News @ M-Media

Author: M-Media

  • အမေရိကန် ဘီလျံနာ သူဌေးကြီး ဆိုးရော့စ်နဲ့ မွတ်စလင်ခေါင်းဆောင်တွေ တွေ့ဆုံ

    အမေရိကန် ဘီလျံနာ သူဌေးကြီး ဆိုးရော့စ်နဲ့ မွတ်စလင်ခေါင်းဆောင်တွေ တွေ့ဆုံ

    ဇန်နဝါရီ ၈ ၊ ၂၀၁၄
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။

    10923197_1542772889294454_3172713219950675244_n
    အမေရိကန်အခြေစိုက် Open Society ဖောင်ဒေးရှင်း တည်ထောင်သူ ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က အောင်မင်္ဂလာ ရပ်ကွက်မှာ မွတ်စလင်တွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

    အဲဒီတွေ့ဆုံပွဲမှာ မွတ်စလင်လူငယ်တစ်ဦးက သူတို့ သွားလာခွင့်ကန့်သတ်ခံနေရကြောင်း Mr. George Soros ကို အခုလိုပြောပြခဲ့ပါတယ်။

    “ကျနော်တို့ သွားလာခွင့်ကိုပိတ်ထားတာ ဘာမှအဆင်မပြေဘူး၊ ဈေးလည်းသွားလို့မရဘူး၊ ကျနော်တို့ ဒီနိုင်ငံမှာမွေးတာ တော်တော်လေးကြာပြီ၊ ကျနော်တို့အဖိုးက အရင်ကအစိုးရဝန်ထမ်း၊ အဲ့ဒါကြောင့် ဒီကိစ္စကို ကျနော်တို့ လုံးဝလက်မခံပါ”

    Mr. George Soros က မွတ်စလင်အသိုင်းအဝန်းရဲ့ အခြေအနေဟာ ဆိုးရွားနေတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့ပါတယ်။

    ဒါ့အပြင် Mr.George Soros က မွတ်စလင်တွေရဲ့ စားဝတ်နေရေးတွေအပြင် ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးလုပ်ငန်း အခြေအနေတွေနဲ့ ပတ်သက်ပြီး မွတ်စလင်ခေါင်းဆောင်တွေကို မေးမြန်းခဲ့ပါတယ်။

    သက္ကယ်ပြင်၊ ဒါးပိုင်၊ စက်ရုံစုစတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို မေးမြန်းလေ့လာခဲ့ပါတယ်။

    ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနဲ့ စစ်တွေလေဆိပ်မှာ သီးသန့်တွေ့ဆုံ ခဲ့ပါတယ်။

    ဒီအတောအတွင်း အမေရိကန်နိုင်ငံအခြေစိုက် Open society အဖွဲ့အကြီးအကဲ ကုဋေကြွယ်သူဌေးကြီး ဂျော့ ဆိုးရော့စ်ဟာ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း လူမျိုးစုတွေ အတူပူးတွဲနေထိုင်နိုင်ရေးနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

    ဂျော့ဆိုးရော့အနေနဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာပြီး တတ်စွမ်းသမျှ အကူအညီပေးလိမ့်မယ်လို့ မိမိနားလည်ကြောင်း ဦးရွှေမောင်က ပြောပါတယ်။

    “သူက ပြန်လည်သင့်မြတ်ဖို့ ပြီးတော့ ငြိမ်းချမ်းစွာ ပူးပေါင်းအတူနေထိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေကို သုံးရင်ကောင်းမလဲဆိုတဲ့ အဲဒီ့အပေါ်မှာလည်း သူ့ဖက်ကနေ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမယ်၊ ပြီးတော့ သူက နိုင်ငံတော်သမ္မတကြီး ကိုလည်း တွေ့ပြီးပြီလို့ ပြောပါတယ်၊ သူက ရခိုင်ပြည်နယ်ဝန်ကြီးချူပ်နဲ့ တွေ့တဲ့ အခါမှာလည်း ဒီကိစ္စတွေကို အသေးစိတ်ဆွေးနွေးပြီးတော့မှ လိုအပ်သလို ပူးပေါင်းဆောင်ရွက်မယ်၊ ဒီလို သဘောပဲ ကျနော်တို့ကို ရှင်းပြတာပါ”

    10898275_778388085583456_5338435115105450451_n
    ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ Mr. Soros နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ဆုံခဲ့ရာမှာ ရခိုင်ပြည်နယ် အတွင်းက လူမျိုးစုကိစ္စတွေ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ဒုက္ခသည်စခန်းတွေက အခြေအနေတွေကို မေးမြန်း ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

    ဂျော့ဆိုးရော့ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို ဒီရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ပြီုးဖြစ်သလို ရခိုင်ပြည်နယ်ကို ဒီကနေ့ရောက်ရှိပြီး စစ်တွေမြို့က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာနေပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

    http://www.rfa.org/burmese/news/george-soros-meet-muslim-community-01082015102823.html

    ဓါတ်ပုံ ရှင်းလင်းချက်
    ————————-
    ပုံ ၁- George Soros  ဇန်နဝါရီလ ၈ ရက်နေ့က စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်တွေ နဲ့ တွေ့ဆုံစဉ် (Photo Credit- Shafie Arkani FB)

    ပုံ-၂- ဇန်နဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ Mr. Soros နှင့် ဘူးသီးတောင် မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ ဥက္ကဌ၊ ၁၉၉၀ ခုနှစ် ရွေးချယ်ခံ လွှတ်တော် အမတ်ဟောင်း၊ CRPP အဖွဲ့ဝင်ဟောင်း ဦးကျော်မင်း၊ စစ်တွေမြို့မှ ဦးကျော်လှအောင်နှင့် အမျိုးသမီးများ ငြိမ်းချမ်းရေး ကွန်ယက် မှ ဒါရိုက်တာ ဒေါ်ဝေေ၀နု တို့ တွေ့ဆုံစဉ် Photo Credit- ဦးရွှေမောင် FB)

  • “၂၀၁၅ ကို မျှော်ကြည့်ခြင်း”

    “၂၀၁၅ ကို မျှော်ကြည့်ခြင်း”

    ဇန်နဝါရီ ၈ ၊ ၂၀၁၅
    .ကောင်းလွန်း ရေးသည်။
    Myanmar-Burma
    ၂၀၁၅ မှာ ဖြစ်လာနိုင်တဲ့ မြန်မာ့အနာဂါတ်ကို ကြိုတင်ခံစားကြည့်ရာမှာ ရင်ခုံစရာတွေချည်းပါပဲ..။ ကောင်းလာနိုင်တာတွေ ရှိသလို ဆိုးသွားနိုင်တာတွေလဲ ရှိပါတယ်..။ အများသူငါကြိုက်တဲ့ .. မင်္ဂလာရှိစေမယ့် ကောင်းခြင်းတွေကို ကြိုတင်ခံစားကြည့်ရရင်ဖြင့်…..။

