News @ M-Media
Author: Ko Lay
  • ကာတာတွင် တူရကီကစစ်သားများ ထပ်တိုးချထားမည်
    ကာတာတွင် တူရကီကစစ်သားများ ထပ်တိုးချထားမည်
    ဧပြီ ၃၀၊ ၂၀၁၆
    M-Media
    turkey 2
    – တူရကီဝန်ကြီးချုပ် အဟ်မဒ် ဒါဗူတော့ဂ်လူ ကာတာသို့ တရားဝင် နှစ်ရက်တာလည်ပတ်စဉ်အတွင်း စစ်ရေးသဘောတူညီမှုတစ်ခုကို ရရှိခဲ့ပြီး အဲဒီ သဘောတူညီမှုမှာ တူရကီစစ်တပ်အား ကာတာနိုင်ငံတွင် တပ်ဖြန့်ချထားရေးလည်း ပါဝင်ပါတယ်။
    စာချုပ်ကို တူရကီကာကွယ်ရေးဝန်ကြီး အစ်မတ် ယီလ်မက်ဇ်နဲ့ ကာတာကာကွယ်ရေးဝန်ကြီး ခါလစ် ဘင် မိုဟာမက် အလ်-အက်တီယာတို့ တူရကီဝန်ကြီးချုပ်နဲ့ ကာတာပြည်ထဲရေးဝန်ကြီးတို့ရဲ့ ရှေ့မှောက်မှာ ကြာသာပတေးနေ့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
    ပြည်ပစီးပွားရေးဆိုင်ရာ ဆက်ဆံရေးဘုတ်အဖွဲ့ (DEIK) က ဦးစီးကျင်းပတဲ့ တူရကီ-ကာတာ စီးပွားရေးဖိုရမ်မှာ ဒါဗူတော့ဂ်လူက ပြီးခဲ့တဲ့ ၁၀ နှစ်ကနေ ၁၂ နှစ်အတွင်း နှစ်နိုင်ငံကြားဆက်ဆံရေးကို တော်တော်လေးကောင်းမွန်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    “တူရကီနဲ့ ကာတာကြားက ကုန်သွယ်မှုတန်ဖိုးပမာဏဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ဒေါ်လာ ၁.၃ ဘီလီယံထိရောက်ရှိပြီး ၃ ဆလောက်ခုန်တက်သွားခဲ့ပါတယ်” လို့ ဒါဗူတော့ဂ်လူက ဆိုပြီး ၅ ဘီလီယံထိ ရောက်ရှိဖို့ မျှော်လင့်ထားတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ကာတာပြည်ထဲရေးဝန်ကြီး အဘ်ဒူလ်ာ ဘင် နာဆီရ် ဘင် ခါလီော အလ်-သာနီက ကမ္ဘာကြီးမှာ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဒုက္ခတွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်တာတွေကို တားဆီးဖို့ ကာတာနဲ့ တူရကီတို့ ထပ်မံပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: IINA
  • ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားသူများကို ချက်ခြင်းလွှတ်ပေးရန် Burma Campaign တောင်းဆို
    ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားသူများကို ချက်ခြင်းလွှတ်ပေးရန် Burma Campaign တောင်းဆို
    ဧပြီ ၃၀၊ ၂၀၁၆
    M-Media
    zaw zaw lat
    – ဗြိတိန်အခြေစိုက် လူ့အခွင့်အရးအဖွဲ့တစ်ခုဖြစ်သည့် Burma Campaign က ဘာသာပေါင်းစုံ ညီညွတ်ရေး တက်ကြွလှုပ်ရှားသူများဖြစ်သော ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်နှင့် ကိုဇော်ဝင်းဘိုတို့အား ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုလိုက်သည်။
    ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ၎င်းတို့ ၃ ဦးနှင့် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများဆိုင်ရာ ကော်မတီကိုလည်း ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် အစိုးရအား တိုက်တွန်းခဲ့သည်။
