလူမျိုး အရဗီစာပေပညာရှင် ရောဘတ်က ဘာသာပြန်ဆို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်တယ်။ အလ်ခ၀ါရိဇ်မီဆိုတာ သင်္ချာတွက်ကိန်းနဲ့အဖြေရှာနည်း Algorithm များကို ကင်ပွန်းတပ်ပေးခဲ့သူဖြစ်တယ်။ သူက မွတ်စ်လင်မ်ကမ္ဘာရဲ့တီထွင်မှုဖြစ်တဲ့ အက္ခရာသင်္ချာပညာ Algebra ကို ခေတ်မီအောင် ထပ်ဆင့်မြှင့်တင်ပေးခဲ့သူအဖြစ် ကျော်ကြားပါတယ်။

    ၂။ သွားပွတ်တံ/သွားတိုက်တံ
    ——————————-

     

     

    The toothbrush

    တစ်ကိုယ်ရေ သန့်ရှင်းမှုကို ပထမဆင့် အားပေးညွှန်ကြားထားတဲ့ ပထမဆုံးတစ်ခုတည်းသော ဘာသာသာသနာဟာ အစ္စလာမ်ပါ။ ပုံမှန်ကိုယ်လက်သန့်စင်ရေးအတွက် ကုရ်အာန်ကျမ်းထဲ ညွှန်ကြားချက်တွေ ပါဝင်နေတယ်။ ဒါ့ကြောင့် အစ္စလာမ့် ကျင့်စဉ်တစ်ရပ်ဖြစ်တဲ့ ခံတွင်းသန့်ရှင်းရေးကို လူကြိုက်များလာ ခဲ့တာ သိပ်အထူးတဆန်း မဟုတ်လှပေဘူး။

    ရှေးဟောင်းအီဂျစ်တွေဟာ ခံတွင်းသန့်ရှင်းရေးအတွက် အသုံးချနိုင်တဲ့သစ်ပင်က သစ်ကိုင်းငယ်လေးတွေကို ၀ါးခဲ့တယ် (တံပူစားခဲ့တယ်)လို့ ယူဆခဲ့ကြသော်လည်း တကယ်တမ်းကျတော့ တံပူ(အရဗီအခေါ် – မစ္စ၀ါ့က်)ကို တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)မှ သွားတိုက်လေတိုင်း အသုံးပြုရာကစလို့ လူသိများ တွင်ကျယ်လာခြင်းသာ ဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းမြတ်ထဲမှာ မစ္စ၀ါ့က် (၀ါ) တံပူ (၀ါ) သွားတိုက်တံ/သွားပွတ်တံ အကြောင်း ဖော်ပြထားမှု မရှိပေမယ့် မွတ်စ်လင်မ်ပညာရှင်များ ရေးသားထားကြတဲ့ ကျမ်းအစောင်စောင်တွေမှာ ကြိမ်ဖန်များစွာ ဖော်ပြထားတာကို တွေ့မြင်နိုင်ပါတယ်။

    ၃။ စစ်ချီတီးဝိုင်း
    —————-

    Marching bands
    စစ်ချီတီးဝိုင်းများဟာ အော်တိုမန်အင်ပါယာတပ်မတော်တွေဆီကနေ ဆင်းသက်လာတာပါ။ သူတို့ဟာ စစ်ပွဲဖြစ်စဉ်တစ်လျှောက်လုံးမှာ (စစ်သည်တွေ စိတ်တက်ကြွစေဖို့) တီးခတ်ကြတယ်၊ စစ်တပ်ပြန်ခွာချိန် သို့မဟုတ် စစ်ပွဲပြီးအဆုံးသတ်ချိန်မှသာ တီးခတ်မှု ရပ်နားလေ့ရှိခဲ့ကြတယ်။

    အော်တိုမန်တွေနဲ့ဖြစ်ခဲ့တဲ့ စစ်ပွဲများအတွင်း ဥရောပတပ်သားတွေက ဒီတီးဝိုင်းများအပေါ် အားကျမှုများစွာ ဖြစ်ပေါ်လာခဲ့တယ်။ အဲ့ဒီနောက် သူတို့ဟာ မိမိတို့ကိုယ်ပိုင်နည်းလမ်းအဖြစ် မွေးစားလိုက်ကြတာပါ။