    ၂၀၁၅ မှာ ပညာရေး ကောင်းလာပါမယ်..။ ပညာရေးစနစ်ကောင်းလာမယ်လို့ ပြောတာမဟုတ်ပါ..။ ပညာရေး ဆိုတာကို လူတွေ ပိုပြီး စိတ်ဝင်စားလာမှာကို ပြောတာပါ..။ “ပညာသင်လဲ အလကားပါကွာ.. ပိုက်ဆံသာ ရအောင်ရှာပါ” ဆိုတဲ့ အတွေးအခေါ်က နှစ်ပေါင်း သုံးဆယ်လောက် ကောင်းကောင်းကြီးလွှမ်းမိုးခဲ့ပါတယ်..။ တကယ်လဲ ပညာ တတ်စရာမလိုပဲ ချမ်းသာ နေတဲ့လူတွေ များလာခဲ့ပါတယ်..။ ဝင်တတ် ထွက်တတ် ပြောတတ် ဆိုတတ် ပေါင်းတတ်သင်းတတ် ပေးတတ် ကမ်းတတ် ရင် အဆင်ပြေခဲ့ကြပါတယ်..။ အခုအထိလဲ အဆင်ပြေနေတုန်းပါပဲ..။ အဲဒီလို အဆင်ပြေနေတဲ့ လူတွေထဲမှာ ပညာတတ် တို့ ပညာရှင် တို့ ဆိုတဲ့ အခန်းကဏ္ဍ နည်းပါးလှတာကို တွေ့ ရပါမယ်.။ ဒါပေမယ့် ၂၀၁၅ ကစလို့ ပညာရှင် တွေရဲ့ အခန်းကဏ္ဍ အရေးပါလာပြီ ဆိုတာ တွေ့ရပါမယ်..။ အထူးသဖြင့် စီးပွားရေး ကို ငွေပင်ငွေရင်းနဲ့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြသူတွေဟာ ပညာကို ပိုပြီး စိတ်ဝင်စားလာတာကို တွေ့ရမှာပါ..။ လာပြီလေ.. အာဆီဆံ စီးပွားရေး အသိုက်အဝန်း ဆိုတာက တကယ်ကို နဖူးတွေ့ဒူးတွေ့ ရောက်လို့လာပါပြီ..။

    အာဆီယံ အကြောင်းလေ့လာ မထားရင် စီးပွားရေး လုပ်ရတာ ခက်တော့မယ်…။ အာဆီယံထဲမှာကို ဖွံ့ဖြိုး စ.. ဖွံ့ဖြိုးဆဲ.. ဖွံ့ဖြိုးပြီး နဲ့ နောက်ကျန် နိုင်ငံတွေ ဆိုပြီး ရှိနေတာကို တွေ့ရမှာပါ..။ လာအို နဲ့ ကမ္ဘောဒီးယားလို နိုင်ငံမျိုးက ဖွံ့ဖြိုးစ.. အင်ဒိုနီးရှား တို့ ဖိလစ်ပိုင်တို့က ဖွံ့ဖြိုးဆဲ.. စင်္ကာပူ ဘရူနိုင်း မလေးရှား ထိုင်း စတာတွေက ဖွံ့ဖြိုးပြီး ဗီယက်နမ်က ဖွံဖြိုး ဆဲလို့ ပြောနေပေမယ့် တော်တော်ကို ရှေ့ရောက်နေပြီ..။ မြန်မာ က နိုင်ငံရေး မတည်ငြိမ် နိုင်သေးလို့ ဖွံ့ဖြိုးရေးဖက်ကိုမလှည့်နိုင်.. အားမစိုက်နိုင်သေး။ နောက်ဆုံး ဝင်လာမယ့် အရှေ့တီမောကတော့ တော်တော်ကို ကြိုးစားရဦးမှာ..။

    ဒါပေမယ့် အာဆီယံ ရဲ့ စီးပွားရေး အသိုက်အဝန်း ကြီးကတော့ စတင်လည်ပတ်နေပါပြီ..။ ဒါကြောင့်မို့ ဖွံ့ဖြိုးစပဲဖြစ်ဖြစ် ဖွံ့ဖြိုးပြီးပဲ ဖြစ်ဖြစ်..။ ဖွံ့ဖြိုးဆဲပဲဖြစ်ဖြစ်..။ အာဆီယံရဲ့ စီးပွားရေး အသိုက်အဝန်းကြီးရဲ့ လားရာနောက်ကို လိုက်ပါရတော့မှာပါ..။ အံ့သြစရာ တခုက ကိုယ့်တိုင်းပြည်မှာ အာဆီယံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေနည်းနေသေးတာပါပဲ..။ ဘာဖြစ်လို့များ ကျောင်းတွေမှာ သင်မပေးသေးတာပါလိမ့်..။ အာဆီယံအဖွဲ့ဝင် နိုင်ငံတိုင်းမှာ အာဆီယံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ကျောင်းတွေမှာ ဘာသာရပ် တခု အဖြစ်ပြဌာန်းပြီး သင်ပေးခဲ့ကြတယ်..။ ကိုယ့်ဆီမှာတော့ အာဆီယံရေးရာ ဦးစီးဌာန ဆိုတာ ရှိနေတယ် ဆိုတာကို တောင် သိသူနည်းနေသေးတာကို တွေ့ရပါတယ်..။ တကယ်တော့ အဲဒီ အာဆီယံရေးရာ ဦးစီးဌာန ရှိနေတာ အတော်ကြာပါပြီ..။ ဦးဆောင်ဦးရွက်ပြုခဲ့ကြသူတွေ ထဲက အငြိမ်းစားယူသူတွေ တောင် ရှိနေကြပါပြီ..။ မနေ့တနေ့ကမှ ပေါ်လာတဲ့ ဌာနမဟုတ်ပါဘူး..။ ဒါပေမယ့် ပျံ့နှံ့မှုကတော့ တော်တော်ကြီးကို နည်းနေပါသေးတယ်..။

    အာဆီယံ စီးပွားရေး အသိုက်အမြုံရဲ့ သဘောထား အရင်း ဖြစ်တဲ့ လွတ်လပ်စွာ စီးဆင်းခွင့် “Free Flow” ဆိုတာကို များများ သိအောင် ဖြန့်ချိပေးကြရမှာဖြစ်ပါတယ်..။ ဖြန့်တော့ဖြန့်တယ်..။ နည်းနေသေးတယ်..။ သိပုံသိနည်း လွဲနေသလိုပဲ..။ အဲဒီ “Free Flow” ဆိုတာကို တားဆီးဖို့ ကြိုးစားချင်တဲ့ အသံတွေပဲ ကြားနေရတယ်..။ ဟိုဟာကို ကန့်သတ်ပေးပါ..။ ဒီဟာကို ကာကွယ်ပေးပါ..။ ဒါကို လက်မခံပါနဲ့ .. ဆိုတဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရေး အသံတွေကိုပဲ ကြားနေရတယ်..။ သူများ ကိုယ့်ဆီကို လာနိုင်သလို ကိုယ်လဲ သူများဆီကို သွားနိုင်တယ်.. သွားရဲတယ်.. သွားလုပ်မယ် ဆိုတဲ့ သတ္တိ သံတွေ မကြားရသေးဘူး.။ အဲဒါကလဲ “ပညာ” ကြောင့်ပဲ ဖြစ် ရတာပါ.။ ကိုယ့်ဆီမှာ သူများဆီ သွားပြီး ဝင်ဆန့်လောက်တဲ့ ပညာ လုံလောက်အောင် မရှိသေးဘူး ဆိုတာ သိနေကြတယ်..။ ဒါကြောင့် သူများဆီ သွားပြီး ထိုးဖေါက်ဖို့ထက် ကိုယ့်ဆီကို ဝင်မလာရေး.. ကိုယ်ရနေတဲ့ ဝေစု (ကြီး) လျော့မသွားရေးပဲ မဲတင်းပြီး ကာကွယ်ပေးဖို့ တောင်းဆိုနေကြတာပါ..။ မရတော့ပါဘူး..။ နှစ်ပေါင်းများစွာ “အဆင်သင့်မဖြစ်သေးလို့ပါ” ဆိုတဲ့ ဆင်ခြေနဲ့ ကာကွယ်ခဲ့ပြီးပါပြီ..။ အဲဒီလို ကာကွယ်ပေးခဲ့လို့လဲ.. အဆပေါင်းများစွာ ကြွယ်ဝခဲ့ကြပါပြီ..။ ဒီတခါကတော့ အားလုံး တပြေးညီ ဖြစ်ရတော့မှာ ဖြစ်တဲ့ အတွက် အဲဒီအထဲကို လိုက်ပါစီးမျောဖို့ အသင့်မဖြစ်ရင် အာဆီယံ ဆိုတဲ့ အသိုက်အဝန်းနဲ့ လက်တွဲဖြုတ်ရုံပါပဲ..။