    အစ္စလာမ်ဘာသာဝင်များဖြစ်သည့် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်၊ ဟိန္ဒူဘာသာဝင်ဖြစ်သည့် ကိုဇော်ဝင်းဘိုတို့မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ဦး တည်ထောင်ထားသည့် ‘သင့်မြတ်လိုသူများ’ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၏ အဖွဲ့ဝင်များလည်းဖြစ်သည်။
    ကိုဇော်ဇော်လတ်မှာ ဗုဒ္ဓ၀ါဒနှင့် သွေဖည်နေသော ဘုန်းကြီးတစ်ပါးနှင့် လက်တွဲကာ ဘာသာပေါင်းစုံချစ်ကြည်ရေး ဆောင်ရွက်ခြင်းဖြင့် ဗုဒ္ဓဘာသာအား စော်ကားနေသည်ဟု အမျိုးသားရေးအစွန်းရောက်များက အွန်လိုင်းတွင် လှုံ့ဆော်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င်အဖွဲ့အစည်းဖြင့် ဆက်သွယ်မှုပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ထို့နောက်ပိုင်းတွင် မပွင့်ဖြူလတ်နှင့် ကိုဇော်ဝင်းဘိုတို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြသည်။
    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကတွင် ၎င်းတို့ ၃ ဦးအား တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမျတ်ခဲ့ပြီး ဧပြီလ ၈ ရက်နေ့တွင် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့မှာ တရားမ၀င်အဖွဲ့အစည်းဆိုင်ရာ အက်ဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်ခြင်းခံခဲ့ရကာ လက်ရှိတွင် မန္တလေးရှိ အိုးဘိုထောင်၌ ပြစ်ဒဏ်ကျခံနေရသည်။
    “အခြားသော တက်ကြွလှုပ်ရှားသူတွေ ထောင်ကလွတ်လာတဲ့အချိန်မှာ ဒီဘာသာပေါင်းစုံ ချစ်ကျည်ရေး တက်ကြွလှုပ်ရှားသူတွေ ထောင်ထပ်ကျတာကိုမြင်ရတဲ့အတွက် ကျွန်မ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ကို မြှင့်ပေးဖို့ဟာ တော်တော်အရေးကြီးတဲ့ ကိစ္စပါ။ ဇော်ဇော်လတ်၊ ပွင့်ဖြူလတ်နဲ့ ဇော်ဝင်းဘိုတို့လို တက်ကြွလှုပ်ရှားသူတွေ အများကြီး ကျွန်မတို့လိုပါတယ်။ သူတို့ကို ချက်ခြင်းလွှတ်ပေးမှ နိုင်ငံအတွင်းမှာ ဘာသာရေး သဟဇာတဖြစ်ဖို့အတွက် သူတို့ရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်မှာပါ” ဟု Burma Campaign UK မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်ဝေနှင်းက ပြောကြားခဲ့သည်။
    Ref: Mizzima
  • အပူချိန်အလွန်မြင့်မားမှုကြောင့် အိန္ဒိယ အချို့ဒေသတွင် နေ့ခင်းပိုင်းချက်ပြုတ်မှုကို တားမြစ်
    အပူချိန်အလွန်မြင့်မားမှုကြောင့် အိန္ဒိယ အချို့ဒေသတွင် နေ့ခင်းပိုင်းချက်ပြုတ်မှုကို တားမြစ်
    ဧပြီ ၃၀၊ ၂၀၁၆
    M-Media
    india
    – အပူချိန် အလွန်အမင်းမြင့်မားမှုနှင့် ဆက်စပ်၍ နိုင်ငံတစ်ဝှမ်း လူပေါင်း ၃၀၀ ကျော် သေဆုံးပြီးနောက် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်တွင် နေ့ပိုင်း ထမင်းချက်ပြုတ်မှု မပြုလုပ်ရန် အိန္ဒိယအာဏာပိုင်များက တားမြစ်ပိတ်ပင်လိုက်သည်ဟု သိရသည်။
    နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ထမင်းဟင်းချက်ပြုတ်မှုကို တားမြစ်လိုက်ခြင်းဖြစ်ပြီး လေလွင့်ကောက်ပဲသီးနှံများ မီးရှို့ခြင်းနှင့် မီးဖြင့်ပြုလုပ်ရသည့် ဘာသာရေးဆိုင်ရာ ဓလေ့းထုံးတမ်းများကိုလည်း အာဏာပိုင်များက တစ်ပါတည်းပိတ်ပင်ခဲ့သည်။
