News @ M-Media

Author: Ko Lay

  • ဇနီးဟောင်းရှိရာသို့ သွားချင်သည့်အတွက် အီဂျစ်နိုင်ငံသားတစ်ဦး လေယာဉ်ပြန်ပေးဆွဲ

    ဇနီးဟောင်းရှိရာသို့ သွားချင်သည့်အတွက် အီဂျစ်နိုင်ငံသားတစ်ဦး လေယာဉ်ပြန်ပေးဆွဲ

    မတ် ၂၉၊ ၂၀၁၆
    M-Media

    hijack

    – အီဂျစ်ပြည်တွင်းတွင် ပြေးဆွဲသည့် ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ဒေသစံတော်ချိန် ယနေ့မနက်ပိုင်းက ပြန်ပေးဆွဲခံရကာ၊ ဆိုက်ပရက်စ်သို့ဆင်းရန် ပြန်ပေးဆွဲခံရသူက ညွှန်ကြားခဲ့သည်ဟု သိရသည်။

    EgyptAir လေကြောင်းလိုင်းမှ MS181 လေယာဉ်ဖြစ်ပြီး အလန်ဇန်းဒရီးယားမှ ကိုင်ရိုသို့ပျံသန်းစဉ် ထိုကဲ့သို့ ပြန်ပေးဆွဲခဲ့ရခြင်းဖြစ်သည်။ ပြန်ပေးဆွဲသူမှာ အီဘရာဟင် ဆမာရှာ ဆိုသူဖြစ်ပြီး ဆိုက်ပရက်စ်တွင်နေသည့် ၎င်း၏ ဇနီးဟောင်းကို တွေ့ဆုံချင်သည့်အတွက် ထိုကဲ့သို့ ပြန်ပေးဆွဲခြင်းဖြစ်သည်ဟု ဆိုသည်။

    ပြန်ပေးဆွဲသူက ၎င်းတွင် အသေခံဗုံးခွဲခါးပတ် ပါဝင်သည်ဟု လေယာဉ်မှူးအား ခြိမ်းခြောက်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုကဲ့သို့ ပါဝင်ခြင်းမရှိသည်ကို တွေ့ခဲ့ရသည်။ လက်ရှိတွင် လေယာဉ်ကို ဆိုက်ပရက်စ်ရှိ လာရ်နာကာမြို့တွင် ဆင်းသက်ထားသည်။

    လေယာဉ်ပေါ်တွင် စုစုပေါင်း ခရီးသည် ၈၁ ဦး ပါဝင်သွားခဲ့ပြီး ပြန်ပေးဆွဲသူနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံခြားသားလေးဦးနှင့် လေယာဉ်အမှူထမ်းများမှလွဲ၍ ကျန်ခရီးသည်များအား လွှတ်ပေးရန် သဘောတူညီချက် ရခဲ့သည်ဟု EgyptAir က ပြောကြားခဲ့သည်။

    ပြန်ပေးဆွဲခဲ့သူ ဆမာရှာမှာ ၎င်း၏ ဇနီးဟောင်းကို ပေးရန်ဟု ယူဆရကာ အာရဘီဘာသာစကားဖြင့် ရေးသားထားသည့် စာတစ်စောင်ကိုလည်း ပစ်ချခဲ့ကြောင်း၊ ဆိုက်ပရက်စ်တွင် နိုင်ငံရေးခိုလှုံခွင့်ရရှိရန် ဘာသာပြန်မှတစ်ဆင့် တောင်းဆိုထားကြောင်း သတင်းများက ဖော်ပြကြသည်။

