News @ M-Media

Author: Ko Lay

  • အီးမေးလ်ကိုတီထွင်ခဲ့သူ အမေရိကန် ကွန်ပျူတာပညာရှင် ကွယ်လွန်

    အီးမေးလ်ကိုတီထွင်ခဲ့သူ အမေရိကန် ကွန်ပျူတာပညာရှင် ကွယ်လွန်

    မတ် ၈၊ ၂၀၁၆
    M-Media

    email

    – အီးမေးလ်ကို တီထွင်ခဲ့ပြီး အီးမေးလ်လိပ်စာများအတွက် @ သင်္ကေတကို ရွေးချယ်အသုံးပြုခဲ့သည့် နာမည်ကျော် နည်းပညာ ပညာရှင် ရေး တွမ်လီဆန်မှာ စနေနေ့က ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

    “နည်းပညာ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်တဲ့ ရေးဟာ ကွန်ပျူတာတွေ ချိတ်ဆက်အသုံးပြုတဲ့ အစောပိုင်းကာလမှာ ကျွန်တော်တို့ဆီ အီးမေးလ်ကို ဆောင်ကျဉ်းလာခဲ့သူ ဖြစ်ပါတယ်” ဟု ၎င်း၏ ပြာရေးဆိုခွင့်ရှိသူ မိုက် ဒိုဘလီက ရေး သေဆုံးကြောင်း အတည်ပြုသည့် ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

    အသက် ၇၄ နှစ်အရွယ်ရှိ ရေးမှာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ပရိုဂရမ်မာတစ်ယောက်ဖြစ်သူ ရေးမှာ ၁၉၇၁ ခုနှစ်က ကွန်ပျူတာကွန်ယက်တစ်ခုမှ အခြားကွန်ယက်တစ်ခုသို့ ပေးပို့နိုင်သော အီလက်ထရောနစ် စာပို့စနစ်ကို တီထွင်ခဲ့သူဖြစ်ပြီး အီးမေးလ်လိပ်စာများတွင် @ သင်္ကေတ ထည့်သွင်းအသုံးပြုမှုကိုလည်း ၎င်းကပင် စတင်ခဲ့သည်။

    ထို့ပြင် အင်တာနက်၏ အစောပိုင်း ပုံစံဖြစ်သော Arpanet စနစ် ဖော်ဆောင်ရာတွင်လည်း အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်သည်။

    Ref: IINA

  • နိုင်ငံခြားဘဏ်သစ် ၄ ခုကို မြန်မာက ထပ်မံလုပ်ကိုင်ခွင့်ပြု

    နိုင်ငံခြားဘဏ်သစ် ၄ ခုကို မြန်မာက ထပ်မံလုပ်ကိုင်ခွင့်ပြု

    မတ် ၈၊ ၂၀၁၆
    M-Media

    yangon

    – မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် နိုင်ငံခြား ဘဏ်သစ် ၄ ခုကို မြန်မာအစိုးရက ကနဦးခွင့်ပြုချက် ပေးလိုက်ပြီဟု သိရသည်။

    အဆိုပါဘဏ်များမှာ ဗီယက်နမ်မှ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ထိုင်ဝမ်မှ E.Sun ကုန်သွယ်ရေးဘဏ်၊ တောင်ကိုရီးယားမှ Shinhan ဘဏ်နှင့် အိန္ဒိယအစိုးရဘဏ်တို့ ဖြစ်ကြသည်ဟု ဗဟိုဘဏ်၏ ပြောကြားမှုကို ကိုးကား၍ Global News Light of Myanmar က တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ နိုင်ငံခြားဘဏ် ၁၃ ခုကို ဖွင့်လှစ်ခွင့်ပေးထားပြီး အချို့သာ ဖွင့်လှစ်နိုင်သေးကာ အများစုမှာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုညီမှုရှိစေရန် ဆောင်ရွက်နေသည့် အနေအထားတွင် ရှိနေသည်။

    ပြီးခဲ့သည့်နှစ် ဧပြီလက ဂျပန်နိုင်ငံမှ Tokyo-Mitsubishi UFJ (BTMU) မှာ မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြားဘဏ် ဖြစ်လာခဲ့ပြီး အခြား လုပ်ကိုင်ခွင့်ရသူများတွင် ဂျပန်မှ SMBC ဘဏ်၊ စင်ကာပူမှ OCBC ဘဏ်တို့ ပါဝင်သည်။

