News @ M-Media

Author: Ko Lay

  • ဘူမိသိပ္ပံ –  ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၈)

    ဘူမိသိပ္ပံ –  ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၈)

    ဇူလိုင် ၇၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    – ရှေးခေတ် မွတ်စလင်လူ့အဖွဲ့အစည်းဟာ စကြာဝဠာ၊ လူသားထုနဲ့ သက်ရှိတွေအပေါ် သဘာဝကျကျ စူးစမ်းလေ့လာမှုမှာ တော်တော်လေး ပြောင်မြောက်ခဲ့ကြပါတယ်။ သတ္တုတွေ၊ ကျောက်သားတွေ၊ တောင်တန်းတွေ၊ ရေပြင်တွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ ပတ်သက်လို့ မွတ်စလင် သိပ္ပံပညာရှင်တွေဟာ တွေးခေါ်စဉ်းစား အဖြေထုတ်ခဲ့ကြပါတယ်။

    ရှေးဟောင်း အီဂျစ်တွေ၊ မက်ဆိုပိုတေးမီးယားတွေ၊ အိန္ဒိယသားတွေ၊ ဂရိတွေ၊ ရောမတွေဟာ သတ္တုပစ္စည်း၊ ကျောက်သံပတ္တမြား တစ်ချို့အကြောင်းကို သိရှိကြပါတယ်။ ဒီလူမျိုးတွေရဲ့ ဒေသတွေဟာ နောက်ပိုင်းမှာ အစ္စလာမ့်ခလီဖာရဲ့ အုပ်ချုပ်မှုအောက်ရောက်ခဲ့ပြီး ပထမ နှစ် ၃၀၀ အတွင်း သူတို့ရဲ့ လေ့လာတွေ့ရှိမှုတွေကို အာရဘီဘာသာ ပြန်ဆိုခဲ့ကြပါတယ်။ အဲဒီနောက် မွတ်စလင် သိပ္ပံပညာရှင်တွေ၊ စူးစမ်းလေ့လာသူတွေဟာ သုတေသနပြု ဖော်ထုတ်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

    အစ္စလာမ်ကမ္ဘာ ကျယ်ပြန့်လာတာကြောင့် မွတ်စလင်တွေရဲ့ ဘူမိဗေဒ လေ့လာဆန်းစစ်မှုတွေဟာ ဂရိတွေလို မြေထဲပင်လယ်ဒေသမှာတင် မဟုတ်တော့ဘဲ၊ ဥရောပ၊ အာရှနဲ့ အာဖရိကဒေသတွေအထိ ဖြန့်ကျက်နိုင်ခဲ့ပါတယ်။ ၁၁ ရာစု မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ဆီနာ (Ibn Sina)  ရေးသားတဲ့ The Book of Cure (ကုသမှုဆိုင်ရာကျမ်း) မှာ မလေးကျွန်းဆွယ်လောက်အထိ ဝေးလွန်းတဲ့ နေရာက တွင်းထွက်သတ္တု၊ ကျောက်သံပတ္တမြား၊ အပင်တွေနဲ့ သက်ရှိတိရစ္ဆာန်တွေအကြောင်း အသိပညာတွေကိုပါ ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။

    ၁၀ ရာစု မွတ်စလင်ပညာရှင်များဖြစ်သော အစ်ခ်ဝမ် အလ်-ဆာဖာ (ဖြူစင်သော ညီအစ်ကိုများ) အဖွဲ့ကို အာရဘီကျမ်းတစ်ခုတွင် ဖော်ကျူးထားပုံ

     