    Ref: RT

  • ချယ်ဆီးမှစိတ်ဝင်စားနေသည့် နည်းပြကွန်တီ အီတလီမှ ထွက်ခွာမည်ဟု အတည်ပြု

    ချယ်ဆီးမှစိတ်ဝင်စားနေသည့် နည်းပြကွန်တီ အီတလီမှ ထွက်ခွာမည်ဟု အတည်ပြု

    မတ် ၂၉၊ ၂၀၁၆
    M-Media

    conte

    – အီတလီနည်းပြကွန်တီက မိမိအနေဖြင့် ယူရို ၂၀၁၆ တွင် အသင်းအား အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်သည့်တိုင်အောင် အသင်း၌ ဆက်ရှိနေတော့မည်မဟုတ်ဟု ပြောကြားလိုက်သည်။

    ဂျူဗင်တပ်စ်နည်းပြဟောင်း ကွန်တီမှာ ရာသီကုန်လျှင် ချယ်ဆီးသို့ရောက်ရှိမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသူဖြစ်သည်။ ၎င်းကလည်း အီတလီနည်းပြအဖြစ် ဆက်ရှိတော့မည်မဟုတ်ဟု ယခုကဲ့သို့ ပြောကြားလိုက်ခြင်းကြောင့် ပရီးမီးယားလိဂ်သို့ ရောက်ရှိရန်မှာ ပိုမိုနီးစပ်လာပြီဖြစ်သည်။

    “ထွက်ခွာမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်က ဥရောပချန်ပီယံရှစ်ရလဒ်အပေါ်မှာ မူတည်တာမဟုတ်ပါဘူး။ နည်းပြ စစ်စစ်တစ်ယောက်အဖြစ် ပြန်လည် ဆောင်ရွက်လိုမှုအပေါ်မှာ မူတည်ပါတယ်။ ဥပမာအားဖြင့် ဒီပြိုင်ပွဲပြီးရင် ကျွန်တော်အချိန်တော်တော်များများ အားမယ်။ ကျွန်တော့်မိသားစုအတွက် အချိန်တွေကို ကုန်ဆုံးကောင်း ကုန်ဆုံးနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေနဲ့ နေ့စဉ်ထိတွေ့ရတဲ့ဘ၀ကို ကျွန်တော် ပြန်ရဖို့ လိုပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန် လွှတ်တော်အဆောက်အဦးတွင် လူတစ်ဦးက သေနတ်ဆွဲထုတ်မှုကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ

    အမေရိကန် လွှတ်တော်အဆောက်အဦးတွင် လူတစ်ဦးက သေနတ်ဆွဲထုတ်မှုကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ

    မတ် ၂၉၊ ၂၀၁၆
    M-Media

    capitol

    – အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ရှိ လွှတ်တော်အဆောက်အဦးတွင် လူတစ်ဦးက သေနတ်ဆွဲထုတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ သေနတ်သမားကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ယမန်နေ့က လွှတ်တော်ရှိ လာရောက်လည်ပတ်သူများစင်တာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအဖြစ်အပျက်ကြောင့် အိမ်ဖြူတော်ကို ခေတ္တ ပိတ်ပစ်ခဲ့ရကာ နောက်ပိုင်းတွင် ပြန်လည်ဖွင့်ပေးခဲ့သည်။

    လွှတ်တော် စစ်ဆေးရေးဂိတ်၌ သေနတ်ဆွဲထုတ်ခဲ့ရာတွင် တာဝန်ရှိသူများက ပစ်တ်ခတ်ဖမ်းဆီးခဲ့ရပြီး သေနတ်သမားမှာ ဒဏ်ရာရရှိကာ ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ထိုအဖြစ်အပျက်အတွင်း ဘေးတွင်ရပ်နေသည့် အမျိုးသမီးတစ်ဦးမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