    Ref: Channelnewsasia

  • မြစ်ဆုံစီမံကိန်းပြဿနာ ပြေလည်ရန် ကြိုးစားနေသည်ဟု တရုတ်ပြော

    မြစ်ဆုံစီမံကိန်းပြဿနာ ပြေလည်ရန် ကြိုးစားနေသည်ဟု တရုတ်ပြော

    မတ် ၈၊ ၂၀၁၆
    M-Media

    မြစ်ဆုံရှိ မြင်ကွင်းတစ်ခု

    – မြန်မာပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားရသည့် မြစ်ဆုံစီမံကိန်း ပြဿနာကို ဖြေရှင်းရန်အတွက် မိမိတို့က ကြိုးပမ်းနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယနေ့တွင် ပြောကြားလိုက်ပြီး၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ ဦးဆောင်မည့် အစိုးရအပေါ် ယုံကြည်မှုရှိသည်ဟုလည်း ဆိုသည်။

    တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားပြီး ကန်ဒေါ်လာ ၃၆ ဘီလီယံ တန်ဖိုးရှိသည့် မြစ်ဆုံဆည် စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းခဲ့သည်။ အဆိုပါဆည်မှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား၏ ၉၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ သွားမည်ဖြစ်သည်။

    မြစ်ဆုံအပြင် ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့သော လက်ပံတောင်းကြေးနီစီမံကိန်း၊ မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်၍ သွယ်တန်းထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုင်းလိုင်းများ အပါအ၀င် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံက ဆောင်ရွက်မည့် အခြားသော စီမံကိန်းများမှာလည်း အငြင်းပွားဖွယ် ဖြစ်နေသည်။

    “မြစ်ဆုံဆည်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဖြစ်ပြီး၊ ခွင့်ပြုမိန့်အားလုံး ရပြီးပါပြီ။ ပူးပေါင်းဆောင်ရွက်မှုမှာ အခက်အခဲတွေရှိနေတာက အဖုအထစ်တွေကို မြင့်တက်စေပါတယ်။ နှစ်နိုင်ငံစလုံးဟာ ဒီအခြေအနေကို ဖေးဖေးမမနဲ့ ကောင်းကောင်းမွန်မွန် ဆက်လက်ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးဟာ အနာဂတ်မှာ အပြန်အလှန်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက တရုတ်ပါလီမန် နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    သို့သော်လည်း မြစ်ဆုံကိစ္စအား မည်သည့်အချိန်၌ မည်ကဲ့သို့ ဖြေရှင်းမည်ဆိုခြင်းကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

    တရုတ်နိုင်ငံမှာ ယခင် စစ်အာဏာရှင်အစိုးရနှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး ယခုအစိုးရသစ် လက်ထက်တွင်လည်း ဆက်ဆံရေးကို ပြောင်းလဲသွားမည်မဟုတ်ဟု ၀မ်ယီက ထည့်သွင်းပြောကြားခဲ့သည်။

    “အောင်ဆန်းစုကြည်နဲ့ သူဦးဆောင်တဲ့ NLD ဟာ အမြဲတမ်း တရုတ်နိုင်ငံနဲ့ နွေးထွေးတဲ့ဆက်ဆံရေး၊ အပြန်အလှန်နားလည်မှုရှိပြီး ယုံကြည်မှုကလည်း ဆက်လက် တိုးတက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ကျွန်တော်တို့မှာ ယုံကြည်မှု အပြည့်အ၀ ရှိပါတယ်”

    Ref: Reuters

  • အိန္ဒိယတွင် ဆင်းရဲဒုက္ခများကြောင့် လယ်သမားများ မိမိကိုယ်ကို သတ်သေမှု မြင့်တက်

    အိန္ဒိယတွင် ဆင်းရဲဒုက္ခများကြောင့် လယ်သမားများ မိမိကိုယ်ကို သတ်သေမှု မြင့်တက်

    မတ် ၈၊ ၂၀၁၆
    M-Media

    india farmar
    – အိန္ဒိယနိုင်ငံအလယ်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်တွင် လယ်ယာစိုက်ပျိုးရေး ပြဿနာများကြောင့် ပြီးခဲ့သည့်နှစ်အတွင်း မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည့် လယ်သမားအရေအတွက်မှာ စုစုပေါင်း ၃၂၂၈ ဦး ရှိခဲ့သည်ဟု အိန္ဒိယလယ်ယာစိုက်ပျိုးရေးဝန်ကြီး ရဒ်ဟာ မိုဟန်ဆင်းက ပြောကြားခဲ့သည်။

    လယ်သမားများ ရင်ဆိုင်နေရသည့် ပြဿနာများ ဖြေရှင်ရေး အစီအစဉ်များကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ဆောင်ရွက်ပေးနေသော်လည်း အိန္ဒိယနိုင်ငံတစ်ဝှမ်း လယ်သမားများ မိမိကိုယ်ကို သတ်သေမှုမှာ လျော့နည်းသွားခြင်း မရှိချေ။ မဟာရက်ရှ်ထရာပြည်နယ်တွင် သတ်သေသူ လယ်သမား သုံးထောင်ကျော်ခြင်းမှာ ၂၀၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးပမာဏလည်း ဖြစ်သည်။