    ၄။ ဂစ်တာ
    ———–

    literature_music_03
    ဂစ်တာလို့ ယခုခေတ်မှာသိရှိကြတဲ့အရာက အာရဗ်ရိုးရာ လည်တိုင်ကွေး ကြိုးတပ် ဗျပ်စောင်းကနေ ဆင်းသက်လာခြင်းဖြစ်တယ်။ အလယ်ခေတ်ကာလအတွင်း အန်ဒလူစီယာက စပိန်မွတ်စ်လင်မ်တွေဆီကနေ နည်းယူခဲ့ခြင်းဖြစ်ပြီး အရဗီစကား ဂီတာရာ ကို အစွဲပြုခေါ်တွင်ခဲ့ကြတယ်။

    ၉ ရာစုနှစ်က အုမိုင်ယဟ်မင်းဆက် ဒုတိယမြောက်အဗ်ဒုရ်ရဟ်မာန်ရဲ့ နန်းတော်ထဲ ဂီတဆရာတစ်ဦးက အဲ့ဒီတူရိယာကို ဆက်သခဲ့တယ်လို့လည်း အဆိုရှိပါတယ်။ ခေတ်သစ် ဂီတာတူရိယာကို ဆန်းသစ်မှုများစွာနဲ့ ပုံဖော်ခဲ့သော်လည်း သူ့ရဲ့ ဘူမိနက်သန်ကတော့ အာရဗ်ဗျပ်စောင်းပဲ ဖြစ်ပါတယ်။

    ၅။ မှန်ဘီလူးများ
    ——————
    history-of-perspective-4-728 အာရဗ်ကမ္ဘာက သင်္ချာပညာကို တစ်ခေတ်ဆန်းစေယုံတင် မကပါဘူး – ရူပဗေဒတော်လှန်ရေးတစ်ရပ်ဖြစ်တဲ့ အလင်းပညာ ကိုလည်း ဖော်ဆောင်ပေး ခဲ့ပါတယ်။ ဘဆ်ွရာမြို့တော်က ပညာရှင်ကြီး အလ်ဟေဇင်(အဘူ အလ် ဟစံန်)ဟာ စက္ခုနှစ်လုံးရဲ့ လုပ်ငန်းဆောင်တာကို ကမ္ဘာ့ပထမဆုံး ဖွင့်ချတင်ပြခဲ့သူဖြစ်တယ်။

    အလင်းပြန်နိုင်တဲ့ပစ္စည်းများနဲ့ သူက လက်တွေ့စမ်းသပ်ပြီး မျက်လုံးဟာ အလင်းရောင်းစဉ် မပါဘဲ ပတ်ဝန်းကျင်ကို မခံစားမသိရှိနိုင်တဲ့ အကြောင်း သက်သေထူပြခဲ့တယ်။ ဒါ့အပြင် မြင်ကွင်းကို ချဲ့/ချုံ့ကြည့်ဖို့ မှန်ခုံး/ခွက် အသုံးပြုနိုင်ကြောင်း ကိုလည်း ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။

    “Reading Stones” လို့ အမည်ပေးထားတဲ့ သူ့မှန်ချပ်ဟာ ကမ္ဘာ့ပထမဦးဆုံး မှန်ဘီလူးပါ။ နောက်ပိုင်းမှန်ဘီလူးများက ဒါကိုမှီပြီး ထပ်ဆင့်ပြန်လည်ဆန်းသစ်မှုများပါပဲ။ ဒါတင်မကသေးပါဘူး၊ အလ်ဟေဇင်က ဇလဗေဒနဲ့ အာကာသလေ့လာရေးပညာဆိုင်ရာ ပဓာနကျမ်းဂန်များကိုလည်း ရေးသားပြုစုခဲ့ပါသေးတယ်။

    ၆။ ကော်ဖီ
    ———–

    800px-A_small_cup_of_coffee
    မွတ်စ်လင်မ်ကမ္ဘာထွက် ကုန်ပစ္စည်းများထဲမှာ လူသိအများဆုံးကတော့ ကော်ဖီ ဖြစ်ပါတယ်။ သူ့ရဲ့ဇစ်မြစ်က အီသီယိုးပီးယားဖြစ်ပြီး ပင်လယ်နီကိုဖြတ်လို့ အာရေဗျကျွန်းဆွယ်ရောက်တယ်။ အာရေဗျထဲရောက်မှ ရေပန်းစားလာခဲ့ပါတယ်။