    ဘီဟာရ်ပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့စွန်များတွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း မီးလောင်မှုကြောင့် အနည်းဆုံး လူပေါင်း ၈၀ ခန့်သေဆုံးခဲ့ပြီး၊ ပြီးခဲ့သည့်တစ်ပတ်ကလည်း အော်ရန်ဂါဘဒ်ပြည်နယ်ရှိ ဟိန္ဒူထုံးစံ ဆုတောင်းမှုတစ်ခုအတွင်း မီးလောင်ကာ ကလေးငယ် ၁၀ ဦး ပါအ၀င် စုစုပေါင်း လူ ၁၅ ဦးသေဆုံးခဲ့သည်။
    အာဏာပိုင်များကမူ ထိုကဲ့သို့ တားမြစ်မှုမှာ ခြောက်သွေ့လွန်းသော ယခုအချိန်တွင် မီးလောင်မှုများ မြင့်တက်လာခြင်းကို တားဆီးရန်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ထိုတားမြစ်ချက်ကို မလိုက်နာပါက အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ကျခံရမည်ဖြစ်သည်။
    သို့သော်လည်း အစိုးရအတိုက်အခံများကမူ ထိုသို့ တားမြစ်မှုကို ရှုတ်ချခဲ့ပြီး မီးလောင်လွယ်သည့်အိမ်များဖြင့် နေရသည့် ပြည်သူများအား လူနေမှုအဆင့်အတန်းမြင့်မားစေရန် ဆောင်ရွက်ပေးရမည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ဘာသာပေါင်းစုံ သဟဇာတ ဖြစ်စေမည့် ဥပဒေပေါ်လာရေး အလေးထား ဆောင်ရွက်မည်ဟုဆို
    ဘာသာပေါင်းစုံ သဟဇာတ ဖြစ်စေမည့် ဥပဒေပေါ်လာရေး အလေးထား ဆောင်ရွက်မည်ဟုဆို
    ဧပြီ ၂၉၊ ၂၀၁၆
    M-Media
    shine
    – မြန်မာနိုင်ငံ၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များတွင် ဘာသာပေါင်းစုံ သဟဇာတ ဖြစ်စေ သည့် ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန် အစိုးရ၊ အရပ်ဘက်အဖွဲ့စည်းများနှင့် လက်တွဲဆောင်ရွက်မည်ဟု မေတ္တာစက်ဝိုင်း (Interfaith) စုပေါင်းအဖွဲ့က ပြောကြားလိုက်သည်။
    မြန်မာပြည်တွင် လူမှု့ကွန်ယက်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖေါ်ဆောင်လျက်ရှိသော လူမှု့ရေးအဖွဲ့စည်း ဆယ်ဖွဲ့ဖြင့် မေတ္တာစက်ဝိုင်း စုပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီး နိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့စည်းများ၏ ငြိမ်းချမ်းရေးဆိုင်ရာ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲကို ဧပြီ (၂၆) ရက်မှ ဧပြီ (၂၈) ရက်အထိ ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်၌ သုံးရက်ကြာ စုပေါင်းဆွေးနွေးခဲ့ကြသည်။
    လူမှု့ပတ်ဝန်းကျင်တွင် အမုန်းစကားများ၊ ဘာသာရေးပဋိပက္ခဖြစ်စေမည့် စကားများလျော့နည်းပြီး တရားဥပဒေစိုးမိုးမှု့အတွက် ဒေသတွင်းရှိ အရပ်ဘက်အဖွဲ့စည်းများနှင့် စုပေါင်းသွားမည်ဖြစ်ကြောင်း မေတ္တာစက်ဝိုင်းအဖွဲ့မှ ဦးမျိုးဝင်းက 7day သတင်းဌာနသို့ ပြောကြားခဲ့သည်။
    “ဘာသာပေါင်းစုံ သဟဇာတဖြစ်စေတဲ့ ဥပဒေကိုပြုနိုင်တယ်လို့ လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုစလုံးမှာ ပြောဆိုထားတာရှိပါတယ်။ ဒါပေမဲ့ ဘယ် အစိုးရမှ ဘာသာပေါင်းစုံ သဟဇာတဖြစ်စေတဲ့ ဥပဒေကို မပြဌာန်းနိုင်ခဲ့ပါဘူး။ ဒီဥပဒေ ကို အရင်က မလိုအပ်ဘူးဆိုပေမဲ့ ဒီဘက်ခေတ်မှာ လိုအပ်ချက်တစ်ခု ဖြစ်လာပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