    အနောက်တိုင်းမှာ အဗီဆီနာ (Avicenna) လို့သိတဲ့ အစ်ဗနေ့ဆီနာဟာ မွတ်စလင်လူ့အဖွဲ့အစည်း အထွတ်အထိပ် ရောက်နေတဲ့ကာလရဲ့ ထွက်ကုန်စစ်စစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ သူ့ကို ဘူမိဗေဒထက်စာရင် ဆေးပညာနဲ့ ဒဿနနယ်ပယ်လောက်မှာသာ လူတွေက ပိုသိကြပါတယ်။ သူ့ရဲ့ The Book of Cure စာအုပ်မှာ တွင်းထွက်ဗေဒ၊ မိုးလေ၀သဗေနဲ့ ပတ်သက်တဲ့ အရေးပါတဲ့ အခန်းတွေ ပါဝင်ပါတယ်။ အဲဒီအခန်းမှာ အစ်ဗနေ့ဆီနာဟာ သူ့ခေတ်သူ့အခါက ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပါတယ်။ ဒီစာအုပ် လက်တင်ဘာသာပြန်ဟာ ဉာဏ်သစ်လောင်းဥရောပမှာ ကျော်ကြားခဲ့ပြီး ၁၅ ရာစုက လီယိုနာဒိုဒါဗင်ချီ (Leonardo da Vinci)၊ ၁၇ ရာစုက နီကိုလက်စ် ဆတီနို (Nicolas Steno)၊ ၁၈ ရာစုက ဂျိမ်းစ် ဟတ်တန် (James Hutton) တို့လို ဥရောပ ဘူမိဗေဒတွေးအခေါ်ကို အုတ်မြစ်ချပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေကို တွန်းအားဖြစ်စေခဲ့တဲ့ ရင်းမြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။

    အသိပညာနယ်ပယ်ကို ချဲ့ထွင်ပေးခဲ့တဲ့ မွတ်စလင်ပညာရှင်ဟာ အစ်ဗနေ့ဆီနာတစ်ယောက်တည်း မဟုတ်ပါဘူး။ ဘူဗိဗေဒနယ်ပယ်က ကျော်ကြားတဲ့ မွတ်စလင်ပညာရှင်တွေထဲမှာ အလ်-ဘီရူနီ (Al-Biruni) လည်းပါဝင်ပြီး အစ်ဗနေ့ဆီနာနဲ့ ခေတ်ပြိုင်ဖြစ်ပါတယ်။

    သက္ကရာဇ် ၉၇၃ ခုနှစ် ခွါရီဇမ်မှာ မွေးဖွားခဲ့တဲ့ အလ်-ဘီရူနီကို နယ်ပယ်တစ်ခုတည်းမှာ ကန့်သတ်လို့မရဘဲ သူဟာ သင်္ချာ၊ နက္ခတ္တဗေဒ၊ ဆေးပညာ၊ ဒဿနိက၊ သမိုင်း၊ ဆေးဝါး၊ တွင်းထွက်သတ္တုဗေဒနဲ့ ဘူမိဗေဒ စတဲ့ နယ်ပယ်တွေမှာပါ စာအုပ်စာပေတွေ မြောက်များစွာ ရေးသားခဲ့သူဖြစ်ပါတယ်။