    လွှတ်တော်ရဲတပ်ဖွဲ့အကြီးအကဲ မက်သယူး အာရ် ဗာဒီရိုဆာကမူ အဆိုပါ သံသယရှိသူမှာ ရဲတပ်ဖွဲ့နှင့် မျက်မှန်းတန်းမိသူဖြစ်ပြီး၊ ထိုအဖြစ်အပျက်ကလည်း ယခင်က လွှတ်တော်အဆောက်အဦးတွင် ဖြစ်ပွားခဲ့သည့် ပုံစံမျိုး တစ်ဦးတည်းကျူးလွန်မှုသာဖြစ်ကာ သာမန် ရာဇ၀တ်မှုအဖြစ်အပျက် တစ်ခုထက်ပိုသည့် အကြောင်းအရင်းမရှိဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အီရန်-ပါကစ္စတန် ကုန်သွယ်မှု ကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်မည်

    အီရန်-ပါကစ္စတန် ကုန်သွယ်မှု ကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်မည်

    မတ် ၂၈၊ ၂၀၁၆
    M-Media

    iran

    – အီရန်နဲ့ပါကစ္စတန်တို့ဟာ မရှိမဖြစ်လိုအပ်တဲ့ မဟာဗျုဟာတွေ လက်ခံကျင့်သုံးဖို့နဲ့ နှစ်ဦးနှစ်ဖက်ကုန်သွယ်မှုတန်ဖိုးကို ကန်ဒေါ်လာ ၅ ဘီလီယံထိ တိုးမြင့်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်က အီရန်သမ္မတ ရူဟာနီနဲ့အဖွဲ့က ပါကစ္စတန်ကို လာရောက်လည်ပတ်စဉ်အတွင်းမှာ ဒီလို သဘောတူညီခဲ့ကြတာဖြစ်ပြီး လာမယ့်လအနည်းငယ်အတွင်းမှာ အီရန်-ပါကစ္စတန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီရဲ့ အကြိမ် ၂၀ မြောက် အစည်းအဝေးကို ကျင်းပဖို့လည်း ရှိနေပါတယ်။ အီရန်သမ္မတရဲ့ ဒီခရီးစဉ်မှာ စီးပွားရေးလုပ်ငန်းရှင် အယောက် ၆၀ လောက်လည်း ပါဝင်ခဲ့ပါတယ်။

    အီရန်အပေါ် နျူကလီးယားအစီအစဉ်နဲ့ပက်သက်လို့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းလိုက်ခြင်းနဲ့ ဥပဒေဆိုင်ရာ အဟန့်အတားတွေ အထူးသဖြင့် ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဖလှယ်ရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပြီးတဲ့နောက် အီရန်နဲ့ ပါကစ္စတန်ကြား ကုန်သွယ်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအရှိန်မြင့်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပါကစ္စတန်က ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က ပါကစ္စတန်နဲ့ အီရန်တို့ နှစ်စဉ်ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၁ ခုနှစ်မှာ ကန်ဒေါ်လာ ၅ ဘီလီယံထိ တိုးမြင့်နိုင်ဖို့ သဘောတူလက်မှတ် ရေးထိုးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်နဲ့ အီရန်ကြား ကုန်သွယ်မှုမှာ ၂၀၀၈-၀၉ မှာ ကန်ဒေါ်လာ ၁.၃၂ ဘီလီယံ ရှိပြီး ၂၀၁၀-၁၁ မှာ ကန်ဒေါ် ၄၃၂ သန်း ထိကျဆင်းခဲ့တယ်လို့ ပါကစ္စတန် ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။

    ရူဟာနီရဲ့ ဒီခရီးစဉ်မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေက ကုန်သွယ်ရေး၊ စီးပွားရေး၊ အာမခံ၊ ယဉ်ကျေးမှု၊ အဆင့်မြင့်ပညာရေး၊ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ နယ်ပယ်အမျိုးမျိုးနဲ့သက်ဆိုင်တဲ့ သဘောတူစာချုပ် စုစုပေါင်း ၆ ခုမှာ လက်မှတ်ရေးခဲ့ကြပါတယ်။