    ဒါကြောင့်မို့ ပညာ အဓိက အရေးပါလာတာ ဖြစ်ပါတယ်..။ မြန်မာ လုပ်ငန်းရှင်တွေ အတော်များများဟာ အတွေ့အကြုံ ကို အခြေခံတဲ့ စီးပွားရေးကို လုပ်နေကြတာပါ..။ ပညာကို အခြေခံတဲ့ စီးပွားရေး မဟုတ်သေးပါဘူး..။ လာမယ့် ၂၀၁၅ မှာတော့ ပညာကို မွတ်မွတ်သိပ်သိပ် ရှိလာကြပါလိမ့်မယ်..။ ကျောင်းပညာ အပါအဝင် ကျောင်းပြင်ပ ပညာရေးလဲ ဖွံ့ဖြိုး လာမှာပါ..။ အဓိက ဖွံ့ဖြိုးလာမှာကတော့ MBA ပါပဲ..။ MBA ဈေးကွက် ကျယ်ပြန့်လာမှာ ဖြစ်သလို စီးပွားရေး အတိုင်ပင်ခံ လုပ်ငန်းတွေ တော်တော် များများ ပေါ်ထွန်းလာဖို့ ရှိနေကြပါတယ်..။ လက်လှမ်းမီရာ သင့်တော်ရာကို ရွေးချယ်ပြီး လက်တွဲကြဖို့ပါပဲ..။

    ၂၀၁၅ မှာ အိမ်ခြံမြေ ဈေးကွက် က ဆက်ပြီး မငြိမ်မသက် ဖြစ်နေဦးမှာပါ..။ ဝင်လာကြမယ့် ရင်းနှီးမြှုပ်နှံသူတွေကို ရည်ရွယ်ပြီး အိမ်ခြံမြေဈေး ဆက်ပြီး ကစားကြဦးမှာပါ..။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံဖွံ့ဖြိုးရေးအတွက် တကယ်လိုချင်တယ် ဆိုရင် အာဆီယံထဲမှာတင် ဥပမာရှိပါတယ်.. ဗီယက်နမ်လို လုပ်ရမှာပါ..။ တကယ်လုပ်ပေးနိုင်တာက အစိုးရပါပဲ..။ အမှန်တကယ် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို အာမခံနဲ့ မြေယာဖေါ်ထုတ်ခွင့်ပေးလိုက်ပါ..။ သတ်မှတ်ချိန်အတွင်း အကောင်အထည် မဖေါ်ခဲ့ရင် ပြန်သိမ်းပါ..။ တကယ်လုပ်ပါ..။ ရပါတယ်..။ မြို့ကြီးပြကြီးတွေမှာ ဈေးကြီးချင်သလောက်ကြီးပါစေ..။ အစိုးရကသာ အာမခံ တာဝန်ယူပြီး ဖေါ်ထုတ်ပေးရင် ရင်းနှီးမြှုပ်နှံသူတွေ သေချာပေါက် ရောက်လာမှာပါ..။ မဝံ့မရဲ မစို့မပို့ နဲ့ ဟိုလူ့မျက်နှာကြည့်.. ဒီလူ့ မျက်နှာကြည့် လုပ်နေလို့ကတော့ ဒုံရင်း ပါပဲ..။

    ၂၀၁၅မှာ ငွေဖေါင်းပွမှု လဲ မြင့်တက်လာပါလိမ့်မယ်..။ ငွေတုတွေ လှိုင်လှိုင်ပေါလာနေတာ ကို မထိန်းချုပ်နိုင် မဖေါ်ထုတ်နိုင် ရင် သေချာပေါက် ဖေါင်းပွတော့မှာပါ..။ ဘဏ်တွေကလည်း ငွေတုတွေ့ရင် ဆုတ်ဖြဲပစ်ကြတဲ့ အတွက် ဘဏ်ကို ယုံပြီး ငွေလွှဲသူတွေမှာ အခက်ကြုံ ကြရပါတယ်.။ တစ်သောင်းတန် အရွက်တစ်ရာပါတဲ့ အုပ်တစ်အုပ်မှာ တစ်ရွက်ပဲ အဖြဲခံရတယ် ဆိုရင်တောင် တစ်ရာခိုင်နှုန်း အကြောင်းမဲ့ နစ်နာ သွားခဲ့ပါပြီ..။ ဒါကြောင့် ဘဏ်မဟုတ်တဲ့ ငွေလွှဲလုပ်ငန်းတွေ ဆက်ပြီး ရှင်သန်နေဦးမယ့်အပြင် ပိုပြီး တိုးတက် ခိုင်မာလာဖို့ ရှိနေပါတယ်..။ ဘဏ်လုပ်ငန်းတွေမှာလဲ အပြိုင်အဆိုင် ဖြစ်လာပါလိမ့်မယ်..။ ပြည်တွင်းငွေလွှဲ လုပ်ငန်းအပြင် ပြည်ပငွေလွှဲ (အဝင် အထွက်) ကိုပါ တိုးချဲ့ လာနိုင်မှာ ဖြစ်ပါတယ်..။ ကမ္ဘောဒီးယားဟာ မြန်မာပြည်ထက် ရှေ့ရောက်နေပါပြီ.. အကြောင်းရင်း တစ်ခုကတော့ သူ့ဆီမှာ နိုင်ငံတကာ ဘဏ်လုပ်ငန်းတွေ လည်ပတ် ရှင်သန်နေပါတယ်..။ ကိုယ့်ဆီမှာလဲ ဖွံ့ဖြိုးချင်ရင် အဝင်ကော အထွက်ပါ ဖွင့်ပေးမှ ဖြစ်မှာပါ..။ “ဝင်လာသမျှ ဝင်စေ.. ထွက်တော့ မထွက်စေနဲ့” ဆိုတဲ့ မူဝါဒတွေ လျှော့ချ ပြင်ဆင်လာမှာပါ..။