    ၉ ရာစု မွတ်စလင် ဘူမိဗေဒ ပညာရှင်ကြီး အစ်ဗနေ့ မာဆာဝေ

    သိပ္ပံ၊ ၀ိဇ္ဇာနယ်ပယ်မှာ သူ့ရဲ့ အကြီးအကျယ်ဆုံး အောင်မြင်မှုရတဲ့အချိန်က အိန္ဒိယကို ရောက်သွားတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီမှာ အလ်-ဘီရူနီဟာ လူမျိုးနွယ်၊ ဘာသာတရား၊ ဘာသာစကားနဲ့ ဒေသတွေအကြောင်းကို လေ့လာခဲ့ပြီး Chronicles of India (အိန္ဒိယရာဇ၀င်ကျမ်း) လို့ခေါ်တဲ့ ကျမ်းကြီးတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ဟင်ဒီဘာသာစကားကို ပြောဆိုတတ်သလို အလ်-ဘီရူနီဟာ ဂရိ၊ သက္ကတနဲ့ ဆီရီအက် ဘာသာစကားတွေကိုလည်း တတ်ကျွမ်းပါတယ်။ စာအုပ်စာပေတွေ ရေးသားတဲ့အခါမှာတော့ ပါရှန်နဲ့ အာရဘီကို သူက အသုံးပြုပါတယ်။ အိန္ဒိယမှာ ရှိနေတဲ့အချိန် သူဟာ သဘာဝသမိုင်းနဲ့ ဘူမိဗေဒတွေကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ အလ်-ဘီရူနီဟာ ဂင်္ဂါမြစ်ဝှမ်းရဲ့ နုန်းပို့ချမှုသဘာဝကို မှန်ကန်စွာ ဖော်ပြနိုင်ခဲ့ပါတယ်။ တွင်းထွက်သတ္တုဗေဒနဲ့ပတ်သက်ပြီး သူ့ရဲ့ ကြီးကျယ်တဲ့ ကျမ်းကြီးက Treatises on How to Recognize Gems (ကျောက်မြတ်များ မှတ်ကျောက်တင်မှုဆိုင်ရာကျမ်း) ဖြစ်ပြီး၊ ဒီကျမ်းကြောင့်ပဲ တွင်းထွက်သတ္တုဗေဒမှာ အလ်-ဘီရူနီဟာ ထိပ်တန်းပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

    ဒီနေ့ ဘူမိဗေဒလို့သိကြတဲ့ နယ်ပယ်မှာ အားထုတ်ကြိုးပမ်းခဲ့တဲ့ အခြား မွတ်စလင် သိပ္ပံပညာရှင်ကြီးတွေလည်း ရှိနေပါသေးတယ်။

    (၈၅၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့) ယဟ်ယာ အစ်ဗနေ့ မာဆာဝေဟ် (Ibn Masawayh) ဟာ Gems and Their Properties (ကျောက်မြတ်နှင့် ၎င်း၏တို့၏ ဂုဏ်သတ္တိများကျမ်း) ကို ရေးသားခဲ့ပြီး၊ (၈၇၃ ခုနှစ်မှာ ကွယ်လွန်တဲ့) အလ်-ကင်ဒီ (Al-Kindi) ကလည်း တွင်းထွက်ဗေဒနဲ့ပတ်သက်လို့ စာအုပ် ၃ အုပ်ရေးသားခဲ့ကာ Gems and the Likes (ကျောက်မြတ်နှင့် ထိုကဲ့သို့သောအရများကျမ်း) က အကျော်ကြားဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဒီစာအုပ်ဟာ ပျောက်ဆုံးနေပါတယ်။

    ၁၀ ရာစု မွတ်စလင်သိပ္ပံပညာရှင်ကြီး အလ်-ဟမ်ဒါနီ (Al-Hamdani) က ရွှေ၊ ငွေနဲ့ အခြားသော တွင်းထွက်သတ္တုတွေ၊ ကျောက်သံပတ္တမြား တည်ရှိရာဒေသနဲ့ ရှာဖွေတူးဖော်မှု၊ သူတို့ရဲ့ ဂုဏ်သတ္တိတွေအကြောင်း အာရေဗျဒေသမှာ စာအုပ် ၃ အုပ် ရေးသားခဲ့ပါတယ်။ အစ်ခ်ဝမ် အလ်-ဆာဖာ (ဖြူစင်သော ညီအစ်ကိုများအဖွဲ့) လို့ အမည်ရတဲ့ ၁၀ ရာစု ပညာရှင်အုပ်စုတစ်ခုက တွင်းထွက်သတ္တုဗေဒအကြောင်း အထူးသဖြင့် သတ္တုတွေကို အမျိုးအစားခွဲမှုအကြောင်း ပါဝင်တဲ့ စွမ်စုံကျမ်းတစ်စောင်ကို ရေးသားခဲ့ပါတယ်။