    Ref: Presstv

  • အင်္ဂလန်ပြတိုက်တစ်ခုတွင် အစ္စလာမ့်အနုပညာလက်ရာများ ခင်းကျင်းပြသ

    အင်္ဂလန်ပြတိုက်တစ်ခုတွင် အစ္စလာမ့်အနုပညာလက်ရာများ ခင်းကျင်းပြသ

    မတ် ၂၈၊ ၂၀၁၆
    M-Media

    uk

    – အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဘက်ကင်ဟမ်ရှိုင်းယားဒေသ အေလက်စ်ဘူရီမြို့က ပြတိုက်တစ်ခုမှာ အစ္စလာမ့်ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ ပြပွဲတစ်ခုကို ခင်းကျင်းပြသနေတယ်လို့ သိရပါတယ်။

    ပြပွဲစီစဉ်သူတွေကတော့ ဒါဟာ ဒီဒေသနဲ့၊ နိုင်ငံအရှေ့တောင်ဘက်တစ်ခြမ်း အစ္စလာမ့်အနုပညာလက်ရာနဲ့ပက်သက်လို့ အကြီးဆုံးပြပွဲတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

    Islam Festival လို့ခေါ်ပြီး ဘက်ကင်ဟမ်ရှိုင်းယားဒေသ ပြတိုက်အုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အဲဒီပြပွဲမှာ အာရှတစ်ဝှမ်းက ကော်ဇောတွေ၊ ပန်းချီတွေ၊ ပရိဘောဂပစ္စည်းတွေ၊ သတ္တုပစ္စည်းတွေ၊ ကျောက်မျက်ရတနာများနဲ့ လက်ရေးလက်သားအလှအပတွေ ပါဝင်ပြီး နိုင်ငံတစ်ဝှမ်းမှာ အကြီးဆုံးလို့ သတ်မှတ်လို့ရတဲ့ ကုရ်အာန်ကျမ်းတော်မြတ် ပြခန်းလည်း ပါဝင်မှာဖြစ်ပါတယ်။

    မတ်လ ၂၆ ရက်နေ့ကစတင်တဲ့ အဲဒီပြပွဲကို စက်တင်ဘာ ၂၄ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။ ဒီလို ပြသမှုမျိုးကို ဗလီဝတ်ကျောင်းတော်တွေ၊ စာကြည့်တိုက်တွေ၊ အနုပညာခန်းမတွေနဲ့ ပူးပေါင်းပြီး ဘက်ကင်ဟမ်ရှိုင်းယား ဒေသတစ်ဝှမ်း ပြပွဲပေါင်း နောက်ထပ် ၁၀၀ ကျော်လောက် ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

    “ဒီလိုပြပွဲမျိုး ခင်းကျင်းပြသရတဲ့အတွက် ကျွန်တော်တို့ဟာ တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ ကျွန်တော်တို့ ကျင်းပခဲ့သမျှထဲမှာ အကြီးဆုံးနဲ့ ရည်ရွယ်ချက်အကြီးမားဆုံး ပြပွဲတစ်ခုဖြစ်ပြီး တကယ့်ကို ကောင်းမွန်တဲ့ အရာတစ်ခုပါပဲ” လို့ ဘက်ကင်ဟမ်ရှိုင်းယားဒေသပြတိုက်ရဲ့ ဒါရိုက်တာဖြစ်သူ ရစ်ချက် ဒီ ပီယာက ပြောကြားခဲ့ပါတယ်။

    အခြားနေရာတွေမှာ ကျင်းပဖို့ရှိနေတဲ့ အစ္စလာမ့်အနုပညာလက်ရာပြပွဲတွေကို အသေးစိတ် ထုတ်ဖော်မပြောဆိုခဲ့ပေမယ့် စာသင်ကျောင်းလှုပ်ရှားမှုတွေ၊ ဆွေးနွေးမှုတွေ၊ ပန်းခြံမှာပြုလုပ်မယ့် လှုပ်ရှားမှုတွေနဲ့ အစ္စလာမ့်ပုံစံ ဖျော်ဖြေမှုတွေ ပါဝင်မှာဖြစ်ပါတယ်။

    Ref: IINA