    မဟာရက်ရှ်ထရာအပြင် ပြီးခဲ့သည့်နှစ်အတွင်း အော်ရန်ဂါဘဒ်တွင် ၁၁၃၀ ဦး၊ အမ်ရာဝါတီတွင် ၁၁၇၉ ဦး၊ နာရှစ်က်တွင် ၃၆၂ ဦး၊ ပူနီတွင် ၉၆ ဦးနှင် ကွန်ကန်တွင် ၂ ဦး စသဖြင့် လယ်သမားများမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြသည်။

    “သတ်သေမှု ၃၂၂၈ မှုမှာ ၁၈၄၁ မှုဟာ နစ်နာကြေးရပိုင်ခွင့် ရှိပါတယ်။ ၉၃၀ မှုကတော့ ရပိုင်ခွင့်မရှိပါဘူး။ ၄၈၄ မှုကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး၊ ၁၈၁၈ မှုအတွက် ကျန်ရစ်သူအမွေစားအမွေခံကို ရူမီး ၁ သိန်းစီ ပေးခဲ့ပါတယ်” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။

    လယ်သမားများ မိမိကိုယ်ကို သတ်သေမှုကို တားဆီးရန် အစီအစဉ်အများအပြားနှင့် မိုးခေါင်ရေရှားမှု အခြေအနေကို တွန်းလှန်ရန်အတွက် ရေတို၊ ရေရှည် ဆောင်ရွက်မှုများကို ပြုလုပ်နေသည်ဟု ဆင်းက ထပ်လောင်းပြောကြားခဲ့သည်။ ယခုနှစ်အတွက် မိုးခေါင်ရေရှားမှုပြဿနာကို ဖြေရှင်းရန်အတွက် ဗဟိုအစိုးရမှာ ရန်ပုံငွေ ရူပီး ၃၀၄၉.၃၆ ကုဋေ သတ်မှတ်ထားသည်ဟု ဆိုသည်။

    Ref: islamicnewsdaily

  • မိမိ၏တိုးတက်မှုအတွက် အဂူရိုကို စတာလင် ချီးကျူး

    မိမိ၏တိုးတက်မှုအတွက် အဂူရိုကို စတာလင် ချီးကျူး

    မတ် ၈၊ ၂၀၁၆
    M-Media

    sterling

    – ဂိုးရှေ့တွင် ကစားသမားကောင်းတစ်ယောက်ဖြစ်လာအောင် ကူညီပေးခဲ့သည့် အသင်းဖော် ဆာဂျီယိုအဂူရိုအား မန်စီးတီးတောင်ပံကစားသမား ရဟီမ်းစတာလင်က ချီးကျူးခဲ့ပြီး ယခုနှစ်တွင် ဂိုးများများသွင်းယူနိုင်ရန် ကြိုးစားသွားမည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် အက်စတွန်ဗီလာအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် စတာလင်မှာ ၁ ဂိုး သွင်းယူပေးခဲ့ပြီး ယခုရာသီ မန်စီးတီးအတွက် ၎င်း၏ ပရီးမီးယားလိဂ် ၁၁ ဂိုးမြောက်လည်းဖြစ်သည်။ ထိုအရေအတွက်မှာ လီဗာပူးလ်တွင် ၎င်းကစားစဉ်က တစ်ရာသီအတွင်း အမြင့်ဆုံးသွင်းယူထားခဲ့သည့် ဂိုးအရေအတွက်နှင့် တူညီခဲ့ခြင်းဖြစ်သည်။

    စတာလင်ကမူ ၎င်း၏ တိုးတက်မှုအတွက် အဂူရိုအား ချီးကျူးခဲ့သည်။

    “အဆုံးသတ်ပိုင်းအတွက် ကျွန်တော် ကြိုးစားနေပြီး၊ ဒါဟာ ကျွန်တော် တိုးတက်ချင်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ သိသာတာတစ်ခုက ကျွန်တော်တို့မှာ အဂူရိုလို ကစားသမားမျိုး ရှိတယ်။ သူဟာ ပွဲကို သုံးသပ်ပြီး တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်တဲ့ ကစားသမားမျိုးပါ။ ကျွန်တော့်ကိုလည်း သူက ကူညီပေးပါတယ်။ နေ့တိုင်းနေ့တိုင်း ကျွန်တော်ရဲ့ အရည်အသွေး တိုးတက်ဖို့ ကြိုးစားနေပြီး ဆက်လက်ကြိုးစားသွားနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်” ဟု စတာလင်က ပြောကြားခဲ့သည်။

    လက်ရှိတွင် လီဗာပူးလ်၌ ရရှိခဲ့သည့် တစ်ရာသီအမြင့်ဆုံး သွင်းဂိုးအရေအတွက်နှင့် တူညီသည့် အနေအထားကို ရရှိသော်လည်း ရှေ့ဆက်၍ ဂိုးများ ဆက်လက်သွင်းယူရန် ကြိုးစားသွားမည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal