News @ M-Media

Author: Ko Lay

  • ရုရှားထုတ် တိုက်လေယာဉ် ၃ စင်း နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံရောက်မည်

    ရုရှားထုတ် တိုက်လေယာဉ် ၃ စင်း နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံရောက်မည်

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    fighter

    – ရုရှားမှာ ၎င်းတို့ကိုယ်ပိုင်ထုတ်လုပ်သည့် တိုက်လေယာဉ် Yakovlev Yak-130 (Mitten) ၃ စီးကို ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပေးပို့သွားမည်ဟု သိရသည်။

    တိုက်လေယာဉ်ထုတ်လုပ်သည့် Irkut ကုမ္ပဏီ၏ ၂၀၁၆ ခုနှစ် ပေးပို့ရေး အစီအစဉ်တွင် အဆိုပါ တိုက်ပွဲဝင် လေ့ကျင့်ရေးတိုက်လေယာဉ်ကို သက်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့်အတူ မြန်မာနိုင်ငံသို့ နှစ်မကုန်ခင် ပေးပို့ရန်နှင့် ဘက်စုံလေ့ကျင့်နိုင်သည့် တိုက်လေယာဉ် မောင်းနှင်လေ့ကျင်ရေးစက် (simulator) ကိုလည် ၂၀၁၇ ခုနှစ် အဆုံးပိုင်းတွင် ပေးပို့ရန် ဖော်ပြထားသည်။

    တစ်စီးလျှင် ကန်ဒေါ်လာ ၁၅ သန်းတန်ကြေးရှိ Yak-130 တိုက်လေယာဉ်မှာ အသံထက်နှေးကွေးသည့် ရုရှားထုတ် မျိုးဆက်သစ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်များတွင် ထုတ်လုပ်ကာ ၂၀၀၀ ပြည့်နှစ်များတွင် စမ်းသပ်ပျံသန်းခြင်းကို ပြုလုပ်ခဲ့သည်။

    မြန်မာနိုင်ငံမှာ ထိုတိုက်လေယာဉ်အား ၀ယ်ယူရန် ၂၀၁၂ ခုနှစ်ကတည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။

    ထို့ကြောင့် အလ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘီလာရုဇ်နိုင်ငံတို့ပြီးနောက် မြန်မာနိုင်ငံမှာ ထိုတိုက်လေယာဉ်ကို ၀ယ်ယူသည့် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့ပြင် အဇာဘိုင်ဂျန်၊ ဆီးရီးယား၊ ဆားဘီးယားနှင့် ဗီယ်နမ်တို့အပါအ၀င် အခြားသောနိုင်ငံများကလည်း ရုရှားထုတ် Yak-130 တိုက်လေယာဉ်အား ၀ယ်ယူရန် စိတ်ဝင်စားနေသည်။

    Ref: The Diplomat

  • မဖြစ်နိုင်သည့်ကိစ္စ မရှိဆိုသည်ကို လက်စတာက ပြသတော့မည်ဟု ဒဲလ်ပီယာရိုပြော

    မဖြစ်နိုင်သည့်ကိစ္စ မရှိဆိုသည်ကို လက်စတာက ပြသတော့မည်ဟု ဒဲလ်ပီယာရိုပြော

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    lec 1

    – ကမ္ဘာပေါ်တွင် မဖြစ်နိုင်သည့်အရာ ဘာမှမရှိသည်ကို ပြသနိုင်ရန်အတွက် လက်စတာစီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးစေချင်သည်ဟု အီတလီ ဂန္တ၀င်ကွင်းလယ်လူဟောင်း အလက်ဇန်ဒရို ဒဲလ်ပီယာရိုက ပြောကြားလိုက်သည်။

    လက်ရှိတွင် ဒုတိယနေရာမှ စပါးအသင်းအား ၇ မှတ်ဖြတ်ထားနိုင်သည့် လက်စတာမှာ ယခုတစ်ပတ် တနင်္ဂနွေနေ့တွင်ကစားမည့် မန်ယူအသင်းနှင့်ပွဲတွင် အနိုင်ရရှိပါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။