    သယံဇာတ ကတော့ ကုန်လုနီးပါးဖြစ်တဲ့ အတွက် သယံဇာတကြောင့် ကြွယ်ဝလာနိုင်တယ် ဆိုတဲ့ အတွေးကို လျှော့ချရတော့မှာပါ..။ သယံဇာတကြောင့် တိုင်းပြည်ကြွယ်ဝတာလား.. လူတချို့ ကြွယ်ဝတာလား ဆိုတာ မေးစရာကို မလိုတဲ့ မေးခွန်းပါ..။ အဲဒီလုပ်ရပ်တွေဟာ ကမ္ဘာကျော် လုပ်ရပ်တွေ ဖြစ်တဲ့အတွက် ဘယ်လောက်ပဲ ဂရုမစိုက်ဘူး ဆိုဆို မစိုက်လို့ မရတဲ့ အခြေအနေပါ..။ ကိုယ်နေနေတာဟာ ကမ္ဘာကြီးထဲမှာပါ..။ ကမ္ဘာ့ အပြင်ဖက် မဟုတ်ပါဘူး..။ ဒါကြောင့်မို့ သယံဇာတ နေရာမှာ အစားထိုးနိုင်မယ့် ထုတ်ကုန်ကို အရေးတကြီး စဉ်းစား ဖေါ်ထုတ်ရမယ့် နှစ်ပါ..။
    ၂၀၁၅ မှာ မြန်မာ့ ထုတ်ကုန် တချို့ကို ဥရောပသမဂ္ဂဝင် နိုင်ငံတွေကို စပြီး တင်ပို့ နိုင်ပါလိမ့်မယ်..။ Made in Myanmar တံဆိပ် တပ်ဆင်ထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်..။ ဥရောပသမဂ္ဂ က မြန်မာကို အမျိုးအစား ရာချီတဲ့ ပစ္စည်းတင်ပို့ခွင့် ပြုပြီးပါပြီ..။ မြန်မာပြည်မှာ ထုတ်လုပ်သည် ဆိုတဲ့ အာမခံချက်နဲ့ ပို့ရမှာဖြစ်ပါတယ်..။ အဲဒီအခွင့်အရေးကို တော့ မြန်မာ့နယ်စပ်ကို ဝင်လာပြီး စက်ရုံတွေ တည်နေကြတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေက အရင် ရသွားမှာပါ..။ မြန်မာကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများ အပြား ဖန်တီးပေးနိုင်တယ် ဆိုပြီး ကျေနပ်နေရဦးမှာပါ..။ တကယ်တမ်း ရင်းနှီးမြှုပ်နှံသူတွေ အလုံးအရင်းနဲ့ ဝင်လာပြီ ဆိုရင် အဲဒီ ရင်းနှီးမြှုပ်နှံသူတွေကို ဘယ်လို ထိန်းသိမ်းကိုင်တွယ်မလဲ ဆိုတာ အခုအထိ မသိရသေးပါဘူး..။ သတိထားရမယ့် အချက်ကတော့ ရင်းနှီးမြှုပ်နှံမှု နဲ့ အတူ အဂတိလိုက်စားမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတော့မယ် ဆိုတာပါပဲ..။ သေချာပါတယ်..။ လုပ်ပိုင်ခွင့် ဘယ်သူရှိသလဲ ဆိုတာ လေ့လာပြီးရင် လဘ်ပေးလဘ်ယူ လုပ်ဖို့ ဆိုတာ အလွန်လွယ်တဲ့ တိုင်းပြည်ပါ..။ နာမည်ပျက်မှာ လဲ ဂရုစိုက်စရာ မလိုတဲ့ အတွက် ဒီကိစ္စဟာ ဆက်ပြီး ရှိနေဦးမယ့်အပြင် ပိုလို့တောင် များပြား လာပါလိမ့်ဦးမယ်..။

    ရင်းနှီးမြှုပ်နှံမယ့်သူတွေဟာ ကမ္ဘာပတ်ပြီး နှစ်ပေါင်းရာချီ ပြီး စီးပွားရေး လုပ်လာတဲ့ လုပ်ငန်းရှင်တွေပါ..။ သူငယ်နှပ်စား တချီကောင်း ပွပေါက်တိုးလာတဲ့ သူဌေးတွေမဟုတ်ပါဘူး.။ သူတို့မှာ ကမ္ဘာ့ နိုင်ငံပေါင်းစုံရဲ့ ဥပဒေဆိုင်ရာ အတွေ့အကြုံတွေ ရှိပြီးသားပါ.။ ပြီးတော့ သူတို့လာမှာက အလှူအတန်းလုပ်ဖို့ မဟုတ်ဘူးဆိုတာလဲ သိထားကြဖို့ လိုပါတယ်..။ သူတို့ရဲ့ အခွင့်အရေး..သူတို့ရဲ့ အကျိုးအမြတ်အတွက် လာကြမှာ ဖြစ်ပါတယ်..။ ဒါကြောင့်မို့ သတိကြီးကြီးထားဖို့ လိုပါတယ်..။ ဘယ်လောက်ပဲ သတိထားနေနေ သူတို့ဟာ သူတို့ အတွက် ရှာတတ်ပါတယ်..။ ဒါကြောင့်မို့ ဝင်လာမယ့် လုပ်ငန်းရှင်တိုင်းကို သံသယမျက်စိနဲ့ ကြည့်မယ့်အစား ပညာမျက်စိနဲ့သာ ကြည့်ကြရမှာဖြစ်ပါတယ်..။ ပညာမတတ်ရင် ဒုက္ခသေချာပေါက် ရောက်ပါလိမ့်မယ်..။

    ၂၀၁၅ ဟာ လုပ်ငန်းတွေ ရဲ့ စီမံခန့်ခွဲပုံကို ပြင်ရမယ့် နှစ်ဖြစ်ပါတယ်..။ မိသားစုပုံစံ..တို့.. အမိန့်ပေး ပုံစံတို့ ဆိုတာတွေနဲ့ အုပ်ချုပ်စီမံလို့ မရတော့ပါဘူး..။ အဖွဲ့အစည်း အသွင် ပြောင်းရပါမယ်..။ တပြေးညီ ဆက်ဆံဖို့ လိုပါပြီ..။ လုပ်ပိုင်ခွင့်တွေ ခွဲပေးဖို့ လိုလာပါပြီ..။ ဘာမဆို အထက်ကို တင်ပြလိုက်ဦးမယ်.. ဆိုတဲ့ အတွေးအခေါ်တွေ လျှော့ချ ပြုပြင်ပြီး ကိုယ်ကိုယ်တိုင် ဆုံးဖြတ် လုပ်ကိုင်ရဲဖို့ လုပ်ကိုင်တတ်ဖို့ လိုပါပြီ..။ အခုအချိန်မှာတော့ လုပ်ငန်း ဆိုင်းဘုတ်ကလေး တင်တာကအစ တော်တော် ရာထူးကြီးတဲ့ လူဆီကို တင်ပြပြီးတာတောင် စိတ်မချရသေးပါဘူး..။ “အဘ မြို့တော်ဝန်ကြီးက မကြိုက်ရင်..။ အဘ ဝန်ကြီးချုပ်ကြီးက မကြိုက်ရင်” ဆိုတဲ့ အငုံ့စိတ်က လွှမ်းနေတုံးပါပဲ..။ တကယ်တော့ အဲဒီ ထိပ်ဆုံးက လူကြီးတွေက ဒီလောက် အမြင်မကျဉ်းပါဘူး.။ မေးလာရင် အကျိုးသင့် အကြောင်းသင့် ဖြေလိုက်ပေါ့..။  ဒါပေမယ့် အဲဒီလို အကျိုးသင့်အကြောင်းသင့် ဖြေကြားဖို့ တာဝန်ယူမယ့်သူ မရှိသေးတာပါ..။ ကိုယ့်တာဝန် ကိုယ်ယူပြီး လုပ်ရမှာထက် ကိုယ့်ရာထူး တည်မြဲရေး ကိုယ်အပြောမခံရရေးကို ပိုပြီး ဂရုစိုက်နေရသေးလို့ပါ..။ ၂၀၁၅ မှာတော့ အထိုက် အလျောက် ပြောင်းလဲလာမယ် လို့ မျှော်လင့်ရပါတယ်..။