    မွတ်စလင်ပညာရှင်တွေဟာ တွင်းထွက်ဗေဒ၊ ကျောက်သံပတ္တမြားတွေအကြောင်း စာအုပ်စာတမ်းတွေ တော်တော်များများ ရေးသားခဲ့ပေမယ့် အများစုကတော့ ပျောက်ဆုံးနေကာ အခုအချိန်မှာ နည်းနည်းလောက်သာ ကျန်ရှိပါတော့တယ်။

    ပတ္တမြားဖြစ်ကြောင်း စမ်းသပ်ခြင်း

    “အိန္ဒိယကထွက်တဲ့ ကျောက်ရိုင်းတုံးတစ်ချို့ကို ကျွန်တော်ဝယ်ခဲ့ပါတယ်။ အဲဒီထဲကတစ်ချို့ကို အပူပေးတဲ့အခါ အဲဒီကျောက်တုံးတွေက အနီရောင်ပိုသန်းလာပါတယ်။ အနက်ဖက် တော်တော်သန်းတဲ့ ကျောက်တုံးနှစ်တုံးကို တွေ့ရပြီး တစ်တုံးက နီညိုရောင်ဖြစ်ကာ၊ နောက်တစ်ခုက အနီဖျော့ရောင်ဖြစ်ပါတယ်။ ဒီကျောက်တုံးနှစ်ခုစလုံးကို ဖားဖိုပေါ်တင်ပြီး ရွှေ ၅၀ မစ်ကဲလ် (mithqal – အာရပ်များ ရွှေကိုတိုင်းသာသည့် ယူနစ်ဖြစ်ပြီး 1 mithqal လျင် ၄.၂၅ ဂရမ် အလေးချိန်ရှိသည်) ကို ပျော်လောက်တဲ့ မီးအရှိန်နဲ့ တိုက်ရိုက်အပူပေးပါတယ်။ အအေးခံပြီး ပြန်ကြည့်တဲ့အခါ အနီဖျော့ရောင်က ကြည်လင်ပြီး နှင်းဆီနီရောင် သန်းလာတာကို သတိပြုမိခဲ့ပါတယ်။ အခြားတစ်တုံးဖြစ်တဲ့ နီညိုရောင်ကတော့ အရောင်ပျောက်သွားပြီး ဆာရာဒစ်ဘ် (သီရိလင်္ကာ) က နှမ်းဖက်ကျောက်လို ဖြစ်သွားပါတယ်။ ဒုတိယကျောက်တုံးကို နောက်ပိုင်း ဆန်းစစ်ကြည့်တဲ့အခါ ယာကွတ် (yaqut – ပတ္တမြား) ထက် ပျော့ပြောင်းတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် အပူပေးလို့ အနီရောက်ပျောက်သွားရင် ဒါဟာ ပတ္တမြားမဟုတ်ဘူးဆိုတာကို ကျွန်တော် ကောက်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် ဒီကောက်ချက်က ပြောင်းပြန်တော့ အဓိပ္ပါယ်မသက်ရောက်ပါဘူး – ဆိုလိုတာက အပူပေးလို့ အနီရောင်မှာ ဆက်ရှိနေမယ်ဆိုရင် ဒါဟာ ပတ္တမြားပဲလို့ ကောက်ချက်ချလို့ မရနိုင်တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ သံကလည်း အပူပေးပြီးသွားရင် အနီရောင်ဖြစ်နေတတ်လို့ပါ” (၁၁ ရာစု မွတ်စလင်ပညာရှင် အလ်-ဘီရူနီရေးသားသည့် Treatises on How to Recognize Gems ကျမ်းမှ ပတ္တမြားဖြစ်ကြောင်း စမ်းသပ်မှု)

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • ဗာတီကန်ရှိ ဘုန်းကြီးပိုင်တိုက်ခန်းအတွင်းက ဂေးလိင်ပါတီတစ်ခုကို အီတလီရဲတပ်ဖွဲ့က ဖြိုခွဲ

    ဗာတီကန်ရှိ ဘုန်းကြီးပိုင်တိုက်ခန်းအတွင်းက ဂေးလိင်ပါတီတစ်ခုကို အီတလီရဲတပ်ဖွဲ့က ဖြိုခွဲ

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    ဗာတီကန်စီးတီး

    – ပုပ်ရဟန်းမင်းကြီးအုပ်စိုးရာ ဗာတီကန်စီးတီးက တိုက်ခန်းတစ်ခုမှာ လိင်တူချစ်သူတွေ ပျော်ပါးမူးယစ်နေကြတဲ့ ပါတီကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်း ဖြိုခွဲခဲ့တယ်လို့ အီတလီသတင်းမီဒီယာတွေက ဖော်ပြခဲ့ပြီး ဘုန်းကြီးတွေက ကလေးတွေကို လိင်စော်ကားမှုကိစ္စကြောင့် နာမည်ပျက်နေတဲ့ ခရစ်ယာန်ကသလစ်အသင်းတော်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။

    ဗာတီကန်က အရေးပါတဲ့ ကာဒီနယ်တစ်ဦးရဲ့ ကိုယ်ရေးအရာရှိက ကျင်းပတဲ့ အဲဒီ ညပါတီပွဲကို ပြီးခဲ့တဲ့လက ၀င်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ပါတီကျင်းပရာ တိုက်ခန်းဟာ ခရစ်ယာန်ကက်သလစ် ဘာသာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Congregation for the Doctrine of the Faith က ပိုင်ဆိုင်တာပါ။

    ပါတီမှာပါဝင်တဲ့ အမျိုးသားတော်တော်များများဟာ မူးယစ်ဆေးဝါးသုံးစွဲထားကြတာကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

    ကာမစပ်ရှက်မှု၊ အရက်သေစာသောက်သုံးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပါဝင်တဲ့ အဲဒီပါတီကျင်းပရာ တိုက်ခန်းဟာ ပုပ်ရဟန်းမင်းအဖြစ် အရွေးခံခဲ့ရတဲ့ ဘုန်းတော်ကြီး ဂျိုးဆက်ပ် ရက်တ်ဇင်ဂါ ကာဒီနယ်ဘ၀က နေထိုင်ရာ နေရာလည်း ဖြစ်ပါတယ်။

    လက်ရှိမှာတော့ ဒီတိုက်ခန်းကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အကြံပေး ကာဒီနယ် ဖရန်စီကို ကိုကိုပါလ်မီရီယိုရဲ့ကိုယ်ရေးအရာရှိက အသုံးပြုနေပြီး ပါတီကို ၀င်ရောက်စီနင်းခဲ့ပြီးတဲ့နောက် ဆေးသုံးထားတဲ့ အဲဒီ ကိုယ်ရေးအရာရှိကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရတယ်လို့ အီတလီမီဒီယာ Il Fatto Quotidiano က ဖော်ပြခဲ့ပါတယ်။

    Congregation for the Doctrine အဖွဲ့ဟာ ကက်သလစ်အသင်းတော်အတွင်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကိုင်တွယ်ဆောင်ရွက်ရတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဦးဆောင်တဲ့ ခရစ်ယာန်ကက်သလစ်အသင်းတော်ဟာ လတ်တလောမှာ ဘုန်းကြီးတွေရဲ့ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြဿနာတွေကို ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့တစ်ပတ်ကလည်း ပုပ်ရဟန်းမင်းကြီးရဲ့ ထိပ်တန်းအကြံပေး ဂျော့ဂ်ျပဲလ်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် သြစတေးလျရဲ့ တရားစွဲဆိုခြင်းကို ခံခဲ့ရပါတယ်။

    Ref: News.com.au

  • ၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် အာဆီယံက လျှောက်ထားရန် ရှိနေ

    ၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် အာဆီယံက လျှောက်ထားရန် ရှိနေ

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    – ၂၀၃၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကိ အရှေ့တောင်အာရှနိုင်ငံများက ပူးတွဲကျင်းပနိုင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်လှုပ်ရှားသွားမည်ဟု သိရသည်။

    ယခုလအစောပိုင်း ဗီယက်နက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) အစည်းအဝေးတွင် ထိုကိစ္စအား ဆွေးနွေးခဲ့သည်ဟု အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် (PSSI) ဒုတိယဥက္ကဌ ဂျိုကို ဒရီယိုနိုက ပြောကြားခဲ့သည်။

    “ကမ္ဘာ့ဖလားကို အရှေ့တောင်အာရှက ကျင်းပဖို့ အချိန်တန်ပါပြီ။ အာရှက သိသာတဲ့ တိုးတက်မှု၊ အထူးသဖြင့် အရှေ့တောင်အာရှရဲ့ တိုးတက်မှုတွေက ကျွန်တော်တို့အတွက် အလားအလာကောင်းစေပါတယ်” ဟု ၎င်းကဆိုပြီး တရားဝင်တောင်းဆိုမှုကို စက်တင်ဘာတွင် ဘာလီ၌ကျင်းပမည့် AFF အစည်းဝေးတွင် ပြုလုပ်သွားမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    စင်ကာပူ ဘောလုံးအဖွဲ့ချုပ်က အိမ်ရှင်အဖြစ် ပူးတွဲလျှောက်ထားရန် မိမိတို့အနေဖြင့် အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်နှင့် ဆွေးနွေးမှုများ မပြုလုပ်ရသေးဟု ဆိုသည်။

    “စိတ်ဝင်စားစရာကောင်းတဲ့ တင်ပြချက်ပါ။ စဉ်းစားရမယ့်ကိစ္စတွေ အများကြီးရှိပါတယ်။ ဒီလိုကမ်းလှမ်းမှု ဖြစ်နိုင်ဖို့အတွက် PSSI နဲ့ ဆွေးနွးသွားမှာပါ” ဟု စင်ကာပူ ဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့သည်။

    ထိုင်းဘောလုံးအဖွဲ့ချုပ် ဒုတိယအကြီးအကဲ ဘင်ဂျမင်တန်က ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေး အင်ဒိုနီးရှားနှင့်အတူ အိမ်ရှင်အဖြစ် ပူးတွဲလျှောက်ထားရန် စိတ်ဝင်စားသည်ဟု ပြောကြားခဲ့သည်။

    “ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းနီးပါး သန်း ၆၅၀ ရှိပြီး လူဦးရေအထူထပ်ဆုံး၊ ဘောလုံးကို ရူးသွပ်မှုအကြီးမားဆုံး ဒေသက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပဖို့ဆိုတာ အဓိပ္ပါယ်ရှိပါတယ်။ တစ်နိုင်ငံတည်းဖြစ်ဖြစ်၊ ၃ နိုင်ငံ ဒါမှမဟုတ် ဒီထက်ပိုတာပဲဖြစ်ဖြစ် စိန်ခေါ်မှုတော်တော်များများ ရှိနေပေမယ့် စိတ်ဝင်စားတဲ့ လျှောက်ထားသူတွေဟာ ကျင်းပဖို့အတွက် စိတ်အားထက်သန်မှု အဆင့်သစ်ဖြစ်မှုတွေ ရှိနေရပါမယ်” ဟု တန်က ပြောကြားခဲ့သည်။

    ဖီဖာမှာ ၂၀၂၆ ခုနှစ်မှစ၍ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၄၈ သင်းဖြင့် အိမ်ရှင်နိုင်ငံ အနည်းဆုံး ၃ နိုင်ငံတွင် ကျင်းပပြုလုပ်ရန် စီစဉ်နေပြီး၊ အာဆီယံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရေး သဘောထားမှာ ၂၀၁၁ ခုနှစ်ကတည်းက ပေါ်ပေါက်လာခြင်း ဖြစ်သည်။