    အော်တိုမန်ကုန်သည်များက ကော်ဖီစေ့ကထုတ်တဲ့ယမကာ(ကော်ဖီရည်)ကို လန်ဒန်မှာ ၁၇ ရာစုထဲ သယ်ဆောင် မိတ်ဆက်ပေး ခဲ့တယ်လို့ ခန့်မှန်းကြတယ်။ ၁၆၄၅ ခုနှစ်အတွင်း ဗင်းနစ်မြို့မှာ ပထမဆုံးကော်ဖီဆိုင် ဖွင့်လှစ်တယ်။ ၁၆၈၃ ခုနှစ် သြစတြီးယားကနေ တူရကီဆုတ်ခွာပြီးမှ ဂျာမဏီက ထပ်မံသိရှိသွားကြတယ်။ စူလ်တာန်ရဲ့စစ်သည်တော်များက ကော်ဖီအိတ်ပေါင်းများစွာ ချန်ရစ်ထားခဲ့ကြောင်း လက်ဆင့်ကမ်းအဆိုတစ်ရပ်လည်း ရှိနေပါတယ်။

    ၇။ ဆေးရုံ
    ———–
    သူနာပြုနဲ့ သင်တန်း ဌာနရှိတဲ့ ပထမဆုံး ခေတ်မီဆေးရုံကို ကိုင်ရိုမြို့မှာ အေဒီ ၈၇၂ ခုနှစ်က တည်ဆောက်ခဲ့တယ်။ တုလုနစ် မင်းဆက်တည်ထောင်သူ အမည်ကို အစွဲပြုခေါ်ဝေါ်တဲ့ အဲ့ဒီ အဟ်မဒ် ဘင်န် တုလူးန် ဆေးရုံမှာ လူနာတိုင်းကို အခမဲ့ ဆေးဝါးကုသပေး ခဲ့ပါတယ်။ အခမဲ့ကျန်းမာရေးစနစ်ဟာ

    ဆေးရုံနဲ့တွဲလျက် ထွက်ရှိလာသော မွတ်စ်လင်မ့်ထုံးဓလေ့ထဲက စဦးခြေလှမ်းတစ်ရပ်သာလျှင် ဖြစ်ပါတယ်။

    မဆိုစလောက်ကွဲလွဲပြီး ဒီ့ထက်ရိုးစင်းအခြေခံကျတဲ့ ဆေးရုံများဟာ ဘဂ္ဂဒက်မြို့မှာ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုင်ရိုပုံဟန်ကိုသာ နောက်ပိုင်းခေတ် ကမ္ဘာတစ်ဝှန်းဆေးရုံများက ပုံတူကူးခဲ့ခြင်းဖြစ်ပါတယ်။

    ၈။ ခွဲစိပ်ကုသခြင်း
    ———————

    cauteries
    အန်ဒလူစီယာဇာတိဖွား အလ်ဘူကေးစစ် (Albucasis – အဗူလ် ကာစင်)က အလယ်ခေတ်ကာလရဲ့ ဆေးပညာရှေ့ဆောင်ပုဂ္ဂိုလ်များထဲ အပါအ၀င်တစ်ဦးပါ။ အဲ့ဒီ ဆယ်ရာစုနှစ် အာရဗ်လူမျိုးပညာရှင်က ကျမ်းအတွဲပေါင်း ၃၀ ကျော် ရေးသားခဲ့တယ်။ အဲ့ဒီထဲမှာ သမားတော်နဲ့ လူမမာဆက်ဆံရေးဟာ အပြုသဘောဆောင်ဖို့ အရေးကြီးကြောင်း၊ လူမှုအဆင့်အတန်းမခွဲခြားဘဲ တန်းတူဆက်ဆံရမယ့်အကြောင်း အချေအတင် တင်ပြထားတယ်။

    သူဟာ ဆီးလမ်းကြောင်း၊ နားနဲ့ အစာလမ်းကြောင်း ဆိုင်ရာရောဂါများ ခွဲစိပ်ကုသနည်းများကို တီထွင်ခဲ့တဲ့အပြင်၊ သန္ဓေသားဖြစ်တည်ပုံနှင့် မွေးလမ်းကြောင်း ပညာရပ်များကို ပထမဆုံး ဖော်ပြလိုက်သူလည်း ဖြစ်ပါတယ်။ ၁၆ ရာစုနှစ် ဥရောပသား ထိပ်တန်းသမားတော်တွေက သူ့တီထွင်တင်ပြမှုတွေကို မှီးယူရတဲ့အထိ သြဇာကြီးမားခဲ့ပါတယ်။ သူ့အတွေးအမြင်က လက်ရှိခွဲစိပ် ကုသမှုတွေ အပေါ် အရိပ်လွှမ်းမိုးနေဆဲပါ။

    Ref : 8 Great Inventions Created by Muslims , Huffington Post