    ၂၀၁၅ မှာ ရာဇဝတ်မှုတွေ .. မတော်တဆမှုတွေ.. မြင့်တက်လာဖွယ်ရှိပါတယ်..။ နိုင်ငံကို မတည်ငြိမ်စေချင်တဲ့ လူတစုက ဒီကိစ္စတွေကို ဆက်လက်ဖန်တီးနေမှာဖြစ်ပါတယ်..။ မာဖီးယား လိုလို ယာကူဇာ လိုလို ရာဇဝတ်ဂိုဏ်းတွေ ရှိလာနေပါတယ်..။ အဲဒါတွေ ပိုပြီးကျယ်ပြန့်မလာအောင် ထိန်းသိမ်းဖို့ လိုပါတယ်..။ မူးယစ်ဆေးဝါးဟာ ဝင်ငွေ အင်မတန် ကောင်းတဲ့ စီးပွားရေး ဖြစ်ပါတယ်..။ ခေတ် အဆက်ဆက်ကလဲ လုပ်ခဲ့ကြပါတယ်..။ အခုပိုများလာပါတယ်..။ တိုးတက်လာတဲ့ နှုန်းအတိုင်းဆိုရင် ၂၀၁၅ မှာ ဆက်လက်ပြီး ခေါင်းထောင်နေဦးမယ်လို့ ခန့်မှန်းနိုင်ပါတယ်..။ ရဲတပ်ဖွဲ့ကို မြင့်မြင့်မားမား ဖွဲ့စည်း တိုးချဲ့ ဖို့ လိုပါတယ်..။ ဗိုက်ပူနံကားနဲ့ ယူနီဖေါင်းဝတ်ပြီး ညှပ်ဖိနပ်စီးတတ်တဲ့ အလေ့အကျင့်ကိုလဲ ပြင်ရမှာပါ..။ Smart Police ဖြစ်စေချင်ပါတယ်..။ အခုအချိန်အထိကတော့ ရဲအရာရှိတွေရဲ့ လက်ထဲမှာ စာအုပ်ကိုယ်စီ ကိုင်ထားဆဲပါပဲ..။ အဲဒီစာအုပ်တွေဟာ အထက်လူကြီး ပြောသမျှကို လိုက်ရေးဖို့ သာ ဖြစ်နေပါသေးတယ်..။ အကောင်အထည် ဖေါ်ဖြစ် မဖေါ်ဖြစ် ဆိုတာကတော့ မသေချာပါ..။ မြန်မာ ရုပ်ရှင်ကားများမှာလဲ ရဲအရာရှိ ရောက်လာရင် လက်ထဲမှာ စာအုပ်ကလေးနဲ့ပါပဲ..။ ၂၀၁၅ မှာတော့ တကယ့်ကို ပြတ်ပြတ်သားသား ရှင်း “ရဲ” လင်း “ရဲ” တာဝန်ခံ “ရဲ” တဲ့ “ရဲ” များ လိုအပ်ပါတယ်..။ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရာမှာ ပညာရည် မြှင့်ဖို့ အရေးကြီးပါတယ်..။

    ၂၀၁၅ မှာ အင်္ဂလိပ်စာ သင်ကြားလိုသူ ပိုများလာနိုင်ပါတယ်..။ နိုင်ငံတကာနဲ့ တကယ်တန်းဆက်ဆံရတော့မှာပါ..။ ဘွဲ့ရရုံ ကျောင်းပြီး ရုံနဲ့ ပညာတတ်လို့ မသတ်မှတ်နိုင်တော့ပါဘူး..။ နိုင်ငံတကာက ပညာရှင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ဒူးတင် ပေါင်တင် ဆွေးနွေးနိုင် ဖို့.. ကိုယ့်အယူအဆကို နိုင်ငံတကာ အလယ်မှာ ရဲရဲဝံ့ဝံ့ တင်ပြနိုင်ဖို့ .. တခြားသူတွေ မေးသမျှ ထဲထဲဝင်ဝင် ဖြေနိုင်ဖို့ အင်္ဂလိပ်စကား အင်္ဂလိပ်စာ သင်ကြား တတ်မြောက်ဖို့ လိုပါတယ်..။ ကျွန်ပညာရေးပဲဆိုဆို ကျွန်စော်နံတယ် ပဲပြောပြော.. ကိုယ့်ဝပ်ကျင်းထဲကနေ အပြင်ကို ထွက်ကြည့်လိုက်ရင် အင်္ဂလိပ်စာ အင်္ဂလိပ်စကား ဘယ်လောက်အရေးပါတယ်ဆိုတာ သိနိုင်ပါတယ်..။

    အင်္ဂလိပ်စာနဲ့ အတူ ၂၀၁၅ မှာ အလေးထားပြီးလေ့လာကြရမှာက ဥပဒေ ဖြစ်ပါတယ်..။ ဥပဒေဘာသာရပ်ဟာ မြန်မာနိုင်ငံမှာ ညှိုးမှိန်သွားခဲ့တာ ကြာပါပြီ..။ “ဥပဒေကမည်သို့ပင်ဆိုစေကာမူ” ဆိုတဲ့ ဥပဒေအထက်က လူတွေ ကြောင့် မြန်မာ့ ဥပဒေ ညှိုးမှိန်ခဲ့ရတာပါ..။ ဥပဒေဟာ နိုင်ငံတနိုင်ငံရဲ့ အသက်ပါ..။ အမိန့်ဟာ အုပ်စိုးသူလူတစုရဲ့ အသက်သာဖြစ်ပါတယ်..။ ဥပဒေကို လေးစားဖို့ လိုက်နာဖို့ စောင့်ရှောက်ဖို့ ကာကွယ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်..။ ဥပဒေကို နားလည်မှလဲ လေးစားမှု လိုက်နာမှု ရှိမှာပါ..။ အဲဒီဥပဒေကို ရေးဆွဲသူများကိုယ်တိုင်ကလဲ ယုံကြည်ဖို့လိုပါတယ်.. ဥပဒေဆိုတာ တရားမျှတခြင်း အတွက် ရှိနေရတာပါ..။ ဥပဒေမရှိရင် တရားမျှတခြင်း မရှိနိုင်ပါဘူး..။ တရားမျှတခြင်း မရှိရင် အဲဒီတိုင်းပြည်ဟာ ဘယ်လိုမှ မတိုးတက်နိုင်ပါဘူး..။ ဒါကြောင့်မို့ ဥပဒေ ဘာသာရပ်ကို နိုင်ငံ့ဝန်ထမ်း တွေသာမက နိုင်ငံသားတိုင်း သိထား တတ်ထားဖို့က အမျိုးသားရေး အမြင် ဖြစ်သင့်လှပါတယ်..။ ကျောင်းစ နေတဲ့ အရွယ်ကတည်းက ဥပဒေရဲ့ အဆုံးအမတွေကို သင်ပေးသင့်လှပါတယ်..။ ဥပဒေ ဆိုတာ လိုအပ်တဲ့ အခါကျမှ လက်နက်အဖြစ် ထုတ်သုံးတာမျိုး မဖြစ်သင့်တော့ပါဘူး..။

    ၂၀၁၅ မှာ နောက်ထပ် ဖွံ့ဖွံ့ဖြိုးဖြိုးနဲ့ လူတွေ စိတ်ဝင်စားလာမယ့် အကြောင်းအရာက ဘဏ္ဍာရေး ဖြစ်ပါတယ်..။ စတော့ရှယ်ယာ ဈေးကွက် စတင်တော့မှာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ရတဲ့ အထဲမှာ အရေးကြီးဆုံးက ဘဏ္ဍာရေး ဆိုင်ရာ ဗဟုသုတပဲ ဖြစ်ပါတယ်..။ စတော့ပွဲစား ရှယ်ယာပွဲစား ဆိုတာ အိမ်ခြံမြေ ပွဲစား ကားပွဲစား ကျောက်ပွဲစား တွေနဲ့ သဘာဝခြင်းမတူပါဘူး.။ ဘဏ္ဍာရေးပညာရပ်ကို နားလည် တတ်မြောက်သူတွေ ဖြစ်ရသလို နိုင်ငံတကာ စတော့အိပ်ချိန် တွေနဲ့ ဆက်စပ် လုပ်ကိုင်ရတဲ့ အခါမှာ လက်မှတ် ရှိဖို့ လိုပါတယ်..။ အဲဒီလက်မှတ်ကို ရဖို့ စာမေးပွဲဖြေရပါတယ်.။ တကြိမ်ဖြေပြီးလို့ ရထားတဲ့ အောင်လက်မှတ်ဟာ တသက်စာ မဟုတ်ပါဘူး..။ အဲဒီအောင်လက်မှတ်မှာ သက်တမ်းရှိပါတယ်..။ သတ်မှတ် သက်တမ်းရောက်ရင် စာမေးပွဲထပ်ဖြေရပါတယ်..။ အဲဒီလို ဖြေဆိုအောင်မြင်ပါမှ စတော့ ပွဲစား အဖြစ် တရားဝင် ရပ်တည် နိုင်မှာပါ..။ စတော့ ပွဲစားတွေဟာ ဝင်ငွေခွန် ဆောင်ရပါတယ်..။ ပွဲခကို တရားဝင် ရပါတယ်..။ ရုံးခန်း အတည်တကျ ရှိရပါတယ်..။ လမ်းလျှောက်ပွဲစား.. လဘက်ရည်ဆိုင် ပွဲစား လုပ်လို့မရပါဘူး..။ စတော့ ဈေးကွက်ထဲမှာ ကျင်လည်ဖို့ရာ ပညာ အဓိက ဖြစ်ပါတယ်..။ ဒါကြောင့် မြန်မာပြည်မှာ ဘဏ္ဍာရေး ပညာ ကဏ္ဍကို စိတ်ဝင်စားလာကြတော့မှာပါ..။