    သို့သော်လည်း တရုတ်၊ သြစတေးလျ၊ ကိုရီးယားနှစ်နိုင်ငံတို့ကလည်း ပူးတွဲ ကျင်းပရန် ကမ်းလှမ်းနိုင်ဖွယ်ရှိနေသည်။

    အာဆီယံဒေသတွင် ကမ္ဘာ့ဖလားကျင်းပမှုနှင့်ပတ်သက်၍ အခြေခံအဆောက်အဦးများ လုံလောက်စွာ မရှိမှုအတွက် ပညာရှင်များက ဝေဖန်ထောက်ပြထားသည်။

    Ref: Today Online

  • လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်နေသည့် ၆၆(ဃ) ကို ပြင်မည်ဟု ဒေါ်စုပြော

    လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်နေသည့် ၆၆(ဃ) ကို ပြင်မည်ဟု ဒေါ်စုပြော

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    – လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ထိခိုက်စေပြီး ဂျာနယ်လစ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ထောင်သွင်းအကျဉ်းချရာမှာ အသုံးပြုတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောကြားထားတဲ့ ဥပဒေတစ်ခုကို ပြင်ဆင်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    နှစ် ၅၀ နီးပါးအတွင်း ပထမဆုံး အရပ်သားအစိုးရ တက်လာပေမယ့် မြန်မာနိုင်ငံမှာ လတ်တလော သတင်းထောက်တွေ ဆက်တိုက် အဖမ်းခံရမှု၊ စာနယ်ဇင်းလုပ်ငန်းမှာ ပိတ်ပင်တားဆီးမှုတွေ ကြုံတွေနေရတဲ့အတွက် စိုးရိမ်မှုတွေ ရှိတယ်လို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က သိပ်မကြာခင်ကပဲ ပြောကြားထားပါတယ်။

    လွှတ်တော်မှာ အများစုနေရာရထားတဲ့ NLD ပါတီက လွှတ်တော်အမတ်တွေဟာ အရင်အစိုးရတွေလက်ထက်က သဘောထားကွဲသူတွေကို နှိပ်ကွပ်ဖို့ အသုံးပြုတဲ့ ဥပဒေကို ပယ်ဖျက်ဖို့ အားထုတ်မှုမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    “၆၆(ဃ) အတွက် လွှတ်တော်အမတ်တွေက ပြင်ဆင်တာတွေလုပ်ဖို့ စဉ်းစားနေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ဘယ်လိုပြင်ဆင်မှုတွေလုပ်မယ်ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း မရှိပါဘူး။ မြန်မာအာဏာပိုင်တွေက ဒီဥပဒေနဲ့ တရားစွဲခံရသူတွေကို တရားသူကြီးတွေက အာမခံပေးပြီး လွှတ်နိုင်လောက်အောင်သာ ပြင်ဆင်မယ့်အနေအထားရှိကြောင်း သံတမန်တွေက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အင်တာနက်သုံးစွဲမှု ကျယ်ပြန့်လာတဲ့ မြန်မာနိုင်ငံမှာ အမုန်းစကားတွေ၊ သတင်းမှားတွေကို ဟန့်တားဖို့ ၆၆ (ဃ) လိုအပ်တယ်လို့ တစ်ချို့ NLD ပါတီ အကြီးတန်းပုဂ္ဂိုလ်တွေက ပြောကြားထားပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုရဲ့ သတင်းကို သွားယူတဲ့ ဂျာနယ်လစ် ၃ ဦးဟာ ပြီးခဲ့တဲ့လက စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တရားမ၀င်အသင်းအဖွဲ့နဲ့ ဆက်သွယ်မှုအတွက် တရားစွဲဆို ခံထားရပါတယ်။

    နေ့စဉ်ထုတ်သတင်းစာရဲ့ အယ်ဒီတာတစ်ဦးကလည်း စစ်တပ်အကြောင်း သရော်စာရေးတဲ့အတွက် တရားရင်ဆိုင်နေရပြီး ဒီအဖြစ်အပျက်တွေက မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာတွေဖြစ်လာကာ နိုင်ငံတကာလည်း ၀ိုင်းဝန်း ရှုတ်ချခဲ့ကြပါတယ်။

    မကြာခင်က ဖမ်းဆီးခံရတဲ့ သတင်းထောက် ၃ ဦးကိစ္စ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ရပ်တည်ချက်ကို ဖြေကြားခြင်းမရှိဘဲ သတင်းထောက် ၃ ယောက်နဲ့ စစ်တပ်ကိစ္စလောက်သာ ကွက်ကြည့်လို့မရကြောင်း၊ လက်ရှိဥပဒေတွေဟာ တရားမျှတမှု၊ ဒီမိုရက်စီနည်းကျမှုဆိုတဲ့ မိမိတို့ရဲ့ ဆန္ဒနဲ့ ကိုက်ညီမှုရှိလားဆိုတာကို ဆန်းစစ်ရမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

    Ref: Reuters

  • ချယ်ဆီးကိုကျော်ကာ လူကာကူကို မန်ယူက ခေါ်ယူနိုင်

    ချယ်ဆီးကိုကျော်ကာ လူကာကူကို မန်ယူက ခေါ်ယူနိုင်

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    – အဲဗာတန်အသင်းတိုက်စစ်မှူး လူကာကူကို ပေါင် ၇၅ သန်းဝန်းကျင်ဖြင့် မန်ယူက ခေါ်ယူရန် သဘောတူညီချက် ရခဲ့ပြီဟု နှစ်ဖက်အသင်း တာဝန်ရှိသူများက အတည်ပြုခဲ့ပြီး ချယ်ဆီးအသင်းကို ကျော်ဖြတ်ကာ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် အဲဗာတန်အသင်းအတွက် ၂၅ ဂိုးသွင်းယူပေးခဲ့သည့် အသက် ၂၄ နှစ်အရွယ် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ခေါ်ယူရန် မန်ယူက နွေရာသီအပြောင်းအရွှေ့ကာလ တစ်လျှောက်လုံးတွင် ချယ်ဆီးနှင့် အပြိုင်ကြိုးစားခဲ့သည်။

    လက်ရှိတွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း မပြုရသေးဟု အဲဗာတန်အသင်းက ပြောကြားခဲ့သော်လည်း မန်ယူအသင်း၏ ရာသီကြိုခြေစမ်းပွဲအဖြစ် တနင်္ဂနွေနေ့ အမေရိကန်သို့ မသွားရောက်မီ ရောက်လာဖွယ် ရှိနေသည်။

    လူကာကူမှာ ၂၀၁၁ ခုနှစ်က အန်ဒါလက်ခ်ျအသင်းမှ ချယ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီး မော်ရင်ဟိုလက်ထက် ၂၀၁၄ ခုနှစ်တွင် ပေါ ၂၈ သန်းဖြင့် အဲဗာတန်သို့ ရောက်ရှိခဲ့သည်။

    အဲဗာတန်အသင်း၏ သမိုင်းတစ်လျှောက် အမြင့်ဆုံး ကမ်းလှမ်းမှုကို ပြီးခဲ့သည့်နှစ်တွင် လူကာကူက ပယ်ချခဲ့ပြီး မိမိအနေဖြင့် ယခုအဆင့်တွင် ဆက်နေရန် ဆန္ဒမရှိတော့ကြောင်း၊ တိုးတက်မှုကို ရှာဖွေလိုကြောင်း ပြောကြားခဲ့သည်။

    Ref: BBC