    မြန်မာနိုင်ငံ ဘာသာပေါင်းစုံလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ကိုရှိုင်းက ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးအတွက် လုပ်ငန်းစဉ်များဆောင်ရွက်သော်လည်း တရား ဥပဒေ စိုးမိုးမှု့ရှိမှသာ အောင်မြင်မှု့ရရှိနိုင်မည်ဖြစ်ကြောင်း ပြောသည်။
    “လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးအကြား ဖြစ်ပွားနေတဲ့ တင်းမာမှု့လျော့ကျသွားဖို့ လုပ်ဆောင်သွားမယ်၊ အစိုးရ ဘက်ကလည်း အကူညီပေးမယ်လို့ ယုံ ကြည်ပါတယ် ” ဟု ငြိမ်းဖေါင်ဒေးရှင်းမှ အစီစဉ်မန်နေဂျာ ဒေါ်နန်းရှန်က ပြောကြား သည်။
    Photo Credit : Shine Win
    (7 Day Daily ( friday, 29-04-16, Page 31) မှ တွင်ပါဝင်သည့် သတင်းအား Ye Khaung Htwe ၏ Facebook စာမျက်နှာတွင် အကျဉ်းချုပ်ရေးသားမှုကို ထပ်ဆင့်ဖော်ပြသည်။)
  • အိန္ဒိယမွတ်စလင်များက အခြားသူများအတွက် စံနမူနာယူစရာဟု ဒုတိယသမ္မတပြော
    အိန္ဒိယမွတ်စလင်များက အခြားသူများအတွက် စံနမူနာယူစရာဟု ဒုတိယသမ္မတပြော
    ဧပြီ ၂၉၊ ၂၀၁၅
    M-Media
    – မတူညီတဲ့ ယဉ်ကျေးမှုတွေရှိနေပြီး ဘာသာရေးမနွယ်တဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်နေတဲ့ အိန္ဒိယ မွတ်စလင်လူနည်းစု လူ့အဖွဲ့အစည်းရဲ့အတွေ့အကြုံက အခြားသူတွေ အတုယူစရာ စံပုံစံ ဖြစ်လာနိုင်တယ်လို့ အိန္ဒိယဒုတိယသမ္မတ ဟာမစ် အန်ဆာရီက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
    အမျိုးသား ဘာသာရေးခေါင်းဆောင်မှုဆိုင်ရာအသင်းက ထုတ်ဝေတဲ့ Fikr ဆိုတဲ့ စာအုပ် မိတ်ဆက်ပွဲမှာ ပြောကြားလိုက်တာဖြစ်ပြီး လူသားတစ်ဦးအနေနဲ့ ကမ္ဘာကြီး၊ မိမိနေထိုင်ရာဒေသတို့ တိုးတက်ရေးအတွက် ဆောင်ရွက်ရမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “တွေးခေါ်တတ်သူတွေဟာ ကိုယ်ပိုင်အမှတ်သညာ၊ ဖက်တွယ်ထားရမယ့် ဂုဏ်သိက္ခာ စတဲ့ မေးခွန်းတွေကို ကျော်လွန်ပြီး ကြည့်မြင်တတ်ရပါမယ်။ ပြီးတော့ ပြောင်းလဲနေတဲ့ကမ္ဘာကြီးနဲ့ ပြောင်းလဲနေတဲ့ အိန္ဒိယနိုင် အဲ့ဒီနှစ်မျိုးစလုံး ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း ရှာဖွေတတ်ရပါမယ်”
    အဲဒီ Fikr ဆိုတဲ့စာအုပ်ဟာ အစ္စလာမ်သာသာနာနဲ့ မွတ်စလင်တွေအပေါ်မှာ ရှိနေတဲ့ ယူဆချက်အမှားတွေကို ဖယ်ရှားဖို့အတွက် အိန္ဒိယအစိုးရရဲ့ အားထုတ်မှုတစ်ခုလည်း ဖြစ်ပါတယ်။
    “ဒါဟာ နိမ့်ကျခြင်း၊ မြင့်မြတ်ခြင်း စတဲ့ အမြင်တွေမရှိဘဲ နိုင်ငံသားအချင်းချင်း ရေရှည်တည်တံ့ပြီး ပွင့်လင်းစွာဆက်ဆံတတ်စေဖို့ လိုအပ်ချက်တွေကို ညွှန်ပြထားတာ ဖြစ်ပါတယ်။ တရားမျှတမှု၊ တန်းတူညီမျှမှု၊ သဟဇာတဖြစ်မှု စတာတွေကို အမှန်တကယ်အသုံးချမှသာ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ပါမယ်” လို့ ဒုသမ္မတက ထပ်လောင်းပြောကြားခဲ့ပါတယ်။
    Ref: IINA