    ၂၀၁၅ ဟာ ပညာနှစ်ဖြစ်ပါတယ်..။ တဆက်တည်းမှာပဲ ပညာကိုရင်းပြီး ဥစ္စာရှာကြရမှာလဲဖြစ်ပါတယ်..။ ပညာရှင်ကို မှီပြီး လုပ်စားကြမယ့် လူလည် လူနပ်တွေလဲ ခတ်ကွင်းပြင်နေပါပြီ..။ “ပညာရွှေအိုး လူမခိုး” လို့ စကားပုံက ဆိုပေမယ့်လဲ ခိုးတော့ မခိုးဘူး.. လိမ်စား သွားတတ်ပါတယ်..။ ပညာရှင်ကို ဗန်းပြပြီး လိမ်လည် စားသောက်မယ့်သူတွေလဲ အများအပြား ပေါ်လာမှာပါ..။ မုဒိတာပွားပြီး ဥပေက္ခာ ပြုနိုင်ရင်တော့ အကျိုးများ မှာပါ..။ “အာဏာ” ကို “ ပညာ” နဲ့ ထိန်းကျောင်း နိုင်ဖို့ လိုပါတယ်..။ အာဏာ ရှိသူတွေ ပညာတတ် ဖြစ်ဖို့ရယ်.. ပညာတတ်သူတွေ လုပ်ပိုင်ခွင့် ရလာဖို့ရယ် ပဲ လိုတာပါ..။

    ချစ်ခင်စွာဖြင့်
    .ကောင်းလွန်း

    စာရေးသူ၏ FB စာမျက်နှာမှာ ဖော်ပြချက်ကို ခွင့်ပြုချက်တောင်း၍  ကူးယူ့ ဖော်ပြပါသည်။

  • ပဲရစ်ပစ်ခတ်မှု ပထမဆုံး အသက်ပေးခဲ့ရသည့် ရဲအရာရှိ တစ်ဦးမှာ အစ္စလာမ် ဘာသာဝင်ဖြစ်

    ပဲရစ်ပစ်ခတ်မှု ပထမဆုံး အသက်ပေးခဲ့ရသည့် ရဲအရာရှိ တစ်ဦးမှာ အစ္စလာမ် ဘာသာဝင်ဖြစ်

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media
    10392375_824993524209786_3356147640951046757_n
    – မနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ Charlie Hebdo မဂ္ဂဇင်းတိုက် သေနတ်ပစ်ခံရမှုမှာ ရိုင်ဖယ် ကိုင်ထားတဲ့ သေနတ် သမားက ရဲအရာရှိတစ်ဦးကို အနီးကပ်ပစ်သတ်နေတဲ့ ဓာတ်ပုံက ကမ္ဘာတစ်ဝှမ်းလုံးကို တုန်လှုပ် ခြောက်ခြားစေခဲ့ပါတယ်။

    အပြစ်မဲ့အသက်တွေကို ကာကွယ်ဖို့ ကြိုးစားရင်း အားမတန်လို့ မာန်လျော့ခဲ့ရပြီး အသက်ပါ ပေးခဲ့ရတဲ့ ဒီရဲအရာရှိဟာ အစ္စလာမ်ဘာသာဝင် မွတ်စလင်တစ်ယောက် ဖြစ်နေပါတယ်။
    10898152_825000180875787_9212235027536781643_n
    အသက် ၄၂ နှစ်အရွယ်ရှိတဲ့ အဟ်မဒ်မီရာဘက်ဟာ ဒီမဂ္ဂဇင်း တိုက်ဝန်းကျင်မှာ ပတ္တယောင် ကင်းကျသူ တစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း သေနတ်သမား တွေ လာတဲ့အခါမှာတော့ တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သေနတ်သမားတွေက သူ့ကို ပထမအကြိမ် ပစ်ခဲ့ရာမှာ မီရာဘတ်ဟာ မဂ္ဂဇင်းတိုက်ရှေ့ လျှောက်လမ်းပေါ်မှာ လဲကျ ခဲ့ပြီး၊ ဒုတိယအကြိမ်မှာတော့ သေနတ်သမားတွေက အနီးကပ် ပစ်သတ်ခဲ့ပါတယ်။ မီရာဘတ်ဟာ ဒီတိုက်ခိုက်မှုအတွင်းမှာ ပထမဆုံး အသက်ပေးခဲ့ရသူ ဖြစ်ပါတယ်။

    အဲဒီပစ်ခတ်မှုအတွင်းမှာ နောက် ရဲအရာရှိတစ်ဦး အပါအ၀င် ကာတွန်းဆရာနဲ့ ဂျာနယ်လစ် ၁၀ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ရပါတယ်။

    လက်ရှိအချိန်မှာ ပြင်သစ်ရဲတပ်ဖွဲ့က သံသယရှိသူနှစ်ဦးရဲ့ ဓာတ်ပုံကို ထုတ်ပြန်ထားပြီး အပူတပြင်း ရှာဖွေမှုတွေလည်း ပြုလုပ်နေ ပါတယ်။

    Charlie Hebdo မဂ္ဂဇင်းတိုက်ဟာ အစ္စလာမ်သာသနာ၊ တမန်တော်မိုဟာမက် အပါအ၀င် အခြားဘာသာနဲ့ ဘာသာရေးခေါင်းဆောင်တွေ ကို လှောင်ပြောင်သရော်တဲ့ ကာတွန်းတွေ မကြာခဏ ဖော်ပြလေ့ရှိတဲ့ မဂ္ဂဇင်းတစ်စောင်လည်း ဖြစ်ပါတယ်။

    ပြင်သစ် Muslim Public Affairs Council ရဲ့ Facebook စာမျက်နှာမှာတော့ မီရာဘတ် သေဆုံးမှုကို ထောက်ပြခဲ့ပြီး အကြမ်းဖက်သမား ဆိုတာ သူတို့ရဲ့လိုဘ အတွက် မည်သူ့ကိုမှ ခွဲခြားတာမျိုး မရှိဘူးလို့ သတိပေးရေးသားခဲ့ပါတယ်။

    Ref : RT

    ပုံ ၁- မီရာဘတ်ကို သေနတ်သမားက ပစ်ခတ်နေပုံ
    ပုံ၂- ပဲရစ်တိုက်ခိုက်မှုအတွင်း ပထမဆုံး အသက်ပေးခဲ့ရသည့် မီရာဘတ်