    လွန်ခဲ့သည့် ၁၂ လတာအရင်က တန်းမဆင်းရရေး ရုန်းကန်ခဲ့ရသည့် လက်စတာအသင်း၏ ယခုအခြေအနေအတွက် အံ့သြရသူများတွင် ဒဲလ်ပီယာရိုလည်း ပါဝင်ခဲ့သည်။

    “လက်စတာဟာ ပရီးမီးယားလိဂ်ဖလားနဲ့ လုံးဝ နီးစပ်နေပါပြီ။ အားလုံးမျှော်လင့်ထားတဲ့အတိုင်း အဆုံးသတ်မယ်လို့ ကျွန်တော် တကယ့်ကို မျှော်လင့်မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီအဖြစ်အပျက်ကို ကျွန်တော်တို့ရဲ့ မြေးမြစ်တွေကို ပြောပြလို့ရအောင်ပါ။ ဒါဟာ အားကစားလောကမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတဲ့ ပြယုဂ်ပါပဲ” ဟု ဒဲလ်ပီယာရိုက ပြောကြားခဲ့ပြီး တနင်္လာနေ့က စီးရီးအေဖလားကို ၅ နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့သည့် ၎င်း၏ အသင်းဟောင်း ဂျူဗင်တပ်စ်ကိုလည်း ချီးကျူးခဲ့သည်။

    Ref: Goal

  • ဆီးရီးယားဆေးရုံကို အစိုးရက တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံး

    ဆီးရီးယားဆေးရုံကို အစိုးရက တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံး

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    syria 3

    – ဆီးရီးယားနိုင်ငံ အဲလစ်ပိုမြို့ရှိ ဆေးရုံတစ်ရုံကို ဆီးရီးယားအစိုးရက လေကြောင်းမှတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ကုလကလည်း ဆီးရီးယားအပစ်ရပ်ရေးမှာ ပျက်စီးမည့်အခြေအနေတွင် ရှိနေသည်ဟု သတိပေး ပြောကြားလိုက်သည်။

    အလ်ကွဒ်စ် ဆေးရုံးအား ယမန်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သူပုန်များထိန်းချုပ်ထားသော ဒေသအတွင်း ကျန်ရန်နေသည့် ကလေးဆရာဝန်များထဲမှ တစ်ဦးဖြစ်သူ ဒေါက်တာ ၀ါဆင်မ် မာအက်ဇ်အပါအ၀င် ဆေးရုံဝန်ထမ်းများနှင့် အခြား အရပ်သားများ သေဆုံးခဲ့သည်။

    ယခုတိုက်ခိုက်မှုမှာ အစိုးရက ထိုမြို့အပေါ် တိုးမြှင့်ပြုလုပ်သည့် ထိုးစစ်ဆင်မှုမှ နောက်ဆုံးပေါ်ထွက်လာသည့် တိုက်ခိုက်မှုဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ကတည်းက ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ၊ အမြှောက်ဖြင့် ပစ်ခတ်မှုများအကြောင့် အနည်းဆုံး အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ရသည်။

    “ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ ၂၅ မိနစ်တိုင်း ဆီးရီးယားပြည်သူတစ်ယောက် သေဆုံးနေတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်” ဟု ဆီးရီးယားဆိုင်ရာ ကုလအထူးကိုယ်စားလှယ် စတီဖင် ဒီ မစ်တူရာက ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာလည်း အရာမရောက်တော့ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • ခရိုအေးရှားတွင် အစ္စလာမ်အား အသိအမှတ်ပြုမှု ရာပြည့်အခမ်းအနား ကျင်းပ

    ခရိုအေးရှားတွင် အစ္စလာမ်အား အသိအမှတ်ပြုမှု ရာပြည့်အခမ်းအနား ကျင်းပ

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    croatia

    – အစ္စလာမ်သာသနာကို နိုင်ငံရဲ့ တရားဝင် ဘာသာသာသနာအဖြစ် အသိအမှတ်ပြုခဲ့တဲ့ နှစ် ၁၀၀ ပြည့်အခမ်းအနားကို ခရိုအေးရှားနိုင်မှာ ယမန်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ၁၉၁၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ သြစထရို-ဟန်ဂေရီအင်ပါယာရဲ့ ခရိုအေးရှန်း-ဆလိုဗေးနီးယန်းပြည်နယ်မှာ အစ္စလာမ်ဘာသာကို ရိုမန်ကက်သလစ်ဘာသာ၊ အောသိုဒေါ့စ်ဘာသာများနဲ့အတူ နိုင်ငံအတွင်းရှိနေတဲ့ ဘာသာတရားတစ်ခုအဖြစ် လွှတ်တော်ကနေ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

    ဒီလိုရာပြည့်အထိမ်းအမှတ်အတွက် ခရိုအေးရှားပါလီမန်ဟာ ယမန်နေ့မှာ အထူးအစည်းအဝေး ခေါ်ယူခဲ့ပြီး နိုင်ငံအတွင်းက အသင်းအဖွဲ့တွေကလည်း မြို့တော် ဇာဂရဘ်မှာ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

    ခရိုအေးရှားလူဦးရေရဲ့ ၈၆ ရာခိုင်နှုန်းဟာ ရိုမန်ကက်သလစ်များ ဖြစ်ကြပြီး၊ အော်သိုဒေါ့က်စ်ခရစ်ယာန်များက ၄.၄ ရာခိုင်နှုန်းရှိကာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူကတော့ ၁.၅ ရာခိုင်နှုန်း (လူဦးရေ ၆၃၀၀၀) ခန့် ရှိနေပါတယ်။

    Ref: IINA

  • ဘိုန်ယန်ကိုနိုင်သည့်ခြေစွမ်းမှာ မိမိတို့၏ အကောင်းဆုံးခြေစွမ်း မဟုတ်သေးဟု အက်သလက်တီကိုနည်းပြပြော

    ဘိုန်ယန်ကိုနိုင်သည့်ခြေစွမ်းမှာ မိမိတို့၏ အကောင်းဆုံးခြေစွမ်း မဟုတ်သေးဟု အက်သလက်တီကိုနည်းပြပြော

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    Diego

    – ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမကျော့ ဘိုင်ယန်အား အနိုင်ရသည့်ပွဲတွင် မိမိတို့အသင်း၏ အကောင်းဆုံးခြေစွမ်းနှင့် နီးစပ်သည့် စွမ်းဆောင်ရည်ကို တွေ့ခဲ့ရသည်ဟု အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီက ပြောကြားလိုက်သည်။

    ယနေ့မနက်က အက်သလက်တီကို အိမ်ကွင်းတွင်ကစားခဲ့သည့် အဆိုပါပွဲတွင် အိမ်ရှင်အသင်းမှာ ဆာအူလ် နီဂွက်ဇ်၏ ၁၂ မိနစ် အံ့သြဖွယ် တစ်ကိုယ်တော်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ခံစစ်အားပြုကာ တန်ပြန်တိုက်စစ်ကစားခဲ့သည့် အက်သလက်တီကိုမှာ ဂိုးသွင်းခွင့်အချို့ ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။

    ၂၀၁၃-၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အက်သလက်တီကိုမှာ ရီးယဲလ်ကိုရှုံးကာ ဒုတိယ ရရှိခဲ့ပြီး၊ ထိုနှစ်လာလီဂါကိုမူ ဆွတ်ခူးနိုင်ခဲ့သည်။ လက်ရှိတွင်လည်း လာလီဂါတွင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ဆီမြွန်နီကမူ ဘိုင်ယန်အား အနိုင်ရသည့် အသင်းအား ချီးကျူးခဲ့သည်။

    “အသင်းရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ နီးစပ်တဲ့ စွမ်းဆောင်ရည်လို့ ပြောလို့ရပါတယ်။ ဘာစီလိုနာနဲ့ ကွာတားဖိုင်နယ်က ခြေစွမ်းမျိုးပါပဲ။ ကျွန်တော်တို့ ကစားချင်တဲ့နည်းလမ်းအတိုင်း စီမံနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ကလည်း အခြေအနေတွေကို ပြောင်းလဲနိုင်တဲ့အသင်းပါ။ သံသယရှိစရာမလိုတာကတော့ ပထမပိုင်းမှာ ကျွန်တော်တို့ သက်တောင့်သက်သာရှိခဲ့တယ်၊ ဒုတိယပိုင်းမှာ သူတို့ သက်တောင့်သက်သာ ရှိခဲ့တယ် ဆိုတာပါပဲ” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။

    Ref: Goal