  • စိတ်ဓါတ်ခွန်အား လူ့စွမ်းအား

    စိတ်ဓါတ်ခွန်အား လူ့စွမ်းအား

    ဒီဇင်ဘာ ၇ ၊ ၂၀၁၅
    M-Media
    ချယ်ရီမင်းဆွေ ရေးသည်။
    Food For Thought
    ရည်မှန်းချက်…
    —————-
    ဘ၀မှာ အဖြစ်ချင်ဆုံးက ဘာလဲ?.. လူတိုင်းလူတိုင်းမှာ ရည်မှန်းချက် ဆိုတာ ထားရှိသင့်တယ်…ရည်မှန်းချက်ရှိပြီဆိုရင် အဲ့ဒီ့အတိုင်း ဖြစ်အောင် ကြိုးစားရမယ်။
    လောကထဲက လူတိုင်းလူတိုင်း မျှော်လင့်ချက်နဲ့ အသက်ရှင်ရမယ်… ကိုယ့်ပန်းတိုင်ကဘာလဲ?.. .ရောက်အောင်ကြိုးစားမယ်…ရောက်ပြီ ဆို ရင်လည်း အဲဒီ့ နေရာလေးကို ပိုမိုမြင့်တက်အောင်နဲ့ တည်မြဲနေဖို့ ကိုယ်က တန်ဖိုးထားပြီး ထိန်းသိမ်းရမယ်…
    ကိုယ်ထားလိုက်တဲ့ ရည်မှန်းချက် ကတော့ စိတ်ကူးယဉ်မှုသက်သက် ဖြစ်မနေရဘူးနော်…
    အားမလျှော့နဲ့… လွယ်လွယ်နဲ့ အရှုံးမပေးနဲ့… ကိုယ်ရဲ့ရည်မှန်းချက် ပန်းတိုင်မှာ ကိုယ့်ကြိုးစားမှုအတွက် အောင်မြင်မှု အသီးအပွင့်တွေ ဝေေ၀ဆာဆာ ရှိနေလိမ့်မယ်…..

    ကိုယ်ကျင့်တရား
    —————-
    လူရယ်လို့ ဖြစ်လာမှတော့ ဆင်းရဲတဲ့ သူဘဲဖြစ်ဖြစ်… ချမ်းသာတဲ့သူဘဲဖြစ်ဖြစ်…အဓိက ထိန်းသိမ်းရမှာက …ကိုယ်ကျင့်တရား ကိုယ်ဘယ်အခြေအနေဘဲ…ရောက်နေပါစေ…
    (1) စိတ်ထားကောင်းရမယ်
    (2) စိတ်ဓါတ်ဖြူစင်ရမယ်
    (3) ကိုယ်ချင်းစာတတ်ရမယ်
    (4) သိက္ခာရှိရမယ်……

    အတ္တ
    —-
    လူတိုင်းလူတိုင်းမှာ အတ္တဆိုတာရှိတယ်… .ဒါပေမယ့်ထားသင့်တဲ့အတ္တဖြစ်ရမယ်…အတ္တက အလွန်အကျွံ မဖြစ်ရဘူး…ကိုယ့်ရဲ့ အတ္တဟာ သူုတပါး အတွက် ဒုက္ခ မဖြစ်စေနဲ့… သူတပါးကို မထိခိုက်သရွေ့ ကိုယ့်အတ္တက ဖြူစင်နေမှာဘဲ….အတ္တရှိမှလည်း ..ဘယ်အရာမဆို..တိုးတက်မှာ… ကိုယ်ထားရမယ့် အတ္တကတော့ ဖြူစင်ဖို့လိုတယ်နော်… အတ္တကြောင့်.. ကိုယ်ကျင့် တရားမပျက်စေနဲ့……

    အလုပ်
    ———
    အလုပ်…ဟုတ်လား?…….
    လုပ်ရမှာပေါ့…. လူတိုင်းမှာ ကိုယ်ပိုင်အလုပ်ရှိ၇မယ်.. ဒါမှ လူ့တန်ဖိုးမြင့်တက်လာမှာပေါ့… အလုပ်ရှိတဲ့ သူနဲ့အလုပ်မရှိတဲ့သူ နှိုင်းယှဉ်ကြည့်စမ်း….။
    အလုပ်မရှိတဲ့သူက
    (၁)ထိုင်းမှိုင်းနေမယ်….။
    (၂) စိတ်အလိုမကျမှု့များမယ်…။
    (၃) ပျင်းရိမယ်…။
    (၄) လူတွေနဲ့ဆက်ဆံရာမှာပြေပြစ်မှု့မရှိဘူး..။
    (၅) လူ့ချဉ်ဖက်ဖြစ်လာပြီး နောက်ဆုံးမှာလူ့ယဉ်ကျေးတို့ရဲ့ပတ်ဝန်းကျင်နဲ့ကင်းကွာသွားလိမ့်မယ်..။

    နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီးပေါ့ကွာ…။
    အလုပ်ရှိတဲ့သူဆိုရင် တော့
    (၁) တက်ကြွနေမယ်..။
    (၂) စိတ်ချမ်းမြေ့နေမယ်…။(သူ့အလုပ်ကိုစိတ်ဝင်စားမှု့အလျောက်ပေါ့)
    (၃)ဆက်ဆံရေး ပြေပြစ်မယ်..။
    (၄)လူတွေနဲ့လိုက်လျောညီထွေနေတတ်သွားမယ်..။
    (၅) သူ့ရဲ့ဆုံးဖြတ်ချက်တွေဟာဘယ်အရာမျိုးမှာဖြစ်ဖြစ်တိကျမှန်ကန်နေမယ်..။

    အလုပ်အပေါ်စိတ်ဝင်စားရင်ဝင်စားသလောက်သူ့တန်ဖိုးကမြှင့်တက်ပြီးသူ့နာမည်ဟာ ပတ်ဝန်းကျင်မှာသင်းပျံနေလိမ့်မယ်..။

    စိတ်ဓါတ်ကိုမြင့်တင်
    ———————–
    အခက်အခဲဆိုတာ လူတိုင်းကြုံကြတာဘဲလေ..။ အဲဒီလိုကြုံလာခဲ့ရင် အရေးကြီးဆုံးက စိတ်ဓါတ်ကိုပြုတ်မကျစေနဲ့..။ ကိုယ်ကြုံရတဲ့ အဖြစ်အပျက်ကို ဘေးထွက်ပြီးပြန်စဉ်းစား..။ကိုယ့်အခက်အခဲကို ကိုယ် ကိုယ်တိုင်ဖြေရှင်းရတော့မယ်ဆိုရင် ကိုယ်နေရာမှာသူများကိုအစားထိုး…ကိုယ်ကဘေးကနေပြီး အခြေအနေကိုပြန်သုံးသပ်..။ အရှင်းဆုံးပုံစံ ၊အရှင်းဆုံးစိတ်ထားနဲ့ဆုံးဖြတ်ရင် ကိုယ်မမှားဘူးဆိုတာ သေချာတယ်..။ အဓိက က ဘာပြသနာနဲ့ဘဲ ကြုံကြုံ စိတ်ကိုငြိမ်အောင်ထား.´´စိတ်ဓါတ်ကိုမြှင့်တင် ´´လူတိုင်း လူတိုင်းမှာ ဒီလိုအခက်အခဲမျိုးရှိမယ်လို့ သိထားသင့်တယ်… ကိုယ့်ရဲ့ဆုံးဖြတ်ချက်က တပါးသူကိုမထိခိုက်စေနဲ့ အထူးသဖြင့် ကိုယ်ကို ကိုယ်မထိခိုက်စေရဘူး…။

    လစ်လျူရှု့လိုက်ပါ
    ———————–
    သူများက ကိုယ့်အပေါ် မကောင်းခဲ့တာကိုဖြစ်နိုင်ရင်လစ်လျူရှု့ထား..။ ကိုယ်တွေးပြီး ကြိုးစားအကောင်အထည်ဖော်ရမှာက..ကိုယ်က သူများအပေါ်အစဉ်ကောင်းနေဖို့ဘဲ..။ ဒီနေရာမှာ ကိုယ်ကကောင်းပေးနေပါရဲ့နဲ့ သူများက ကိုယ်အပေါ် ဆန်ကျင်ဘက် တုံပြန်ရင်လည်း ၀မ်းနည်းနေဖို့မလိုဘူး…။ အချိန်နဲ့အမှန်တရားက စိတ်ကောင်းရှိတဲ့သူဘက်မှာ အများကြီး(လုံးဝ ) ရှိနေတယ်..။ ကိုယ်မျက်ရည်တွေကို မဟုတ်တဲ့လူတွေ အတွက် မကျစေနဲကွာ..။ “လစ်လျူရှု့ လိုက်ပါ။ သင်ကောင်းလျှင်ကျွှန်ုပ်မဆိုးပါဆိုတာထက်….သင်မကောင်းလျှင်တောင်…ကျွှန်ပ်မဆိုးပါဆို
    တာက ပိုပြီးဖြစ်သင့်တယ်မဟုတ်ပါလား?….

  • ဘာသာတခု ပုံပျက်အောင် အတွင်းလူပဲ လုပ်လို့ရ ဟု ဟုဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသမှ တမန်တော်နေ့ အခမ်းအနားတွင် ပြောကြား

    ဘာသာတခု ပုံပျက်အောင် အတွင်းလူပဲ လုပ်လို့ရ ဟု ဟုဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသမှ တမန်တော်နေ့ အခမ်းအနားတွင် ပြောကြား

    ဇန်နဝါရီ ၇၊ ၂၀၁၄
    M-Media
    သတင်း-ဓါတ်ပုံ ၊ မိုးစက်
    DSC04566
    ရန်ကုန်။       ။ ဘာသာတရားတစ်ခုရဲ့ အနှစ်သာရ၊ ဘာသာတစ်ခုကို ပုံပျက်အောင်လုပ်ချင်ရင် အပြင်လူ ဘာသာ မတူသူမှ လုပ်မရဘဲ အတွင်းလူက လုပ်မှပဲရတာဖြစ်ပါတယ်ဟု ဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသ စေတီယင်္ဂဏ ဓမ္မာစရိယ (ဝဋံသကာ) ပရိယတ္တိသာသနဟိတ (သတျသီဟ) ဓမ္မာစရိယ မြ၀တီမင်းကြီးစာသင်တိုက်မှ မိန့်ကြားခဲ့သည်။

    ဆရာတော်သည် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင်ပြုလုပ်သော မဟာတမန်တော်မြတ် မိုဟမ္မဒ် ဖွားသန့်စင်ခြင်း အထိမ်းအမှတ် ဓမ္မနှင့်ငြိမ်းချမ်းရေး တရားသဘင် အခမ်းအနားပွဲတွင် ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

    “အစွန်းရောက်တွေဆိုတာ ဘာသာတိုင်းအတွက် အန္တရာယ်ကြီးလှပါတယ်။ ဘုန်းကြီး အရင်တုန်းကတော့ အစ္စလာမ်တွေရဲ့အပေါ်မှာ တစ်မျိုထင်ခဲ့တယ်။ အခုမှပြန်လည် သုံးသပ်ကြည့်တော့ အစွန်းရောက်တွေဆိုတာ အစ္စလာမ်ဘာသာကို ပုံပျက်အောင်လုပ်နေတာ ပါလားဆိုပြီး သိရတော့တယ်” ဟုဆရာတော်မှ ဆက်လက်မိန့်ကြားခဲ့သည်။

    ဆရာတော်မှဆက်လက်ပြီး ဓမ္မနှင့်ပတ်သက်၍ ဓမ္မဆိုသည်မှာ အရေးကြီးပြီး ငြိမ်းချမ်းရေးနှင့် ဓမ္မသည်ခွဲ၍မရကြောင်း၊ ထိုနှစ်ခုသည် ဆက်စပ်နေကြောင်း ပြောဆိုခဲ့သည်။ မိမိဘာသာ မိမိကျမ်းစာဆိုပြီးလည်း အစွမ်းအလဲကြီး မနေသင့်ပဲ ထိုကဲ့သို့  အစွမ်းအလန်းကြီးနေ ပါက မိမိကိုယ်တိုင်းလည်း အကျိုးမရှိဘဲ တစ်ပါးသူတွေသာ ဒုက္ခရောက်နိုင်ကြောင်း၊ ဘာသာတိုင်းရဲ့ အဆုံးအမများကို မိမိ၏ဘဝတွင် တန်ဖိုးရှိစွာ အသုံးချနိုင်ကြောင်း ဆရာတော်မှ ထပ်လောင်းမိန့်ကြားခဲ့သည်။

    ဆက်လက်ပြီး ဟိန္ဒူဘုန်းတော်ကြီးများ ဗဟိုအဖွဲ့ချုပ် ဥက္ကဌ စရီဦးမောင်မြင့်မှ ဓမ္မမရှိရင် ငြိမ်းချမ်းရေး မရနိုင်ဘဲ အဓမ္မတွေ ရှင်သန်နေရင်တော့ ငြိမ်းချမ်းရေးဆိုတာ အိမ်မက်တောင်မက်လို့မရနိုင်သေးကြောင်း၊ လူအချင်းချင်းတစ်ဦးနှင့် တစ်ဦး မေတ္တာတရား ကိုယ်ချင်းစာတရားထားဖို့လိုအပ်ပြီး မေတ္တာတွေဝေဆာနေတဲ့ နိုင်ငံတော်ကြီးဖြစ်လာဖို့ အဓမ္မတွေရှောင်ကြရဖို့ လိုအပ်ကြောင်း တရားဒေသနာများ ဟောကြားခဲ့သည်။

    “ကျွန်တော်တို့တွေ ငြိမ်းချမ်းရေးကို ဟန်ပြလုပ်နေတာတွေကိုရှောင်ကြပြီး ရိုးသားစွာကြိုးစားရင်း တန်းတူညီမျှတဲ့ နိုင်ငံတော်ကြီးဖြစ်လာမှာဖြစ်ပါတယ်၊ တိုင်းပြည်ငြိမ်းချမ်းရေးမှာ ဘာသာရေးခေါင်းဆောင်တွေ ညီညွတ်ခြင်းဟာ ငြိမ်းချမ်းရေးရဲ့ ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်” ဟု စရီဦးမောင်မြင့်မှ ဆက်လက်ဟောကြားခဲ့သည်။
    ယင်းဓမ္မနှင့်ငြိမ်းချမ်းရေးသဘင် တရားပွဲတွင် အစ္စလာမ်ဓမ္မဗိမာန် မှဦးဆောင်ဆော်သြရေးမှူး အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင်နှင့် အလ်ဟာဂ်ျ ဒေါက်တာဆောင်းလွင်အောင်၊ ဗုဒ္ဓဘာသာမှ မေတ္တာကမ်ပိန်း ပဓာန နာယက ဆရာတော်ကြီးဖြစ်သော မန္တလေးမြို့ မြဝတီမင်းကြီး ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ အရိယာဝံသာ ဘိဝံသ၊  ဦးဇိန (ဦးဇင်းသုည) ခရစ်ယာန် ဘာသာမှ ကက်သလစ် ဘုန်းတော်ကြီး Fr.မောရစ် ညွန့်ဝေ ဟိန္ဒူ ဘုန်းတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဌ မေတ္တာကမ်ပိန်း နာယက စရီဦးမောင်မြင့် တို့မှ တရားဒေသနာများကို မိန့်ကြားခဲ့ကြသည်။